ဝါရှင်တန်၊ ဇန်နဝါရီ ၃၀
ဂျော်ဒန်နိုင်ငံတွင်အခြေစိုက်ထားသော အမေရိကန်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဆီးရီးယားနှင့် နယ်စပ်ချင်းထိစပ်နေသော ဂျော်ဒန်နိုင်ငံနယ်စပ်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုသည် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် သုံးဦးသေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတသည် အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်နိုင်ငံထံမှ အကူညီများရရှိထားသော အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့စည်းများကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်း အတိုက်ခံရမှုတွေအတွက် အချက်လက်တွေ စုဆောင်းနေတယ်။ ဒီတိုက်ခိုက်မှုတွေကို ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့က အီရန်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့စည်းတွေ တိုက်ခိုက်ခဲ့တယ်ဆိုတာ သိပါတယ်။ ဒီတိုက်ခိုက်ခံရမှုတွေအတွက် အခြေနေနဲ့အချိန်အခါအပေါ်မူတည်ပြီး တုံ့ပြန်သွားမယ်။” ဟု ပြောသည်။
အမေရိကန်စစ်တပ်၏ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့သော စစ်သားများထဲတွင် ဦးခေါင်းဒဏ်ရာရသော စစ်သားများလည်းပါဝင်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အီရန်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့စည်းများသည် အမေရိကန်စစ်စခန်းများကို အကြိမ်ပေါင်း ၁၅၀ ကျော်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုနောက်ကွယ်တွင် အီရန်နိုင်ငံ ပါဝင်ဆက်နွယ်ခြင်းမျိုးမရှိကြောင်း ပြော သည်။
အမေရိကန်နှင့် ဗြိတိန်တို့သည် လက်ရှိအချိန်တွင် ပင်လယ်နီဒေသမှ ဖြတ်သန်းနေသည့် ကုန်စည်သင်္ဘောများကို တိုက်ခိုက်နေသည့် ဟူသီလက်နက်ကိုင်အုပ်စုကို တိုက်ခိုက်ရန် ယီမင်နိုင်ငံကို ပြီးခဲ့သောရက်ပိုင်းတွင် ဗုံးကြဲခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်သွားမည်ဟု ဂျိုးဘိုင်ဒန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်