တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးရှိ စစ်ဘေးရှောင်များ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခံရ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်ရှိ တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို ယမန်နေ့က တရုတ်နိုင်ငံဘက်မှ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့သည်ဆိုသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

စစ်ရှောင်များမှာ တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးရှိ ခြံစည်းရိုးဘေးသို့ရောက်ရှိစဉ် တရုတ်ဘက်မှ မျက်ရည်ယိုဗုံးဖြင့်ပစ်ခတ်ခဲ့၍ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် စစ်ဘေးရှောင်ဆယ်ချီ၍ မျက်ရည်ယိုဗုံးဒဏ် ခံစားခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များမှာ နယ်စပ်မျဉ်းအနီးရှိ BP – 127 စစ်ရှောင်စခန်းတွင်နေထိုင်သည့် ကိုးကန့်လူမျိုးများဖြစ်ကြောင်း၊ စစ်ရှောင်စခန်းသို့ လက်နက်ကြီးကျည် ကျမည်ကိုစိုး ရိမ်၍ ယမန်နေ့ နေ့လည်က နယ်စပ်မျဉ်းအနီး သွားရောက်နေထိုင်ရာမှ တရုတ်နိုင်ငံဘက်ခြမ်းက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ကာ ခြောက်လန့်နှင်ထုတ်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ပြောကြားသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံနေသည့် ဗီဒီယိုဖိုင်၌ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသားအများစုပါဝင်သည့် လူအုပ်စုတစ်စုသည် ၎င်းတို့၏ တကိုယ်ရေစာပစ္စည်းများကို သယ်ဆောင်ကာ နယ်စပ်မျဉ်းအနီး သွားလာနေစဉ် တရုတ်နိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် မျက်ရည်ယိုဗုံး ပြုတ်ကျလာခဲ့ကြောင်း တွေ့ရသည်။

ထိုမျက်ရည်ယိုဗုံးမှထွက်သည့် မီးခိုးငွေ့များကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အသက်ရှုကျပ်သည့် ဝေဒနာခံစားရ၍ ငိုယိုလျက်ရှိနေကြကာ၊ အမျိုးသားများမှာ နှာခေါင်းများပိတ်ထားလျက် ရှေ့ဆက်မသွားရန် ပြောဆိုလျက်ရှိသည်ကို အဆိုပါဗီဒီယိုဖိုင်တွင် တွေ့ရသည်။

အဆိုပါဗီဒီယိုဖိုင်အရ တရုတ်နိုင်ငံဘက်မှ မျက်ရည်ယိုဗုံးဖြင့် စစ်ဘေးရှောင်များအား ပစ်ခတ်ခဲ့ကြောင်း ပြောဆိုမှုများရှိနေသာ်လည်း ယနေ့ခေတ်အနေဖြင့် ဖြစ်စဉ်အပေါ် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

တရုတ်-မြန်မာနယ်စပ်အနီးရှိ လောက်ကိုင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း သုံးခုထက်မနည်းဖွင့်လှစ်ထားပြီး ဒေသခံသုံးသောင်းကျော် စစ်ဘေးတိမ်းရှောင်လျက်ရှိသည်။

နိုဝင်ဘာ ၁၆ ရက်က လောက်ကိုင်၌ မိုးသည်းထန်စွာရွာသွန်း၍ ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်နေသည့် BP- 125 စစ်ရှောင်စခန်းတွင် ရေကြီးရေလျှံမှုဖြစ်ပွား၍ စစ်ဘေး ရှောင်များ နေထိုင်ရခက်ခဲခဲ့ပြီး၊ နိုဝင်ဘာ ၂၂ ရက်ကလည်း စစ်ဘေးတိမ်းရှောင်သူများ စီးနင်းလာသော မော်တော်ယာဉ်အား လက်နက်ကြီးထိမှန်၍ စစ်ရှောင်ကိုးဦးထက်မနည်း သေဆုံးခဲ့သည်။

လတ်တလောတွင် လက်နက်ကိုင်ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ဝင်သိမ်းတော့မည်ဟု ကြေညာထားပြီး အဆိုပါဒေသတွင် စစ်ရေးတင်းမာလျက်ရှိနေကာ တိုက်ပွဲများနေ့စဉ် နီးပါး ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ – လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်အတွင်းမှ ရုပ်ပုံများ

#ယနေ့ခေတ်

တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီးရှိ စစ်ဘေးရှောင်များ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခံရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.