မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲခန့် မြင့်တတ်လာ

ရန်ကုန်၊ အောက်တိုဘာ ၈

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲခန့်မြင့်တတ်လာပြီး ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ ရေဝင်၍ နစ်မြှုပ်မှုများဖြစ် ပေါ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ မိုးက မနေ့ကတည်းကရွာတာ။ ညကလည်း တစ်ညလုံးရွာတာ မတိတ်ဘူး။ ဒီမနက်လည်း တောက်လျှောက်ရွာတာ။ ရေပါ ပါလာတာ။ အိမ်ထဲတောင် ရေကတော်တော်ဝင်နေပြီ။” ဟု ပဲခူးမြို့၊ လိပ်ပြာကန်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပဲခူးမြစ်ရေ၏ စိုးရေရေမှတ်သည် ၈၈၀ စင်တီမီတာဖြစ်ပြီး လက်ရှိမြစ်ရေသည် ၉၂၀ စင်တီမီတာသို့ရောက်ရှိနေကာ စိုးရိမ်ရေမှတ်ထက် ၄၀ စင်တီမီတာ(တစ်ပေခွဲခန့်) မြင့်တတ် နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း တစ်ပေခွဲခန့် ဆက်လက်မြင့်တတ်လာနိုင်သည့်အတွက် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူး သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

“ တချို့တွေကို ညကတည်းက ရေတွေတတ်လို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရတယ်။ ဒီမနက်မှ ရွှေ့ပြောင်းပေးရတာတွေလည်း ရှိတယ်။” ဟု ဒေသခံ လူမှုကူညီကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရန်ကုန်-နေပြည်တော် အမြန်လမ်းတောက်လျှောက်ရှိ တခြားသော မိုင်တိုင်တချို့တွင်လည်း ရေကြီးမှုများဖြစ်ပေါ် နေသလို လှည်းကူး၊ ဖောင်ကြီးရှိ အချို့နေရာများတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

စုစု

ဓာတ်ပုံ- ပဲခူးအိမ်ခြံမြေအသင်း

#ယနေ့ခေတ်

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲခန့် မြင့်တတ်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.