ဒက္ကာ၊ ဖေဖော်ဝါရီ ၄
မြန်မာနိုင်ငံဘက်ခြမ်း၌ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်မှုများ မရှိစေရန် ဘင်္ဂလားဒေရှ့်နှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို အနီးကပ်စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေရှ့်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေရှ့်အစိုးရသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံနှင့် နိုင်ငံသားများ ထိခိုက်နစ်နာမှုမရှိစေရန် လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Seheli Sabrin က “ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂလားဒေရှ့် သံတမန်ရေးဆိုင်ရာ မစ်ရှင်အဖွဲ့ရုံး နှစ်ခုရှိနေပါတယ်။ တစ်ခုက စစ်တွေနဲ့ ရန်ကုန်မြို့တို့မှာဖြစ်ပြီး အဲဒီသံရုံးတွေဟာ မြန်မာအစိုးရနဲ့ ဆက်သွယ်မှုလုပ်ဆောင်နေပြီး၊ မြန်မာနိုင်ငံရဲ့အခြေနေတွေကို စောင့်ကြည့်နေပါတယ်။” ဟု ပြောသည်။
ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေရှ့်နိုင်ငံရှိ မြန်မာသံရုံးအပြင်၊ မြန်မာအစိုးရဌာနအားလုံးနှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောဆိုခဲ့သည်။
၎င်းက “ ကျွန်မတို့ နယ်ခြားစောင့်တပ်ဖွဲ့တွေကလည်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ လုပ်ဆောင်နေပါတယ်။” ဟု ပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ်က “ မြန်မာနိုင်ငံဘက်ခြမ်းမှာ ပဋိပက္ခတွေဖြစ်နေတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေ ကျရောက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် နယ်စပ်ဒေသတစ်လျှောက်ကို တပ်လှန့်ထားရတယ်။” ဟု ပြီးခဲ့သောရက်ပိုင်းတွင်ပြောသည် ။
ဘင်္ဂလားဒေရှ့်အစိုးရသည် ကျည်ဆံများကျရောက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး၊ ကျည်ဆံများ ထပ်မံမကျရောက်စေရန် မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။
ကောင်းထက်ငွေ
newagebd.net
မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွာနေသည့်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေရှ့်ပိုင်နက်သို့ကျူးကျော်မှုမရှိစေရန် စောင့်ကြည့်နေဟု ဘင်္ဂလားဒေရှ့်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်