ရန်ကုန်၊ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ ယာဉ်သုံးစီးဆင့်တိုက်၍ လူ ၂၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း လှည်းကူးမြို့နယ်၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်၊ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအနီးရှိ လှည်းကူး-ဖောင်ကြီးလမ်းပေါ်၌ရပ်ထားသည့် FAW ကားတစ်စီးနှင့် ဒိုင်နာ တစ်စီးတို့ကို အရှိန်ဖြင့်မောင်းနှင်လာသည့် စက်ရုံကြိုပို့ဖယ်ရီက အနောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်သွားတော့ အနောက်ကဝင်တိုက်တဲ့ ဖယ်ရီမောင်းတဲ့ ယာဉ်မောင်းက ကားခေါင်းခန်းမှာ ညပ်နေတယ်။ ကျွန်တော်တို့အဖွဲ့တွေက သူ့ ကိုအရင်ဆွဲထုတ်ရတယ်။ လူသေဆုံးတာတော့ မရှိဘူး။ ဖယ်ရီပေါ်မှာပါတဲ့လူ ၂၃ ယောက် ဒဏ်ရာရတယ်။ လက်ကျိုးတာတို့၊ ပေါက်ပြဲတာတို့ရှိတယ်။ စိုးရိမ်ရတာတော့မရှိဘူး။ အနီးအနားက မြင်တဲ့သူတွေ ပြောတာတော့ ဖယ်ရီကားက နောက်ကျနေလို့ အရှိန်နဲ့မောင်းလာရင်း တိုက်မိတာလို့ပြောတယ်။ ဒဏ်ရာရတဲ့ လူနာတွေကို လှည်းကူးမြို့နယ်ဆေးရုံကို ပို့ပေးထားတယ်။” ဟု ကြက် ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ယာဥ်မှာ အထည်ချုပ်စက်ရုံတစ်ခု၏ ဖယ်ရီဖြစ်ပြီး၊ ယာဉ်မောင်းမှာ ခြေထောက်ကျိုးသွားကာ၊ ဖယ်ရီပေါ်၌ စီးနင်းလိုက်ပါလာသည့် အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသား ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဒဏ်ရာရရှိသူများအား လှည်းကူးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဖယ်ရီယာဉ်မောင်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းက ဥပဒေအရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
ဓာတ်ပုံ – လှည်းကူးမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့
လှည်းကူး၌ ယာဉ်သုံးစီးဆင့်တိုက်၊ ၂၃ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်