ရန်ကုန်၊ ဩဂုတ် ၂၁
ဗြိတိန်ရဲတပ်ဖွဲ့မှ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံတမန်နယ်မြေ ပိုင်နက်ကျူးလွန်မှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ရိုက်တာသတင်း၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအပြောင်း အလဲဖြစ်စဉ်များကို ဆန့်ကျင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ သည့် ဦးကျော်စွာမင်းကို နစကမှ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ရာထူးက ဖယ်ရှားခဲ့သော်လည်း သံအမတ်နေအိမ်မှ ထွက်ခွာပေးခြင်းမရှိဘဲ ဆက်လက်နေထိုင်လျက်ရှိသဖြင့် ဗြိ တိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစဉ်က ဦးကျော်စွာမင်း၏ လုပ်ဆောင်မှုများကို ဗြိတိန်အစိုးရက ချီးကျူးထောက်ခံမှုများ ပြုလုပ်ခဲ့သော်လည်း နစကမှ ဗြိတိန်အစိုးရကို ဖိအားပေးမှုများပြုလုပ်ခဲ့ပြီး သံတမန် နေအိမ်မှ ထွက်ခွာရန် ယမန်နှစ်က တိုက်တွန်းမှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။
လက်ရှိတွင် ဦးကျော်စွာမင်းသည် ဗြိတိန်ရှိ မြန်မာသံရုံးအတွင်းသို့ ဝင်ရောက်ခွင့်မရရှိသော်လည်း သံအမတ်နေအိမ်၌ ဆက်လက်နေထိုင်လျက်ရှိပြီး အဆိုပါနေအိမ်ကို မြန်မာသံရုံး နှင့် နစကမှ ခန့်အပ်ထားသည့် သံကိုယ်စားလှယ်များ၏လက်ထဲသို့ လွှဲပြောင်းခြင်းမပြုနိုင်ကြောင်း ငြင်းဆိုထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အစောပိုင်းက သံတမန်ရေးရာအဆောက်အအုံအတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့မှ တွေ့ဆုံ ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း လန်ဒန်မြို့အခြေစိုက် Peters & Peters မှ ၎င်း၏ရှေ့နေဖြစ်သည့် Neil Swift က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဦးကျော်စွာမင်းသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ခြောက်လအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
“ သံတမန်နေအိမ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုဖြစ်သလို ကျွန်တော့်အမှုသည်အနေနဲ့လည်း ဒီအိမ်သော့ကို ထိန်းသိမ်းထားခဲ့တာက ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြောက်ခံထားရတဲ့ အစိုးရရဲ့ကိုယ်စားလှယ်ထံကိုပဲ ဝမ်းမြောက်ဝမ်းသာစွာနဲ့ သော့လွှဲပြောင်းပေးအပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်” ဟု Neil Swift က ရိုက်တာသတင်းဌာနသို့ ပြော ကြားခဲ့သည်။
ဗြိတိန်ရဲတပ်ဖွဲ့က ဦးကျော်စွာမင်းကို ဩဂုတ်လ ၁၅ ရက်တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သော်လည်း စွဲချက်မတင်ရသေးကြောင်း သိရှိထားရပြီး ဗြိတိန်တရားစီရင်ရေးစနစ်၏ ရှေ့ နေချုပ်မှ ဦးကျော်စွာမင်းအား စွဲချက်တင်ရန် လုံလောက်သည့်အထောက်အထားရှိ၊ မရှိ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။
လင်းခေါင်
Photo: Reuters
မြန်မာသံအမတ်ဟောင်းကို သံတမန်နယ်မြေ ပိုက်နက်ကျူးလွန်မှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ စုံစမ်းစစ်ဆေးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်