ရန်ကုန်၊ နိုဝင်ဘာ ၁၇
မန္တလေးတိုင်း၊ လမ်း ၃၀၊ ၇၂ နှင့် ၇၃ လမ်းကြား၊ မင်္ဂလာဈေးဟောင်းမြောက်ဘက်ရှိ အောင်မိသားစုရွှေဆိုင်တွင် ယနေ့ နံနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၁၀ နာရီခွဲဝန်းကျင်က လမ်း ၃၀၊ ၇၂ နှင့် ၇၃ လမ်းကြားတွင် ဖွင့်လှစ်ထားသည့် အောင်မိသားစုရွှေဆိုင်ကို ကားအဖြူရောင်တစ်စီးဖြင့် လူလေးဦးက သေနတ်နှစ်လက်ဖြင့် လာရောက်ကာ ဆိုင်တွင်းရှိ ပစ္စည်းများအားလုံးကို လုယက်ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။
“ သူတို့ ကြိုတင်စီစဉ်ထားတာပါ။ ကားနဲ့လာ တာမိနစ်ပိုင်းတွင်းကို အကုန်ယူသွားတာ။ သေနတ်နဲ့ လူနဲ့ ဘယ်လိုမှမမျှဘူး။ ငါးယောက်ပါ၊ ကားမောင်းတစ်ယောက်၊ ထွက်လာတာ လေးယောက်၊ သေနတ်က နှစ်လက်ပါ၊ ခေါင်းစွပ်အမဲအပြည့်စုံ အသားမပေါ်အောင်ကို ဝတ်ထားတာပါ။ ကောင်တာအကာတွေခွဲ၊ မှန်တွေခွဲ၊ ဆိုင်ထဲအထိဝင်ပြီး ဗန်းလိုက်တွေ မိုးကာအိတ်အစိမ်းထဲ အကုန်ထည့်သွားတာပါ၊ ကျည်ခွံတစ်ခု၊ ကျည်ဆံတစ်ခုကျန်ခဲ့တယ်။” ဟု ဆိုင်မှတာဝန်ရှိသူက ယနေ့ခေတ်သို့ ပြောသည်။
ထိုဓားပြတိုက် လုယက်မှုဖြစ်စဥ်တွင် ဆိုင်ဝန်ထမ်းများက ပြန်လည်ခုခံခဲ့သော်လည်း တားဆီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဆိုင်အတွင်းမှ စိန်ထည်နှင့် ရွှေထည်များစွာ အားလုံးယူဆောင်သွားခြင်းခံရပြီး ကာလတန်ဖိုးအားဖြင့် ခန့်မှန်းခြေ သိန်းတစ်သောင်းကျော်ခန့်ရှိကြောင်း အောင်မိသားစုရွှေဆိုင်မှ သိရသည်။
အောင်မိသားစုရွှေဆိုင် ဖွင်လှစ်ထားသည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၈၄ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားရှိ ပေါ်ဦးရွှေဆိုင်မှ ကာလတန်ဖိုး ကျပ်သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
မန္တလေး အောင်မိသားစုရွှေဆိုင်မှ ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုး ရတနာပစ္စည်းများ ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်