လေထုအရည်အသွေးကောင်းမွန်ဖို့ ဘာကြောင့်အရေးကြီးလဲ

သွေး(စစ်ကိုင်း)

နေ့စဉ်နဲ့အမျှ ရှူသွင်းနေရတဲ့လေဟာ သန့်ရှင်းလတ်ဆက်မှုရှိမှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ သန့်ရှင်းတဲ့လေကို မရှူရတာ လေထုညစ်ညမ်း မှုနဲ့ ဆက်စပ်နေတဲ့ရောဂါတွေ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ နှစ်စဉ်သေဆုံးရသူအရေအတွက်ဟာ သန်းချီပြီးရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပြင်ပလေထုညစ်ညမ်းမှုနဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုတွေကြောင့် ကမ္ဘာ့လူဦးရေအများစုဟာ သန့် ရှင်းမှုမရှိတဲ့လေကို ရှူရှိုက်နေရတယ်လို့ ဖော်ပြထားပါတယ်။

ပြင်ပလေထု ညစ်ညမ်းမှုတွေဟာ စက်ရုံ၊ အလုပ်ရုံလည်ပတ်မှုကနေ ထွက်ပေါ် လာတဲ့မီးခိုးငွေ့တွေ၊ မော်တော်ကားတွေမောင်းနှင်ရာက ထွက်ပေါ်လာတဲ့အမှုန်အမွှားတွေကြောင့် ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုင်းခွဲရာကနေထွက်ပေါ်လာတဲ့ အမှုန်အမွှားတွေ၊ တောမီးလောင်ကျွမ်းရာကနေထွက်ပေါ်လာတဲ့ မီးခိုး‌ငွေ့တွေကြောင့်လည်း ပြင်ပလေထု ညစ်ညမ်းမှု ဖြစ်ရတာပါ။ PM လို့ခေါ် တဲ့ အမှုန်အမွှားတွေ၊ ကာဗွန် မိုနော့ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပါဝင်တာတွေကို ရှူရှိုက်မိရင် လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ မြို့ပြနဲ့ ကျေးလက်ဒေသနှိုင်းယှဉ်ကြည်မယ်ဆိုရင် မြို့ပြဟာပိုပြီး လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့ အလားအလာပိုများပါတယ်။ လူနေသိပ်သည်းတာကြောင့် အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်ရသူတွေဟာ လေကောင်းလေသန့် ရှူရှိုက်ခွင့်ရဖို့ အခွင့်အလမ်းနည်း ပါးပါတယ်။ မီးပျက်လို့ မီးသွေးသုံးပြီး ထမင်း၊ ဟင်းချက်ပြုတ်ရတာတွေကနေ အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပါတယ်။ ခြင်ကိုက်လို့ ခြင်ဆေးခွေထွန်းရတာကလည်း အိမ် တွင်းလေထုညစ်ညမ်းမှု ဖြစ်ပေါ်စေရုံသာမက ခြင်ဆေးခွေထွန်းရာကထွက်ပေါ် လာတဲ့ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်းဆိုင်ရာ ‌ရောဂါတွေကိုပါဖြစ်စေနိုင်လို့ သတိပြု သင့်ပါတယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ တိုက်ခန်းတွေမှာ ဆေးလိပ်လုံးဝ မသောက်သင့်ပါဘူး။ ဆေးလိပ်စီးကရက်သောက်သုံးရာက ထွက်ပေါ်လာတဲ့ ဆေးလိပ်ငွေ့ တွေဟာလည်း အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

ကိုဗစ် 19 ရောဂါနဲ့ လေထုညစ်ညမ်းမှုကြားမှာလည်း ဆက်စပ်မှုတွေရှိနေ‌ကြောင်း သုတေသနတွေအရ သိရပါတယ်။ လေထုညစ်ညမ်းမှုများပြားနေတဲ့ နေရာတွေမှာ ကိုဗစ် 19 ရောဂါဖြစ်ပွားမှု ပိုမြင့်တက်လာတဲ့ အနေအထားပါ။ ဒါကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုနည်းပါးတဲ့ အိမ်တွေမှာနေထိုင်သူတွေ၊ ပြင်ပလေထုညစ်ညမ်းမှုနဲ့ ထိတွေ့မှုနည်းပါးသူ တွေမှာ ကိုဗစ် 19 ရောဂါ ဖြစ်ပွားမယ့်အလားအလာ နည်းပါးနိုင်ပါတယ်။

သိပ်မကြာသေးမီကပဲ nature.com မှာဖတ်ရှုလိုက်ရတဲ့ ဆောင်းပါးတစ်ပုဒ်ထဲက တချို့အချက်တွေကို ပြန်ပြောချင်ပါတယ်။ ကိုဗစ် 19 ကို ဖြစ်ပေါ်စေတဲ့ဗိုင်းရပ်တွေဟာ များသော အားဖြင့် အိမ်တွင်းနေရာတွေမှာ ပျံ့နှံ့နေတယ်လို့ ဖော်ပြထားပါတယ်။ အဆောက်အဦတွေရဲ့ အတွင်းဘက်တွေမှာ လေထုအရည်အသွေးကောင်းမွန်ဖို့၊ စာသင်ကျောင်းတွေမှာ လေ ထုအရည်အသွေးကောင်းမွန်ဖို့၊ လေဝင်လေထွက်ကောင်းမွန်ဖို့ အရေးကြီးတယ်ဆိုတာကိုပါ မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။

လေထုအရည်အသွေးဟာလည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ဂေဟစနစ်တွေနဲ့ ဆက်နွယ်နေကြောင်း ပညာရှင်တွေကထောက်ပြပြောဆိုပါတယ်။ အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်တန်းစားနိုင်ငံတွေမှာ လေထုညစ်ညမ်းမှုနဲ့ ဆိုးကျိုးတွေပိုခံစားနေရတယ်လို့ ဆိုပါတယ်။ ပြင်ပလေထုညစ်ညမ်းမှုနဲ့ အိမ်တွင်းလေထုညစ်ညမ်းမှု တွေနဲ့ဆက်နွယ်ပြီး အရွယ်မတိုင်ခင်သေဆုံးနေရတဲ့ အရေအတွက်လည်း ကမ္ဘာတစ်ဝှမ်းလုံးမှာ နှစ်စဉ်လူဦးရေ (၇) သန်းအထိရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆားဘီးယားနိုင်ငံ၊ ဘဲဂရိတ်မြို့မှာ လေထုအရည်အသွေးကျဆင်းမှုနဲ့အတူ လေထုညစ်ညမ်းမှုဒဏ် ခံစားနေရတယ်လို့ TRT World သတင်းဌာနမှာ ဖော်ပြထားပါ တယ်။ အဲဒီလိုဖြစ်ရတာဟာ စက်ရုံ၊ အလုပ်ရုံတွေကထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေနဲ့အတူ ကားတွေကထုတ်လွှတ်တဲ့ အငွေ့တွေ၊ အအေးဒဏ်သက်သာဖို့ အိမ်တွင်းမှာ အနွေးဓာတ်ရဖို့ အတွက် ကျောက်မီးသွေးနဲ့ သစ်သားအသုံးပြုတာတွေကြောင့်ဖြစ်ပါသတဲ့။ နှစ်စဉ်နှစ်တိုင်း လူ(၉၀၀၀) ဟာ နာတာရှည် အဆုတ်ရောင်ရမ်းမှုနဲ့ ပန်းနာရင်ကျပ်ဝေဒနာတွေကို ခံစား နေရပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှုနဲ့ဆက်နွယ်နေတဲ့ရောဂါတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးရသူအရေအတွက်ဟာ နှစ်စဉ်တစ်သောင်းတစ်ထောင် ပတ်ဝန်းကျင်ရှိတယ် လို့ ဆိုပါတယ်။

ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာလည်း လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရတာပါ။ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားချက်အရ ချင်းမိုင်ဟာ လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေမှုနဲ့ တွေ့ ကြုံနေရတယ်လို့ သိရပါတယ်။ ချင်းမိုင်သာမက ထိုင်းနိုင်ငံ၊ လန်ပန်မြို့မှာလည်း လေထုထဲမှာရှိတဲ့ PM 2.5 အမှုန်အမွှားတွေ ဟာ WHO ကသတ်မှတ်ထားတဲ့အဆင့်ထက် ကျော်လွန်နေပါတယ်။ ဘန်ကောက်မြို့မှာဆိုရင်လည်း လေထုညစ်ညမ်းမှုနဲ့ဆက်နွယ်ပြီး မတ်လထဲမှာပဲ လူပေါင်းနှစ်သိန်းနီးပါး ဆေးရုံ တက်ခဲ့ရတယ်လို့ သိရပါတယ်။

လေထုညစ်ညမ်းမှု အနီရောင်အဆင့်ထိရှိရင် တော်တော်လေးစိုးရိမ်ရတဲ့အနေအထားဖြစ်ပါတယ်။ လေထုအရည်အသွေးညွှန်းကိန်း AQI လို့ခေါ်ပြီး AQI (၁၅၁) ကနေ (၂၀၀) အထိ ရှိနေရင် အနီရောင်အဆင့်ဖြစ်ပါတယ်။ ယနေ့ခေတ်သတင်းဌာနရဲ့ မတ်လ (၆) ရက်နေ့သတင်းမှာ ဖော်ပြထားချက်အရ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရဲ့ မြို့နယ်အချို့ မှာ အနီ‌ရောင်အဆင့် ထက်ကျော်လွန်နေတယ်လို့ အမေရိကန်သဘာဝပတ်ဝန်းကျင်အေဂျင်စီရဲ့ တိုင်းတာဖော်ပြမှုအရ သိရပါတယ်။ တချို့မြို့နယ်တွေမှာ AQI ၁၅၆၊ ၁၅၈ ကနေ ၁၈၄ အထိရှိနေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ထုတ်ပြန်ချက်မှာလည်း ရန်ကုန် မြို့မှာ လေထုထဲ အမှုန်အမွှားပါဝင်မှု စံသတ်မှတ်ချက်ထက် တစ်နှစ်အတွင်း ၁၁ ကြိမ်ကျော်လွန် ခဲ့ကြောင်း ဖော်ပြထားပါတယ်။

လေထုညစ်ညမ်းမှုနဲ့ဆက်နွယ်ပြီး ဘယ်လိုရောဂါတွေဖြစ်ပွားနိုင်လဲ လေ့လာကြည့်မယ်ဆိုရင် လေပြွန်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါတွေကနေ အဆုတ်ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေသင်တုန်းဖြတ်ခြင်းတွေပါဖြစ်နိုင်တာမို့ ပေါ့ပေါ့ ဆဆ သဘောမထားသင့်ပါဘူး။

လေထုညစ်ညမ်းမှုနဲ့ဆက်နွယ်ပြီး ဘယ်လိုရောဂါတွေဖြစ်ပွားနိုင်လဲ လေ့လာကြည့်မယ်ဆိုရင် လေပြွန်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါတွေကနေ အဆုတ်ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေသင်တုန်းဖြတ်ခြင်းတွေပါဖြစ်နိုင်တာမို့ ပေါ့ပေါ့ ဆဆ သဘောမထားသင့်ပါဘူး။ တစ်ဦးတစ်ယောက် ချင်းစီအနေနဲ့ လေထုညစ်ညမ်းမှုလျော့ကျစေဖို့ လုပ်ဆောင်မှုမှာ ပါဝင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

အပြင်ထွက်ရင် ကိုယ်ပိုင်ကားရှိရင်တောင် သိပ်မဝေးတဲ့နေရာတွေကို လမ်းလျှောက်သွားတာ ဒါမှမဟုတ် စက်ဘီးစီးတာက ကောင်းမွန်ပါတယ်။ အိမ်တွင်းလေထုသန့်စင်စေတဲ့ သစ် ပင်တွေကို စိုက်ပျိုးတာကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ခြင်ဆေးခွေထွန်းတာ၊ အိမ်ထဲမှာဆေးလိပ်သောက်တာတွေကို ရှောင်ရှားရပါတယ်။ သဘာဝနည်းနဲ့ ခြင်ပြေးတဲ့နည်းလမ်း တွေ အသုံးပြုတာက ခြင်ဆေးခွေထွန်းတာထက် ပိုမိုကောင်းမွန်ပါတယ်။

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မှသာ ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်မှာဖြစ်လို့ လေထုအရည်အသွေး ကောင်းမွန်ရေးအတွက် သစ်တောပြုစုပျိုးထောင်ရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး၊ ရာသီဥတုဖောက်ပြန်မှုတိုက်ဖျက်ရေးတွေကို သက်ဆိုင်ရာနိုင်ငံအားလုံးက ဝိုင်းဝန်းလုပ်ဆောင်သွားရမှာလည်း ဖြစ်ပါတယ်။

သွေး (စစ်ကိုင်း)

Photo: niehs.nih.gov

လေထုအရည်အသွေးကောင်းမွန်ဖို့ ဘာကြောင့်အရေးကြီးလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.