ရန်ကုန်၊ စက်တင်ဘာ ၁၉
မကွေးတိုင်း၊ ချောက်မြို့နယ် စည်ပင်ရုံးရှေ့သို့ ယမန်နေ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားတစ်စီး ပျက်စီး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က ချောက်မြို့နယ် စည်ပင်သာယာရေးရုံးအနီးသို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ မျက်နှာတွင် နှာခေါင်းစည်း တပ်ဆင်ထားသည့် အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ပစ်ဗုံးမှာ ရုံးရှေရှိ အုတ်ခုံအားထိမှန်ကာ အနီး၌ရပ်တန့်ထားသည့် ကားတစ်စီး၏အောက်တွင် ပေါက်ကွဲခဲ့၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကားလည်းပျက်စီးခဲ့ကြောင်း သိရသည်။
“ အုတ်ခုံကို ထိပြီးတော့မှ ကားအောက်ကိုကျပြီး ပေါက်ကွဲသွားတာ။ ကားကတော့ အင်ဂျင်ဝိုင်တွေ၊ ဓါတ်ဆီတွေယိုပြီး အောက်ပိုင်းပျက်စီးသွားတယ်။ ရေခွန်လာဆောင်တဲ့ အမျိုး သားရယ်၊ စည်ပင်ရုံးက အခွန်စာရေးမတစ်ဦးရယ်ကိုလည်း ဗုံးစတွေထိမှန်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
စည်ပင်ရုံးသို့ ရေခွန်လာဆောင်သူ အမျိုးသား၌ လက်မောင်းတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ စည်ပင်ရုံး ဝန်ထမ်းအမျိုးသမီး၌ တင်ပါးဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့၍ မြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
စည်ပင်ရုံးသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူနှစ်ဦးမှာ ဆိုင်ကယ်မောင်းနှင်ကာ ထွက်ပြေးသွား၍ ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်၊ ညပိုင်းကလည်း ချောက်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
ချောက်မြို့နယ် စည်ပင်ရုံးရှေ့သို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၍ နှစ်ဦးဒဏ်ရာရ ကားတစ်စီး ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်