ရန်ကုန်-မြိတ် ရေယာဉ်ခရီးစဥ်များပြန်လည်ပြေးဆွဲရန် စီစဉ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရန်ကုန်-မြိတ် ခရီးစဉ်များကို ရေလမ်းမှသွားလာနိုင်ရေးအတွက် ရေယာဉ်များ ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းရှိ ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များထံမှ သိရ သည်။

ယခင်က ရန်ကုန်-မြိတ် ခရီးစဉ်ကို ကုန်းလမ်းနှင့် လေကြောင်းကို အသုံးများသဖြင့် ရေကြောင်းမှ ရေယာဉ်ပြေးဆွဲခြင်းကို ရပ်နားထားပြီး၊ ယခုအချိန်တွင် ရေး-မြိတ်-ထားဝယ် ကုန်းလမ်းတစ်လျှောက်တွင် မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသည်များ လုံခြုံမှုမရှိသောကြောင့် လေကြောင်းလိုင်းကိုသာ အသုံးပြုနေရသဖြင့် ယခုလို ရေကြောင်း ခရီးစဉ် ပြေးဆွဲနိုင်ရေး စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဘက်မှာက မြိတ်ကနေ ရန်ကုန်ကို ကုန်းလမ်းကနေသွားရင် ခရီးသည်တွေအတွက် အန္တရာယ်များတယ်။ တိုက်ပွဲတွေက ခဏခဏဖြစ်နေတာ။ လေယာဉ်နဲ့သွားရင်လည်း လေ ယာဉ်လက်မှတ်က အလွယ်တကူဝယ်မရဘူး။ ငွေလည်းပိုကုန်တယ်။ ဒါကြောင့် ရေလမ်းခရီးစဉ် သွားလာနိုင်ဖို့ ရေယာဉ်တွေပြန်ဆွဲပေးဖို့ သင်္ဘောလုပ်ငန်းရှင်တွေ တိုင်ပင်ပြီးတော့ သက်ဆိုင်ရာဌာနတွေကို တင်ပြထားတယ်။ ခွင့်ပြုတာနဲ့ စပြေးဆွဲပေးမှာပါ။” ဟု မြိတ်မြို့မှ သင်္ဘောလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်-မြိတ် ရေကြောင်းခရီးစဉ်ကို ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားပြီး မြိတ်မြို့မှ ရန်ကုန်သို့ ကြာချိန် ၁၁ နာရီကျော်ခန့် ရှိမည်ဖြစ်ပြီး၊ မြိတ်မြို့မှ နံနက် ၆ နာရီထွက်ပါက ရန်ကုန်သို့ ညနေ ၅ နာရီကျော်ခန့်တွင် ရောက်ရှိမည်ဖြစ်သည်။ ခရီးသည် ၃၀၀ ဦးအထိ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လေယာဉ်လက်မှတ်ဝယ်ယူရန် ခက်ခဲနေပြီး လေယာဉ်လက်မှတ် ဈေးနှုန်းများမှာ ကော့သောင်း-ရန်ကုန် ၄၄၈,၀၀၀ ကျပ်၊ မြိတ်-ကော့သောင်း ၁၉၀,၀၀၀ ကျပ်၊ မြိတ်-ရန်ကုန် ၂၇၈,၀၀၀ ကျပ် အသီးသီးဖြစ်ကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – moi

#ယနေ့ခေတ်

ရန်ကုန်-မြိတ် ရေယာဉ်ခရီးစဥ်များပြန်လည်ပြေးဆွဲရန် စီစဉ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.