မန္တလေး၌ အိမ်ရှင်၏ကလေးအား ပြန်ပေးဆွဲကာ ကျပ်သိန်းငါးရာဖြင့် ရွေးခိုင်းသည့် အိမ်ငှားသုံးဦးအား ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မန္တလေးမြို့၊ အမရပူရမြို့နယ်၌ ယမန်နေ့က အိမ်ရှင်၏ကလေးအား ပြန်ပေးဆွဲကာ ကျပ်သိန်းငါးရာဖြင့် ရွေးခိုင်းသည့် အိမ်နေငှားထိုင်သူသုံးဦးအား ပတ်ဝန်းကျင်၏အကူအညီဖြင့် ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဂ/ရပ်ကွက်၊ ၈ လမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်ငှားနေထိုင်သူ လင်မယားနှစ်ဦးနှင့် အဖော်မိန်းကလေးတစ်ဦး စုစုပေါင်းသုံးဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက အိမ်ရှင်၏အသက်လေးနှစ်အရွယ် ကလေးငယ်အား ဖမ်းဆီးသွားကာ အမရပူရမြို့နယ်၊ ကျောက်စိမ်းဥယျာဉ်တိုက်တန်းရှိ ဆောက်လုပ်ဆဲအဆောက်အဦး၌ ကျပ်သိန်း ငါးရာဖြင့်လာရွေးရန် မိဘများထံ ဖုန်းမက်ဆေ့ဖြင့် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မိဘများက အဆိုပါနေရာသို့သွားရောက်ကာ ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏အကူအညီဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ပြန်ပေးဆွဲသူသုံးဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။

“ သူတို့က အိမ်ငှားနေတာ နှစ်လရှိပြီ။ အိမ်ရှင်က ဆက်မငှားတော့ဘူး၊ တခြားအိမ်ရှာဖို့ပြောထားချိန်၊ မနေ့က မနက်က အိမ်ရှင်ရဲ့ကလေးကို ပြန်ပေးဆွဲသွားတာ။ ကလေးကို သိန်းငါး ရာနဲ့လာရွေးဖို့၊ မရွေးရင်သတ်ပစ်မယ်ဆိုပြီး အိမ်ရှင်ရဲ့ဖုန်းကို မက်ဆေ့ချ်လည်းပို့သေးတယ်။ အဲ့တာနဲ့ သူတို့တောင်းတာပေးမယ်ပြောပြီး၊ အိမ်ယာဆောက်လုပ်ရေးဝန်ထမ်း၊ လုံခြုံ ရေးအဖွဲ့နဲ့ အနီးကပြည်သူတွေ ဝိုင်းဖမ်းကြတာ။ ဖမ်းမိသွားတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးရာ ကလေးပြန်ပေးဆွဲသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ယမန်နေ့ နေ့လည်ပိုင်းကဖမ်းမိခဲ့ပြီး မြစ်ငယ်မြို့နယ် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ ကြောင်း သိရသည်။

အလားတူ ယမန်နှစ်၊ ဇူလိုင် ၁၇ ရက်ကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ အမက ၁၂ ကျောင်းတွင် ကျောင်းတက်နေသည့် အသက် ၈ နှစ်အရွယ် တတိယတန်း ကျောင်းသူအား အမည်မသိ လင်မယားနှစ်ဦးက ကျောင်းမှခေါ်ဆောင်ကာ ပြန်ပေးဆွဲ၍ ကျပ်သိန်းရှစ်ရာတောင်းခံမှု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်တွင် ပြန်ပေးဆွဲသူ အသက် ၂၅ နှစ်အရွယ်အမျိုးသားနှင့် အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတို့အား ၎င်းတို့ချိန်းဆိုသည့်နေရာတွင် ဝိုင်းဝန်းဖမ်းဆီးရာ ဖမ်းမိခဲ့ကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မန္တလေး၌ အိမ်ရှင်၏ကလေးအား ပြန်ပေးဆွဲကာ ကျပ်သိန်းငါးရာဖြင့် ရွေးခိုင်းသည့် အိမ်ငှားသုံးဦးအား ဖမ်းမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.