ရန်ကုန် ၊ နိုဝင်ဘာ ၇
အမေရိကန်အစိုးရက MOGE အပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော်လည်း MOGE နှင့် PTEEP တို့သည် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ထိုင်းအစိုးရပိုင် PTTEP က ထုတ်ဖော်ပြောကြားသည်။
MOGE ၏ အဓိကမိတ်ဖက်ပါတနာဖြစ်သူ ထိုင်းအော်ပရေတာက ဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် စွမ်းအင်လုံခြုံးရေးအတွက် အနှောင့်အယှက်ကင်းကင်းနှင့် ထိန်းသိမ်းရန် သတိကြီးကြီး ထား၍ လှုပ်ရှားနေကြောင်း ကမ္ဘာ့လုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ အကြောင်းအရာများတင်ဆက်သည့် Upstram.com တွင် ဖော်ပြထားသည်။
PTTEP အနေဖြင့် MOGE အပေါ် အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၎င်း၏ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေး စာချုပ်နှစ်ခုကို PTTEP အနေဖြင့် သက်တမ်းတိုးရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။
“ အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပေမယ့်လည်း PTTEP နဲ့ က ဆက်လုပ်နေတယ်။ သူ့ရဲ့အရေးယူပိတ်ဆို့မှုက ဘယ်လောက်ထိအရေးပါလဲ၊ သက်ရောက်မှုရှိနိုင် လဲဆိုတာ စောင့်ကြည့်မှသိမယ်။ ထိခိုက်မှုတော့ ရှိလာနိုင်တယ်။” ဟု MOGE မှ အငြိမ်းစားအရာရှိတစ်ဦးက ယနေ့ခေတ်သို့ သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလက နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနေသည့် နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၏ ဘဏ္ဍာရေးဝန်ဆောင်မှုအပေါ် အမေရိကန်မှ ပထမဆုံး ပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားခြင်းဖြစ်သည်။
ယခုအရေးယူပိတ်ဆို့မှုသည် လာမည့်ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်၍ အသက်ဝင်မည်ဖြစ်ကာ ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသော ငွေကြေးဝန်ဆောင်မှုပေးခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
အမေရိကန်ပိတ်ဆို့သော်လည်း MOGE နှင့် PTEEP လုပ်ငန်းများ ဆက်လုပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်