ရပ်စောက်၌ ရေကြီး၍ နေအိမ် ၅၀၀ ကျော်သို့ ရေဝင်ရောက်ကာ ဒေသခံရာချီ ရေဘေး ရှောင်ရ

ရန်ကုန်၊ စက်တင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ယမန်နေ့က ရေကြီး၍ နေအိမ် ၅၀၀ ကျော်သို့ ရေဝင်ရောက်ခဲ့ရာ ဒေသခံရာချီ၍ ရေဘေးတိမ်းရှောင်ခဲ့ရကြောင်း မြို့နယ်ကြက်ခြေနီ အသင်းမှ သိရသည်။

စက်တင်ဘာ ၂ ရက်မှစ၍ ရပ်စောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် မြိုအနီး၌စီးဆင်းနေသော ဇော်ဂျီမြစ်မှာ ရေလျှံခဲ့ကြောင်း သိရ သည်။

ယမန်နေ့က အဆိုပါမြစ်ရေမှာ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နှင့် ဥတ္တားရပ်ကွက်တို့အတွင်းရှိ လူနေအိမ်များသို့ ဝင်ရောက်ခဲ့၍ ဒေသခံများ ရွေ့ပြောင်းခဲ့ရကြောင်း ရပ်စောက်မြို့ နယ် ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ ပင်းတယဘက်က မိုးများရင် ဒီဘက်က တောင်ကျချောင်းရေတွေ တက်လာရော၊ တောင်ကျရေများပြီး ရေလျှံတာပေါ့၊ တချို့နေရာတွေဆိုရင် ခါးလောက်အထိရေဝင်တယ်၊ ရေဝင် ရောက်တာများတဲ့နေရာမှာ နေတဲ့သူတွေကတော့ တချို့လည်း နီးစပ်ရာကို ရွေ့ပြောင်းနေထိုင်တာရှိသလို တချို့လည်း မြို့နယ်ဘောလုံးကွင်းထဲ ရွေ့ ပြောင်းနေသူတွေလည်း ရှိကြ တယ်” ဟု ၎င်းကပြောသည်။

မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်တစ်ခုမှ အိမ်ခြေ ၃၀၀ ခန့်နှင့် အခြားရပ်ကွက်တစ်ခု၌ အိမ်ခြေ ၂၅၀ ခန့်တို့အတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး ဒေသခံ ၁၀၀ ကျော် ရေဘေးတိမ်း ရှောင်ခဲ့ရကာ ယနေ့နံနက်ပိုင်း၌ မြစ်ရေမှာ အနည်းငယ်ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်ကလည်း ကလောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေမြင့်တက်မှုကြောင့် လူနေအိမ်များနှင့် စျေးဆိုင်များသို့ ရေဝင်ခဲ့ပြီး ယခုရက်ပိုင်း၌ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ပေါမြို့အချို့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြစ်ရေ၊ ချောင်းရေများ မြင့်တက်နေကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းများမှ သိရသည်။

မောင်ဇော်

Photo – Southern Shan State Red Cross

#ယနေ့ခေတ်

ရပ်စောက်၌ ရေကြီး၍ နေအိမ် ၅၀၀ ကျော်သို့ ရေဝင်ရောက်ကာ ဒေသခံရာချီ ရေဘေး ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.