ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသည့် အခြေခံစပါးရည်ညွှန်းဈေးဖြင့် စပါးစိုက်ပျိုးသည့်တောင်သူများ မရောင်းချနိုင်ကြောင်း ဧရာဝတီတိုင်း စပါးစိုက်ပျိုး သည့် တောင်သူများထံမှ သိရသည်။
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများ အတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စပါးတစ်တင်း ၄၆ ပေါင် ကိုက် စပါးတင်း ၁၀၀ ၏ ဈေးနှုန်းကို ကျပ် ၇၅၀,၀၀၀ ဖြင့်အရောင်းအဝယ်ပြု လုပ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အောက်တိုဘာလ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“သူတို့သတ်မှတ်လိုက်တဲ့ဈေးနဲ့ ဘယ်ရောင်းလို့ရမလဲ။ မိုးတွင်းက စိုက်ထားတဲ့ စပါးတစ်ဧကရဲ့ ကုန်ကျစရိတ်က ရှစ်သိန်းလောက်ရှိတယ်။ လယ်ထွန်ဖို့အတွက် ကျွဲမရှိရင် ကျွဲငှားရတဲ့စရိတ်ရှိတယ်။ စက်နဲ့ထွန်ရင်လဲ ဒီဇယ်ကဈေးကြီးတယ်။ နောက်ပြီး မြေဩဇာ၊ ပေါင်းသတ်ဆေး အကုန်လုံးက ဈေးတွေမြင့်လာတယ်။ မျိုးစပါးလဲ ဈေးကြီးတယ်။ အခုက စပါးပေါ်ချိန်ဆိုတော့ ကွင်းထဲကစပါးတွေ ကဲ့ဖို့အတွက် လုပ်သားကလဲ ရှားလာတယ်။” ဟု ပဲခူးတိုင်းတွင် စပါးစိုက်သည့် တောင်သူတစ်ဦးက ပြောသည်။
လက်ရှိ ထွက်ပေါ်လာသည့် နွေစပါး မနောသုခ တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်း မှ ၁၅ သိန်းဝန်းကျင် ပေါက်ဈေးရှိနေပြီး၊ ဧရာဝတီတိုင်းမှ ထွက်ရှိသည့် စပါး အဟောင်း တင်း ၁၀၀ လျှင် ကျပ်သိန်း ၃၀ ဝန်းကျင်၊ အထက်ရွှေဘိုဘက်မှထွက်ရှိသည့် ပေါ်ဆန်းစပါးအဟောင်း တင်း ၁၀၀ လျှင် ကျပ်သိန်း ၄၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။
ဈေးကွက်ပေါက်ဈေးသည် အခြေခံစပါး ရည်ညွှန်းဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးပေါက်ဈေးထက် နိမ့်ကျနေပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရန်ဖြစ်ပြီး ယခုသတ်မှတ်ထားသည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သည် ၂၀၂၃ ခုနှစ်၊ မိုးစပါးနှင့် ၂၀၁၄ ခုနှစ်၊ နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – အောင်သူရိန်
ဓာတ်ပုံ – ဆန်စပါးရောင်းဝယ်ရေး လူမှုကွန်ရက်
ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသည့် အခြေခံစပါးရည်ညွှန်းဈေးဖြင့် တောင်သူများ မရောင်းချနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်