ရန်ကုန်၊ အောက်တိုဘာ ၂၄
စားအုန်းဆီ လက်ကားရည်ညွှန်းဈေးမှာ တစ်ရက်အတွင်း ၃၃၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် တစ်ပတ်ထဲတွင် စားအုန်းဆီရည်ညွှန်းဈေးကို နှစ်ကြိမ်ထုတ်ပြန်လာသည်ကို တွေ့ရသည်။
ယမန်နေ့ အောက်တိုဘာ ၂၃ ရက်တွင် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ ၄၃၉၅ ကျပ် သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ယနေ့တွင်လည်း အောက် တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာကို ၄၇၂၅ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ထားကြောင်း ထပ်မံထုတ်ပြန်ထားသည်။
ယနေ့ထပ်မံထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းအရ တစ်ပိဿာ ၃၃၀ ကျပ် ဈေးတက်သွားသည်ကို တွေ့ရသည်။
သို့သော် ပြင်ပဈေးကွက်အတွင်း၌ လက်ရှိအချိန်အထိ စားအုန်းဆီကို တန်းစီစနစ်ဖြင့် ဝယ်ယူနေရဆဲဖြစ်ပြီး တစ်ပိသာ ၁၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
“ စားအုန်းဆီက အခုထိ တန်းစီဝယ်ယူနေရတုန်းပဲ။ ဆိုင်တိုင်းကလည်း ဝယ်လို့မရဘူး။ ရတဲ့ဆိုင်ကလည်း ဈေးက တစ်သောင်းအထက်မှာပဲရှိတယ်။ တန်းစီစနစ်နဲ့ ဆီဝယ်ယူတာ တောင် မရတယ့်အခေါက်တွေရှိတယ်။ တချို့ဆိုင်တွေဆို လုပ်စားနေကြတာ။” ဟု သာကေတမြို့၌နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်၌ စားအုန်းဆီကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဟု သတိပေးထားသော်လည်း လက်ရှိအချိန်အထိ ထိရောက်စွာ အရေးမယူနိုင်သေးကြောင်း သိရသည်။
စုစု
ဓာတ်ပုံ – အင်တာနက်
စားအုန်းဆီရည်ညွှန်းဈေး တစ်ရက်အတွင်း ၃၃၀ ကျပ် ဈေးမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်