ရန်ကုန်၊ ဇန်နဝါရီ ၁၂
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၊ အမှတ် (၃) ဗဟိုရပ်ကွက်၌ ယမန်နေ့ နံနက်အစောပိုင်းက ယက္ကန်းရုံလုပ်သားက အလုပ်ရှင်မိသားစုလေးဦးအား သတ်ဖြတ်ကာ လုယက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်၊ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် ဝမ်းတွင်းမြို့၊ အမှတ် (၃) ဗဟိုရပ်ကွက်မှ ယက္ကန်းရုံတစ်ခု၌ အမျိုးသမီးလေးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း လူမှု ကူညီရေးအသင်းမှ သိရသည်။
“ ယက္ကန်းရုံသိမ်းချိန်မှာ လုပ်သွားတာ။ ကျွန်တော်တို့သိကြတာက မနက်မှပါ။ အလုပ်သမားတစ်ယောက်တည်းက လုပ်သွားတာ။ အဲ့လူကိုလည်း မိပြီ။ မိသား စုသုံးယောက်၊ နောက် တစ်ယောက်က မိသားစုလိုပဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ပါ။” ဟု နာရေးကိစ္စကူညီပေးနေသူတစ်ဦးက ပြောသည်။
သေဆုံးခဲ့ရသူများမှာ အသက် ၆၈ နှစ်အရွယ် ယက္ကန်းရုံပိုင်ရှင် ဒေါ်မြသွေး၊ ၎င်း၏အစ်မဖြစ်သူ အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည်နှင့် သမီးဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဇင်ဇင် အေးတို့ဖြစ်ပြီး မိသားစုဝင်သဖွယ် အလုပ်လုပ်ကိုင်နေသူ ဒေါ် စန္ဒာပါ အသတ်ခံခဲ့ရကြောင်း သိရသည်။
“ ကျွန်တော့်အသက် ၅၀ ကျော်မှာ တစ်ခါမှ ဒီလိုဆိုးတဲ့ဖြစ်ရပ် ဒီနယ်မှာမဖြစ်ဖူးဘူး။ အရမ်းကြောက်စရာကောင်းတယ်ဗျာ။ အလုပ်သမားက တူနဲ့ထုသတ်ပြီး ငွေသားနဲ့ ရွှေတွေ အကုန်ယူသွားတာတဲ့။” ဟု ဒေသခံတစ်ဦးက ပြောသည်။
လေးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိထားပြီးဖြစ်ရာ တာဝန်ရှိသူများက အရေးယူမှုများဆောင်ရွက်နေကြောင်း သိရသည်။
သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကိုလည်း ယနေ့ ဇန်နဝါရီ ၁၂ ရက်၊ နေ့ လည် ၂ နာရီတွင် သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – မျိုးထွန်းဦး
ဝမ်းတွင်းမြို့၌ ယက္ကန်းရုံလုပ်သားက အလုပ်ရှင်မိသားစုအား သတ်ဖြတ်လုယက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်