ပွင့်ဖြူရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ နှစ်ပေခန့် ရေကျော်ကျလျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံ၏ ရေပိုလွှဲမှ နှစ်ပေခန့် ရေကျော်ကျလျက်ရှိနေပြီး ရေကြီးရေလျှံမှု ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။

ယခုရက်ပိုင်း၌ ပွင့်ဖြူမြို့နယ်အတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိစဉ် ယမန်နေ့က တမံတာဝန်ရှိသူများ၏ တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ် သည့် ပေ ၃၄၀ အထက်ရှိသော တမံရေပိုလွှဲမှ နှစ်ပေခန့် ရေကျော်ကျလျက်ရှိနေကြောင်း သိရသည်။

“ ရေကျော်နေပေမဲ့ စိုးရိမ်စရာမရှိဘူး။ စောင့်ကြည့်နေတယ်လို့တော့ သူတို့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့တော့ မိုးမရွာတော့ပေမဲ့ ရေထပ်တိုးလာမှာကို ဒေသခံတွေက ကြောက်နေကြတယ်။ ရေကြီးရင် ရွေ့ရပြောင်းရနဲ့က မလွယ်ဘူးလေ။” ဟု ပွင့်ဖြူမြို့ခံတစ်ဦးက ပြောသည်။

တမံရေပိုလွှဲမှ ရေကျော်ကျမှု ရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာမရှိကြောင်း၊ တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်း မွန်လျက်ရှိကြောင်းနှင့် တာဝန်ကျဝန်ထမ်းများက အလှည့်ကျရေကင်းများ စောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံများသိရှိနိုင်ရန် တမံအတွင်း မိုးရေဝင်ရောက်မှုနှင့် ရေကျော်ကျမှု အခြေအနေများကို အချိန်နှင့်တပြေးညီ အသိပေးနှိုးဆော်လျက်ရှိနေကြောင်း ကြီးအုံကြီးဝတမံမှ တာဝန်ရှိသူများက သတင်းထုတ်ပြန်ထား သည်။

အဆိုပါ တမံသည် မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၌ ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်း၍ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံ၊ မဟူရာတမံနှင့် ပေါင်းလင်း တမံတို့ရှိ ရေပိုလွှဲများမှ နှစ်ပေကျော်အထိ ရေကျော်ကျမှုဖြစ်ပွား၍ တမံအနီးရှိ လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့ နယ်တို့ရှိ လူနေရပ်ကွက်များသို့ ရေများဝင်ရောက်မှု ဖြစ်ပွားခဲ့ကာ ဒေသခံသောင်းချီ၍ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ပွင့်ဖြူရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ နှစ်ပေခန့် ရေကျော်ကျလျက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.