သျှမ်းတို့၏ ရှေးဟောင်းမြို့ရိုးကို TNLA က ဖျက်စီးသည့်လုပ်ရပ်အား သျှမ်းအရပ်ဖက် အဖွဲ့အစည်းများ ကန့်ကွက်

ရန်ကုန်၊ ဩဂုတ် ၁၇

သျှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စယ်လန့်ကျေးရွာအုပ်စု၊ မန်ထမ်ကျေးရွားရှိ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးသည့် လုပ်ရပ်အား သျှမ်းအရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ဩဂုတ်လ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့်ကြေညာချက်အရ သိရသည်။

(သျှမ်းအင်ပါယာ) သျှမ်းဧကရာဇ်မင်းကြီး စဝ်ဆေခန်ဖလက်ထက်က တည်ဆောက်ထားခဲ့သည့် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက ဘူဒိုဇာဖြင့် ဖြိုချ ဖျက်ဆီးခြင်းကို ပြင်းထန်စွာရှုတ်ချကန့်ကွက်ကြောင်းနှင့် ထိရောက်စွာအရေးယူပေးပါရန် ပြည်တွင်း၊ ပြည်ပရှိ သျှမ်းလူမျိုး ရဟန်း၊ သံဃာများနှင့် သျှမ်းအရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်မှ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၇ ရက်၊ ညနေပိုင်းက သျှမ်းဧကရာဇ်မင်းကြီး ဆဝ်ဆေခန်ဖလက်ထက် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက ဌာနေတိုင်းရင်းသားများနှင့် ဒေသခံ များ အပြင်းအထန်တားမြစ်သည့်ကြားမှ ဘူဒိုဇာမြေထိုးစက်ဖြင့် ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ပြုလုပ်ခြင်းသည် သျှမ်းတိုင်းရင်းသားများအားလုံး၏ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ၊ စာပေယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ၊ သက်ဝင်ယုံကြည်မှုများကို ရည် ရွက်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်းဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် ၃၀ ကို ချိုးဖောက်ရာရောက်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ဘာသာရေးအဆောက်အဦးများ၊ ရှေးဟောင်းသမိုင်းဝင်နေရာများကို သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းနှင့် ပျက်စီးစေခြင်းမပြုလုပ်ရဘဲ အထူးကာကွယ်စောင့်ရှောက်ပေးထားသော ဇုန်နယ်မြေအဖြစ် “ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ” (IHL) တွင် ပြဌာန်းထားပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး ခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြစ်ကာ စစ်ရာဇဝတ်မှု (War Crime) မြောက်ကြောင်း ဖော်ပြထားသည်။

“ အချိန်တန်ရင် သူတို့ဘက်က တစ်စုံတစ်ရာတော့ အကြောင်းပြန်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ထုတ်ပြန်ချက်မှာပါတဲ့ အဖွဲ့ပေါင်းကလည်း မနည်းဘူးလေ။ အဲ့တော့ သူတို့ ဘက်က တစ်စုံတစ်ရာအကြောင်းပြန်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စကို သူတို့ဘက်က ပေါ့ပေါ့တန်တန်ထားလိုက်မယ်တော့ မထင်ပါဘူး။ ရိုးရာယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စဆို တော့လေ” ဟု တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးစိုင်းခွန်က ပြောကြားသည်။

ယခုဖြစ်စဉ်အပေါ် SSPP မှလည်း ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး PSLF/TNLA မှ သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်မှ SSPP အပါ အဝင် အရပ်ဖက်အဖွဲ့အစည်းများ၏ အကြောင်းအရာများ၊ တောင်းဆိုချက်များနှင့် ပတ်သက်၍ နှစ်ဖက်အကြားတွေ့ဆုံပြီးမှသာ ညှိနှိုင်းကျော်လွှားရန် လုပ်ဆောင်ရမည့် အပိုင်းများ ဖြစ်ကြောင်း ဒေသသတင်းဌာနများသို့ ပြောကြားထားခဲ့သည်။

TNLA မှ တာဝန်ရှိသူများအနေဖြင့် ရှေးဟောင်းမြို့ရိုးကို ဖြိုချဖျက်ဆီးရန် အမိန့်ပေးစေခိုင်းသူနှင့် ဖြိုချဖျက်ဆီးသူတို့ကို ပြည်သူများရှေ့မှောက်တွင် အရေးယူပေးရန် ထုတ်ပြန်ချက် တွင် ထည့်သွင်းတောင်းဆိုထားသည်။

လင်းခေါင်

Photo: SSPP Info

#ယနေ့ခေတ်

ပုံစာ-စယ်လန့်ရှိ ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက ဖြိုဖျက်ပြီးနောက် တွေ့ရစဥ်။

သျှမ်းတို့၏ ရှေးဟောင်းမြို့ရိုးကို TNLA က ဖျက်စီးသည့်လုပ်ရပ်အား သျှမ်းအရပ်ဖက် အဖွဲ့အစည်းများ ကန့်ကွက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.