သွေး (စစ်ကိုင်း)
အခုရက်ပိုင်းအတွင်း လူတိုင်းလိုလိုရဲ့ နှုတ်ဖျားကနေ “ ပူလိုက်တာ…” ဆိုတဲ့စကားတွေ ကြားနေရပါတယ်။ ရာသီဥတုက သိသိသာသာ ပူပြင်းလာရုံသာမက လျှပ်စစ်မီးက မကြာခဏပြတ်တောက်မှုတွေ ရှိနေတဲ့အတွက် ပြည်သူတွေဟာ အပူဒဏ်ကို ရတဲ့နည်းလမ်းတွေနဲ့ အန်တုနေရတာပါ။ အပြင်ထွက်ပြီး ဝမ်းရေးအတွက် အလုပ်လုပ်သူတွေဟာ အပူဒဏ်ကို သိသိသာသာခံစားရသလို သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအတွက်လည်း ကျန်းမာရေးစိန်ခေါ်မှုတစ်ခု ဖြစ်လာနေပါတယ်။
အရင်နှစ်တွေကထက်ပိုပြီး ပူပြင်းတဲ့ရာသီဥတုနဲ့ တွေ့ကြုံနေရတာက “အယ်လ်နီညို” ရာသီဥတုဖြစ်စဉ်ကြောင့်ပါ။ ပညာရှင်တွေက မြန်မာနိုင်ငံဟာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ ကြုံတွေ့ရနိုင်ကြောင်း အစောပိုင်းကတည်းက သတိပေးပြောကြားထားပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လဆန်းပိုင်းအထိ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်က ဆက်ရှိနေနိုင်တယ်လို့လည်း ဆိုပါတယ်။ မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်တွေ မြင့်တက်နေတာ၊ မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်မဟုတ်တာ၊ မိုးခေါင်ရေရှားတာ စတဲ့အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဒီကာလမှာ မကြာခဏပေါ်ပေါက်တတ်ပါတယ်။
ရာသီဥတုပြောင်းလဲမှု (Climate Change) နဲ့ အယ်လ်နီညို၊ လာနီညာရာသီဥတုဖြစ်တွေ ဆက်စပ်နေပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အယ်လ်နီညိုဖြစ်စဉ်ကို ပိုပြီးအားကောင်းလာစေတယ်လို့ သုတေသနပြုချက်တွေကညွှန်းပါတယ်။ လူသားတွေရဲ့ ပယောဂကြောင့်ဖြစ်လာတဲ့ ကမ္ဘာကြီးပူနွေးလာမှုကနေ အယ်လ်နီညိုဖြစ်စဉ်အပေါ် သက်ရောက် နေတယ်၊ ရုပ်ကြွင်းလောင်စာတွေအသုံးပြုမှု၊ သစ်တောပြုန်းတီးမှု၊ စက်မှုလုပ်ငန်းတွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးမှုဖြစ်စေဖို့ ပိုမိုတွန်းအားပေးနေတယ်လို့ yale.edu မှာဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
Le Monde သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်တွေကြောင့် ပင်လယ်ရေမျက်နှာပြင် ပိုမြင့်တက်လာရကြောင်း အမေရိကန်အာကာသအေဂျင်စီ (NASA) က ပြောကြားထားတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ပျမ်းမျှပင်လယ်မျက်နှာပြင် (သုညဒသမ ၇၆ စင်တီ မီတာအထိ မြင့်တက်ခဲ့တယ်လို့ NASA က မတ် ၂၁ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ချီလီနိုင်ငံမှာဆိုရင် အလွန်အကျွံ ပူပြင်းခြောက်သွေ့မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ တောမီးလောင်ကျွမ်းမှုတွေဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။
အာဖရိကတိုက်မှာ မိုးခေါင်ရေရှားမှုတွေ ဆက်လက်ဖြစ်ပေါ်နေသလို အာရှနိုင်ငံတွေမှာလည်း အပူချိန်ဟာ ဆက်လက်မြင့်တက်နေဆဲပါ။ ရာသီဥတုပူပြင်းမှုနဲ့အတူ Ultra Violet လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ ဆိုးကျိုးကိုပါ အထူးသတိပြုရမှာဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အဆင့် (သုညကနေ ၃ အထိ) ပြင်းအားနည်း၊ အဆင့် (၄ ကနေ ၇ အထိ) ပြင်း အားအသင့်အတင့်၊ အဆင့် (၈ ကနေ ၁၁ အထိ) ပြင်းအားမြင့်လို့ သတ်မှတ်ထားကြောင်း မိုးလေဝသပညာရှင်ဆရာကြီး ဦးထွန်းလွင်ရဲ့ “ခရမ်းလွန်ရောင်ခြည်ဆိုတဲ့ အာကာသထဲက ဝင်လာတဲ့ သဘာဝဘေးသစ်တစ်ခု” ဆောင်းပါး (အောင် ပင်လယ် လူမှုဝန်းကျင် မဂ္ဂဇင်း၊ အတွဲ ၆၊ အမှတ် ၃၄) မှာ ဖော်ပြထားပါတယ်။
ခရမ်းလွန်ရောင်ခြည်တွေ မြင့်တက်နေပေမဲ့ အခြေခံလူတန်းစားတွေကတော့ စားဝတ်နေရေးအတွက် နေပူထဲမှာ ရုန်း ကန်လှုပ်ရှားနေကြရတာကို တွေ့ရပါတယ်။ လှိုင်မြို့နယ်မှာနေထိုင်တဲ့ မဖြူဖြူက ၃၈ လမ်းဈေးမှာ အသီးအရွက် ရောင်းချသူတစ်ယောက်ဖြစ်ပြီး နေပူအပူဒဏ်ကို ဘယ်လိုအန်တုနေရသလဲဆိုတာ အခုလိုပြောပြပါတယ်။
“အသီးအရွက်လေးရောင်းမှ ဝင်ငွေလေးရမှာဆိုတော့ အိမ်မှာနားနေလို့လည်း မရဘူးလေ။ နေကလည်း တအားကိုပူတာဆိုတော့ ဦးထုပ်ဆောင်းထားရတယ်။ တစ်ချက်တစ်ချက် မျက်လုံးတွေတောင် ပြာဝေသွားသလို ခံစားရတယ်။ အိမ်ပြန်ရောက်ရင် ဓာတ်ဆားရည်လေးဘာလေး သောက်ရတာပေါ့။”
တာမွေမြို့နယ်မှာနေထိုင်တဲ့ မမို့မို့ဝင်းကလည်း နေပူဒဏ်နဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ အခက်အခဲကိုပြောပြပါတယ်။ “အပြင်ထွက်ပြီဆိုတာနဲ့ ထီးနဲ့ရေဘူးဆောင်ရတယ်။ နေပူက ဘယ်လောက်ပြင်းသလဲဆိုရင် ထီးဆောင်းထားရင်တောင် ခြေထောက်ကပူနေတာမျိုး၊ ဝန်းကျင်က အပူငွေ့ဟပ်တာမျိုးတွေခံစားရတယ်။ ဒီကြားထဲ မီးကမမှန်တော့ ချက်ရ ပြုတ်ရတာလည်း အဆင်မပြေဘူး။ ညဘက်ဆို မီးပျက်သွားရင် တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပူအိုက်မွန်းလှောင်နေတာပဲ။”
ကျန်းမာရေးဝန်ကြီးဌာနကလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ်နဲ့ပတ်သက်ပြီး အသိပေးထုတ်ပြန်ထားပါတယ်။ ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျနိုင်တဲ့ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။ ထီး၊ ဦးထုပ် စတာတွေဆောင်းဖို့၊ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်တဲ့ ချည်သားထူထူပွပွ အဝတ်အထည်တွေဝတ်ဆင်ဖို့၊ ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တပ်ဆင်ဖို့တွေ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေမှာ နေ့အပူချိန်တွေ စံချိန်တင်မြင့်တက်နေလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပူဒဏ်ခံစားနေရတယ်လို့ ဆိုရမှာပါ။ ငွေကြေးတတ်နိုင်သူ လူတန်းစားတွေက အပူဒဏ်သက်သာအောင် အဲကွန်းလေအေးပေးစက်တွေနဲ့နေနိုင်ပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ယပ်ခတ်နေရုံပဲ တတ်နိုင်ပါတယ်။ ပန်ကာဖွင့်ဖို့အတွက် မီးမှန်မှန်မရရှိတဲ့အခါ အပူဒဏ်ကို ခါးစည်းခံနေရတော့တာပါပဲ။
ဒီဆောင်းပါးရေးနေချိန် ဧပြီလ ၇ ရက်နေ့၊ နေ့အပူအချိန်မြင့်တက်မှုက ချောက်မြို့မှာ ၄၇ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးနဲ့ မကွေးမြို့တွေမှာ ၄၅ ဒီဂရီဆဲလ်စီးယပ်အထိရှိတယ် သိရပါတယ်။ ဧပြီလ ၆ ရက်နေ့ကဆိုရင် မကွေးတိုင်း၊ ချောက်မြို့ မှာ နေ့အပူချိန်က ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်နဲ့ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ဖို့ တိုက်တွန်းထားရာမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဧပြီလအတွင်း ပူပြင်းလွန်းတဲ့ အပူဒဏ်ကြောင့် မူးလဲကျတဲ့အထိ၊ သတိလစ်တဲ့အထိ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၃ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ရန်ကုန်ဘူတာကြီးအနီးက ဘတ်စ်ကားမှတ်တိုင်မှာ အမျိုးသားတစ်ယောက်မူးလဲလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ လင်းလက် လူမှုကူညီရေးအဖွဲ့က ဆိုပါတယ်။ ဧပြီ ၄ ရက်နေ့ကလည်း အလုံမြို့နယ်မှာ အပူဒဏ်ကြောင့် သတိလစ်နေသူတစ်ဦးကို ရှေးဦးသူနာပြုစုပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရကြောင်း အလုံမြို့နယ် ကြက်ခြေနီအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧပြီ ၉ ရက်နေ့ကလည်း မန္တလေးမြို့မှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတစ်ဦး အပူချိန်မြင့်တက်မှုကြောင့် မူးလဲကျသွားပြီး လူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရာမှာ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အပူဒဏ်ကြောင့် ရေဓာတ်ခန်းခြောက်မှုမဖြစ်စေဖို့လည်း အထူးဂရုစိုက်ရမှာပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက်သွားရင် သတိလစ် မူးမေ့တာကနေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် ရေများများသောက်ပေးရမှာဖြစ်ပါတယ်။ သို့ပေမဲ့ ရေခဲရေကိုရှောင်သင့်ပြီး၊ ရိုးရိုးရေ ဒါမှမဟုတ် ရေနွေးကြမ်းသောက်ပေးတာ သင့်တော်ပါတယ်။ အပြင်ကပြန် လာတာနဲ့ ချက်ချင်းပဲ အဲကွန်းခန်းထဲကို ဝင်ရောက်တာမျိုး မလုပ်သင့်သလို ရေခဲသောက်တာ၊ ရေတန်းချိုးတာမျိုးလည်း မလုပ်သင့်ပါဘူး။ နောက်ပြီး အဲကွန်းဖွင့်ပြီး မော်တော်ကားစီးနင်းလာတဲ့အခါ ရုတ်တရက်ချက်ချင်း တံခါးဖွင့်ဆင်းသက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ အအေးနဲ့အပူ ရုတ်တရက်ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က အပူချိန်ထိန်းညှိမပေးနိုင်ဘဲ Shock ဖြစ်တတ်လို့ ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ မြန်မာ့ရိုးရာသနပ်ခါးကို အပူဒဏ်ကာကွယ်တဲ့အနေနဲ့ လိမ်းပေးတာ၊ ကရမက် သွေးလိမ်းတာလည်း ကောင်းမွန်ပါတယ်။ အရိပ်အာဝါသကောင်းတဲ့ အပင်တွေအောက်မှာ နားခိုတာကလည်း အပူဒဏ်ကိုလျော့ကျစေမှာပါ။
မြန်မာနိုင်ငံသာမက တခြားအာရှနိုင်ငံတွေမှာပါ အပူချိန်တွေမြင့်တက်နေလို့ ဖိလစ်ပိုင်နိုင်ငံမှာ စာသင်ကျောင်း ရာချီပြီးပိတ်ထားရပါတယ်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်မှုတွေက ဇွန်လပိုင်းအထိ ဆက်ရှိနေဦးမှာဖြစ်လို့ လူတိုင်းအနေနဲ့ အပူဒဏ်ကို ပေါ့ပေါ့ဆဆ သဘောထားလို့မရပါဘူး။ အထူးသဖြင့် ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ အပူဒဏ်သက်သာစေတဲ့ နည်းလမ်းတွေနဲ့ နေထိုင်သင့်ပါတယ်။ မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်ကြရသူတွေအနေနဲ့လည်း ထီး၊ ဦးထုပ်နဲ့ ရေဘူးပါဆောင်ထားပြီး အရောင်ဖျော့ဖျော့ ချည်ထည်ပွပွအဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။ အပူဒဏ်ကြောင့် ဝေဒနာခံစားနေရသူကို ဓာတ်ဆားရည်တိုက်ရမှာဖြစ်သလို ရေကိုလုံလုံလောက် လောက် သောက်သုံးစေရမှာ ဖြစ်ပါတယ်။
အပူဒဏ်လျော့ကျဖို့၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ အစွန်းရောက်ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် သစ်ပင်တွေပိုမိုစိုက်ပျိုးသွားရမှာဖြစ်သလို၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကိုလည်း အတတ်နိုင်ဆုံးအထိ လျှော့ချသုံးစွဲသွားရမှာပါ။ ပြည်သူတစ်ဦးချင်းအနေနဲ့လည်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်က ဇွန်လပိုင်းအထိ ဆက်ရှိနေနိုင်တာကြောင့် မိမိတို့ကျန်းမာ ရေးအတွက် ‘မမေ့မလျော့သော အသိ’၊ ‘မပေါ့မဆသော သတိ’ နဲ့ အလေးဂရုပြုနေထိုင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
ဓာတ်ပုံ- ယနေ့ခေတ်
အပူဒဏ်အန္တရာယ်… မပေါ့ဆပါနဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်