သထုံမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီးမိုင်းထိ ရှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ ယမန်နေ့ ညပိုင်းက ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်လာစဉ် လမ်းပေါ်တွင်ထောင်ထားသည့် မိုင်းပေါက်ကွဲရာ မိုင်းထိမှန်၍ ယာဉ်ပေါ်ပါခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ည ၉ နာရီဝန်းကျင်က ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော အောင်ကျော်မိုးခရီးသည်တင် မှန်လုံယာဉ်မှာ အဆိုပါကားလမ်းပေါ် ကျွန်းတောကျေးရွာ၊ PT Power စက်သုံးဆီဆိုင်အနီးအရောက် လမ်းဘေးတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၄၀ ဦးအနက် ရှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ အမျိုးသားလေးဦးနဲ့ အမျိုးသမီးလေးဦး စုစုပေါင်းရှစ်ဦး ဒဏ်ရာရတယ်။ ကျွန်တော်တို့က ဖြစ်တဲ့နေရာကနေ ဆေးရုံကိုပို့လိုက်တာ။ ဒဏ်ရာတွေက အသေးစားဒဏ်ရာတွေပဲ ရကြတယ်။ ကျန်တာတော့ အသေးစိတ်မသိရဘူး” ဟု ကျိုက်ထိုလူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒဏ်ရာရရှိသူ ခရီးသည်ရှစ်ဦးမှာ ဦးခေါင်း၊ လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ယာဉ်ပေါ် ပါ ကျန်ခရီးသည် ၃၂ ဦးမှာ ယမန်နေ့ညက ကျိုက်ထိုမြို့နယ်၊ ကျိုက်ပေါလောဓမ္မာရုံတွင် ခေတ္တတည်းခိုနေထိုင်ခဲ့ရကြောင်း သိရသည်။

ခရီးသည်တင်ယာဉ်မှာလည်း မိုင်းစထိမှန်၍ ပျက်စီးခဲ့ကြောင်း သိရပြီး၊ အဆိုပါနေရာ၌ မည်သည့်အဖွဲ့က မိုင်းထောင်ထားခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းကလည်း အဆိုပါ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး၌ ဘုရားဖူးယာဉ်တစ်စီး ဖြတ်သန်းမောင်း နှင်စဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ယာဉ်ပေါ်ပါသူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းပေါ်၌ ယခုနှစ်အတွင်း မိုင်းပေါက်ကွဲ၍ မော်တော်ယာဉ်များအားထိမှန်မှု မကြာခဏဖြစ်ပွားလေ့ရှိကာ ခရီးသွားလာသူများ မိုင်းစထိမှန်၍ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

သထုံမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီးမိုင်းထိ ရှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.