ကိဗ်၊ ဇန်နဝါရီ ၂၇
ယူကရိန်းအစိုးရသည် ဆွတ်ဇာလန်နိုင်ငံတွင်ကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင့်ကို ဖိတ်ခေါ်လိုက်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး၏အကြံပေးဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံသည် ယူကရိန်းနှင့်စစ်ပွဲဖြစ်ပွားနေသည့် ရုရှားနိုင်ငံနှင့်နီးစပ်သော နိုင်ငံဖြစ်ပြီး ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ကာ ရုရှားနိုင်ငံအပေါ် ဝေဖန်ပြစ်တင်ခြင်းမရှိကြောင်း သိရသည်။
ယူကရိန်းသမ္မတ၏အကြံပေးဖြစ်သူ Ihor Zhovkva က “ ကမ္ဘာတဝှမ်းရှိနိုင်ငံတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်တဲ့အတွက် တရုတ်သမ္မတကိုလည်းတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ အဲဒီငြိမ်းချမ်းရေးထိပ်သီးအစည်းဝေးကို တရုတ်နိုင်ငံတက်ရောက်ဖို့ ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတယ်။ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်စရာရှိတာတွေ လုပ်ရမယ်။” ဟု ပြောသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲမဖြစ်ပွားခင် သီတင်းပတ်သုံးပတ်အလိုက တရုတ်နှင့် ရုရှားနိုင်ငံကြား မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုသည် အကန့်သတ်မရှိကြောင်းတရုတ်သမ္မတနှင့် ရုရှားသမ္မတတို့က ပူးတွဲသတင်းထုတ်ပြန်ခဲ့ဖူးသည်။
ဆွတ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၈၂ နိုင်ငံမှခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံကအဆိုပြုထားသော ငြိမ်းချမ်းရေးအစီအစဉ်အချက် ၁၀ ချက်ကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတ ပူတင်ကို အဆိုပါငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါ်မည်မဟုတ်ကြောင်း သိရသည်။
ရုရှားသမ္မတက ယူကရိန်းအစိုးရ အဆိုပြုထားသော ငြိမ်းချမ်းရေးအဆိုပြုချက် ၁၀ ချက်က ဘာမှလုပ်လို့ရမည်မဟုတ်ကြောင်း ပြောသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲသည့် ဖေဖော်ဝါရီလတွင် ၂ နှစ်ပြည့်မည်ဖြစ်ပြီး စစ်ပွဲစတင်ချိန်နောက်ပိုင်းတည်းက ရုရှားသမ္မတနှင့် ယူကရိန်းသမ္မတကြား တွေ့ ဆုံဆွေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ရုရှားသည် ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး၊ ယူကရိန်းကသိမ်းပိုက်ခံထားရသောနယ်မြေများ ပြန်လည်ရရှိစေရန် တိုက်ခိုက်နေဆဲဖြစ်သည်။
ကောင်းထက်ငွေ
channelnewsasia.com
တရုတ်သမ္မတကို ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးတက်ရောက်ရန် ယူကရိန်းအစိုးရဖိတ်ခေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်