ရန်ကုန်၊ ဖေဖော်ဝါရီ ၁
သြစတေးလျကုမ္ပဏီများ၏ ဦးဆောင်အရာရှိများနှင့် ရင်းနှီးမြှုပ်နှံသူများသည့် မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍတွင် လက်ညှိုးထိုးမလွဲရှိနေကြပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင်လည်း လုပ်ငန်းများဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ဩစတြေးလျကုမ္ပဏီများသည် သတ္တုတူးဖော်ရေးကဏ္ဍ ဆက်လက်လည်ပတ်နိုင်ရန် အားပေးကူညီလျက်ရှိပြီး သတ္တုရှာဖွေခြင်း၊ သတ္တုတွင်းများအား စီမံလုပ်ကိုင်ခြင်း၊ အစိုးရလက်အောက်ရှိ သတ္တုတူးဖော်ရေးကဏ္ဍ ဆက်လက်လည်ပတ်နိုင်ရေး အခရာကျသည့် ဝန်ဆောင်မှုများစွာကို ပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝန်ဆောင်မှုများတွင် စမ်းသပ်ခြင်း၊ တူးဖော်ခြင်း၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများအတွက် အကြံပေးခြင်းနှင့် အခြားနည်းပညာဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ဆောင်မှုများပါဝင်ကြောင်း သိရသည်။
သတ္တုတူးဖော်ရေးသည် နစကအတွက် နိုင်ငံခြားငွေရင်းမြစ်၏ အမြတ်အစွန်းအလွန်ကြီးမားသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ငှားရမ်းခများ၊ အမြတ်ငွေခွဲဝေမှုနှင့် အခွန်ပေးဆောင်မှုတို့မှတဆင့် သတ္တုတူးဖော်ထုတ်လုပ်ကဏ္ဍမှ ဝင်ငွေများရရှိနေကြောင်း သိရသည်။
အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ဆောင်နေသည့် ကုမ္ပဏီကွန်ရက် ၁၀ ခုကို မှတ်တမ်းပြုစုထားပြီး လက်ရှိအချိန်တွင် သတ္တုတူးဖော်ရေးကဏ္ဍ၌ လုပ်ဆောင်ခြင်းမရှိတော့သော်လည်း မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားဆဲဖြစ်သော ပြန်လည်လည်ပတ်လုပ်ကိုင်မည်ကို စောင့်ကြည့်ရန်လိုအပ်သည့် ကုမ္ပဏီကွန်ရက် ၆ ခုကိုလည်း ဖော်ပြထားကြောင်း သိရသည်။
JFM ၏ဖော်ပြမှုအတွင်း Valentis ၊ Cornerstone Resources ၊ Knight Piésold ၊ Pan Aust ၊ Asia Pacific Mining Limited ၊ Access Resources Asia နှင့် Australian Laboratory Services (ALS) ကုမ္ပဏီတို့ပါဝင်ကြောင်း သိရသည်။
ယခုအစီရင်ခံစာတွင် ဖော်ပြထားသည့် ကုမ္ပဏီများသည် ၎င်းတို့၏ပိုင်ဆိုင်မှု၊ ကုမ္ပဏီမှတ်ပုံတင်ထားရှိမှု၊ ဦးဆောင်စီမံအုပ်ချုပ်သူများ၏ နိုင်ငံသားဖြစ်မှုတို့အရ ဩစတြေးလျနိုင်ငံနှင့်ဆက်နွှယ်ကြောင်း အတည်ပြုနိုင်သည့် ကုမ္ပဏီများဖြစ်ကြောင်း JFM က ဆိုသည်။
“အခုအချိန်အထိ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်နေပြီး သတ္တုတူးဖော်ရေးကဏ္ဍမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားပေးကူညီနေတဲ့ ဩစတြေးလျနိုင်ငံသားပိုင်ကုမ္ပဏီတွေ၊ ဦးဆောင်အရာရှိတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ သတ္တုတူးဖော်ရေးကဏ္ဍမှာ ရှိနေဆဲပါပဲ။”ဟု JFM မှ တာဝန်ရှိသူက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတ္တုတွင်းထွက်ကဏ္ဍမှ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၆ သန်းရရှိထားကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍ ဆက်လက်လည်ပတ်နိုင်ရေး သြစတြေးလျမှ ကူညီနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်