နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာရေး ဆောင်ရွက်မည်ဟု KNU တပ်မဟာ (၇) ဘားအံခရိုင်ဥက္ကဌ စာထုတ်

ရန်ကုန်၊ စက်တင်ဘာ ၁၆

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာရေး ဆောင်ရွက်မည်ဟု KNU တပ်မဟာ (၇) ဘားအံခရိုင်ဥက္ကဌ စောအောင်မော်ဧ က စာထုတ်ပြန်၍ အသိပေးခဲ့ကြောင်း သိရ သည်။

စက်တင်ဘာ ၁၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါစာတွင် တပ်မဟာ (၇) ဥက္ကဌက NCA ခေါ် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်အား သဘောတူချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေး နွေးအဖြေရှာနိုင်ရေးသည် KNU ကရင်အမျိုးသားအစည်းအရုံး၏ တစိုက်မတ်မတ် တောင်းဆိုလာရာမှ ဖြစ်ပေါ်လာသော စာ ချုပ်တစ်ရပ်ဖြစ်ကြောင်း ပြော ကြားသည်။

ထို့ပြင် KNU နှင့် မြန်မာအစိုးရအကြား ဆန့်ကျင်တိုက်ခိုက်လာရသည့် အကြောင်းအရင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေမရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာ ရခြင်းမှ ဖြစ်ပေါ်လာရသည့် ပြဿနာကြီးကြောင့် နှစ် ၇၀ ခန့် စစ်ပွဲအတွေ့အကြုံကို အခြေခံ၍ အဖြေရှာခဲ့ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံအဖြေရှာခြင်းသည် အ ကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက်တစ်ရပ် ရရှိလာသည့်အပေါ် KNU ကွန်ကရက်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း KNU တပ်မဟာ (၇) ဥက္ကဌက ပြောကြားသည်။

ထို့ကြောင့် တပ်မဟာ(၇)ဘားအံခရိုင်အနေဖြင့် NCA စာချုပ်ကို KNU မှ တရားဝင်ပျက်ပျယ်ကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အပြင် နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် NCA ကိုအခြေခံ၍ ပြည်သူ့အကျိုးကိုရှေးရှုကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးသည်ဟု KNU တပ်မဟာ (၇) ဘားအံခရိုင်ဥက္ကဌ စောအောင်မော်ဧ က စာထုတ်ပြန်၍ အသိပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်ဥက္ကဌဖြစ်သူ ပဒိုစောရွှေမောင်းက ၎င်းအနေ ဖြင့် NCA စာချုပ်အတိုင်း သဘောထားရပ်တည်ထားကြောင်း ထုတ်ပြန်ပြောဆိုမှုများ ရှိခဲ့သည်။

ယခင်က KNU ဥက္ကဌ အဖြစ်တာဝန်ယူထားသူ အသက် ၉၀ အရွယ်ရှိ စောမူတူးစေးဖိုးမှာ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုခံယူခဲ့ရပြီးနောက် ယခုနှစ် မေလ ၂ ရက်နေ့က ကျင်းပသည့် KNU ကွန်ကရက်မှ ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏အောက်တွင် လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KNLA ကို ဖွဲ့စည်းထားရှိကာ တပ်မဟာ ၇ ခုနှင့် အ ထူးတပ်ရင်း နှစ်ရင်းရှိကြောင်း စစ်ရေးလေ့လာသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တပ်မဟာ ၇ ခုမှာ သထုံခရိုင်တွင် တပ်မဟာ ၁ ၊ တောင်ငူခရိုင်တွင် တပ်မဟာ ၂ ၊ ညောင်လေးပင်ခရိုင်တွင် တပ်မဟာ ၃ ၊ ထားဝယ်ခရိုင်တွင် တပ်မဟာ ၄၊ ဖာပွန်ခရိုင်တွင် တပ်မဟာ ၅ ၊ ဒူးပလာယာခရိုင်တွင် တပ်မဟာ ၆ ၊ ဘားအံခရိုင်တွင် တပ်မဟာ ၇ တို့ဖြင့် အခြေစိုက်၍ ဖွဲ့စည်းထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ နိုင်ငံရေးပဋိပက္ခ ဖြစ်ပွားမှုအပေါ် အခြေခံ၍ NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် နစကတပ်များအကြား တကျော့ပြန်တိုက် ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ ယခုနှစ်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့အတွင်း၌ ပြင်းထန်သည့်တိုက်ပွဲများ ထောင်ချီ၍ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

တိုက်ပွဲများကြောင့် အဆိုပါဒေသများရှိ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများရှိခဲ့ပြီး လက်ရှိအချိန်အထိ နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေရသူ ဒေသခံအရပ် သား သောင်းချီ၍ရှိနေကာ ကျေးရွာများနှင့် အိုးအိမ်အဆောက်အဦပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – KNU

#ယနေ့ခေတ်

ပုံစာ- တိုက်ပွဲများကြောင့် ယခုလအတွင်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ စဉ်နှင့် လူနေအဆောက်အဦများ ပျက်စီးမှုကို တွေ့ရစဉ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာရေး ဆောင်ရွက်မည်ဟု KNU တပ်မဟာ (၇) ဘားအံခရိုင်ဥက္ကဌ စာထုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.