မြဝတီ၊ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မိချောင်းကုန်း ဘုန်းကြီးကျာင်းဝင်းအတွင်း တရားထိုင်နေသည့် အမျိုးသားတစ်ဦး လုယက် ရိုက်နှက်ခံရ၍ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ နှင့်နီးစပ်သူများထံမှ သိရသည်။
ယနေ့ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းအတွင်း တရားထိုင်နေသည့်အချိန် ရိုက်နှက်ခံရပြီးဖုန်းနှင့် ပိုက်ဆံအိတ် လုယက်ယူဆောင် သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း သိရသည်။
” အုတ်ခဲနဲ့ထုခံရတဲ့ပုံစံ အုတ်ခဲအကျိုးတွေ ကိုယ်ခန္ခာမှာတွေ့ရတယ်။ လုယက် သတ်ဖြတ်ခံရတဲ့အမျိုးသားက အသက် ၄၀ ခန့်အရွယ်လောက်ရှိမယ်။ ပရဟိတအဖွဲ့တွေက ဆေး ရုံတင်ပို့ပေမယ့် သေဆုံးသွားတယ်။ အဲ့ဒီအမျိုးသားက မြဝတီမြို့က၊ မိချောင်းကုန်းဘုန်းကြီးကျောင်းကိုလာပြီး နေ့တိုင်းလိုလို တရားထိုင်၊ ပုတီးစိပ်လေ့ရှိသူပါ။” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်ကို တာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိပြီး အလောင်းကို Myanmar Rescue (မြဝတီ)နှင့် အလင်းသစ်-Rescue Myawaddy အဖွဲ့မှ မြဝတီခရိုင်ဆေးရုံကို ပို့ဆောင် ခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လကလည်း ငွေလွှဲလုပ်ငန်း လုပ်ကိုင်သည့်အိမ် ဓားပြတိုက်ခံရပြီး လူများရိုက်နှက်ခံခဲ့ရသေးကြောင်း သိရသည်။
ဓာတ်ပုံ – အလင်းသစ်-Rescue Myawaddy
မြဝတီမြို့၌ ကျောင်းဝင်းအတွင်း တရားထိုင်နေသည့် အမျိုးသားတစ်ဦး လုယက် သတ်ဖြတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်