လာမည့်ပြောင်းစိုက်ရာသီတွင် ပြောင်းစိုက်ဧက လျော့ကျနိုင် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

လာမည့်ဆောင်းရာသီ ပြောင်းစိုက်ချိန်တွင် ပြောင်းစိုက်ဧက လျော့ကျနိုင်မည် ဖြစ်ကြောင်း ပြောင်းစိုက်ပျိုး၊ထုတ်လုပ်၊ရောင်းဝယ်သူများအသင်းမှ သိရသည်။

ပြည်ပမှ ပြောင်းမျိုးစေ့တင်သွင်းရန် သွင်းကုန်လိုင်စင်များ မကျသည့်အတွက် စိုက်ပျိုးရန် ပြောင်းမျိုးစေ့များ ပြတ်လပ်လာပြီး၊ တရားမဝင်တင်သွင်းလာသည့် ကုန်များကို အဖမ်း အဆီးများခြင်း၊ မှတ်ပုံတင်မဲ့ ပြောင်းမျိုးများဝင်လာရန် မဖြစ်နိုင်ခြင်းတို့ကြောင့် လာမည့်ဆောင်းရာသီတွင် ပြောင်းစိုက်ဧက လျော့ကျနိုင်ကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။

“ အဓိက ပြောင်းမျိုး ဝယ်လို့ရဖို့လိုတယ်။ မျိုးမရရင် စိုက်ဧကလျော့နည်းမယ်။ ပြည်တွင်းမှာ ပြောင်းစိုက်နည်းရင် ဈေးကတက်မှာဘဲ။ နောက်ပြီး ထိုင်းဘက်က ပြောင်းစဝယ်ရင် မိုးတွင်းက စိုက်ထားတဲ့ပြောင်းက ဒီနှစ်အတွက်တော့ရှိတယ်။ နောက်နှစ်အတွက် မသေချာဘူး။” ဟု ပြောင်းဆံကို ပြည်ပသို့ တင်ပို့ရောင်းချသည့် ကုန်သည်တစ်ဦးက ပြောသည်။

ပြောင်းဆံကို ပြည်တွင်းစိုက်ပျိုးရာတွင် ရှမ်းပြည်နယ်၊ ကချင်နှင့် ကယားပြည်နယ်တို့၌ အများဆုံးစိုက်ပျိုးကြပြီး ပြောင်းမျိုးစေ့တစ်အိတ်လျှင် ကျပ် တစ်သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

လက်တလောတွင် သွင်းအားစုဈေးများ မြင့်တက်နေသည့်အတွက် ပြောင်းတစ်ဧက စိုက်ပျိုးမည်ဆိုပါက ကျပ်ခြောက်သိန်းခွဲခန့် ကုန်ကျပြီး၊ တစ်ဧက အထွက်နှုန်းမှာ ပြောင်းဆံ ပိသာချိန် ၁၀၀၀ နှင့် ၁၂၀၀ ကြားထွက်ရှိကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း ပြောင်းအစို တစ်ပိသာလျှင် ကျပ် ၆၀၀ မှ ၇၀၀၊ ပြောင်းဆံအခြောက် တစ်ပိသာလျှင် ကျပ် ၉၀၀ အထိပေါက်ဈေးရှိကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ

#ယနေ့ခေတ်

လာမည့်ပြောင်းစိုက်ရာသီတွင် ပြောင်းစိုက်ဧက လျော့ကျနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.