ရန်ကုန်၊ ဩဂုတ် ၁၆
ကုမ္မဏီခွဲတစ်ခုသာ စာရင်းရှင်းလင်း ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး အခြားလုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိကြောင်း ရွှေဗျိုင်းဖြူကုမ္မဏီအုပ်စုက ယနေ့နံနက်ပိုင်းက အသိပေးချက်ထုတ် ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်က ကုမ္ပဏီစာရင်း ရှင်းလင်းဖျက်သိမ်းကြောင်း ကြေညာခဲ့သည့် SHWE BYAIN PHYU OIL & GAS Company Limited သည် ရွှေဗျိုင်းဖြူကုမ္ပဏီ အုပ်စု၏ ကုမ္ပဏီအခွဲတစ်ခုသာဖြစ်ပြီး ၎င်းကုမ္ပဏီတစ်ခုတည်းကိုသာ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဖြစ်ကြောင်းနှင့် အများပြည်သူသို့ စက်သုံးဆီများ ဖြန့်ဖြူးလျက်ရှိသော လုပ် ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများနှင့် လုံးဝသက်ဆိုင်မှုမရှိဟု ထုတ်ပြန်ထားသည်။
“ ကောလာဟလ သတင်းအမှားများကို မယုံကြည်ဘဲ စက်သုံးဆီဆိုင်များတွင် ယခင်လို ဆက်လက်ဝယ်ယူသုံးစွဲနိုင်ပါတယ်“ ဟု အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ ပြန်လည်ရှင်းလင်း ထုတ်ပြန်ထားသော်လည်း ကုမ္မဏီခွဲဖျက်သိမ်းရသည့် အကြောင်းရင်းကိုမူ ပြောဆိုခြင်းမရှိပေ။
ဩဂုတ် ၁၁ ရက်က နိုင်ငံပိုင် မြဝတီသတင်းစာ၌ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၅၂(က)၊ နည်းဥပဒေပုဒ်မ ၁၅ အရ SHWE BYAIN PHYU OIL & GAS Company Limited အား စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ဖျက်သိမ်းခဲ့သည့် ထိုကုမ္ပဏီခွဲတစ်ခုအပါအဝင် ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းစုကို စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်ကပိုင်ဆိုင်ပြီး ထိုလုပ်ငန်းစုများမှာ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့မှ ပိတ်ဆို့အရေးယူခံထားရသည့် စာရင်းထဲပါဝင်နေကြောင်း လူအခွင့်အရေးလေ့လောစောင့်ကြည့်နေသည့်အဖွဲ့ များက ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်ပမှလာရောက်လုပ်ကိုင်နေသည့် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီကိုလည်း ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင်ရှင် ဦးသိန်းဝင်းဇော်က ဝယ်ယူထားပြီး နစကနှင့် နီးစပ်မှုရှိ ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုမှာ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းအပြင် တယ်လီကွန်း၊ သစ်၊ ကျောက်မျက်နှင့် ဘဏ်လုပ်ငန်းတို့ပါ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း စင်္ကာပူနိုင်ငံ၏ အဓိကဘဏ်ကြီးတစ်ခုဖြစ်သည့် United Overseas Bank UOB က မြန်မာနိုင်ငံနှင့် ဘဏ်အချင်းချင်း ချိတ်ဆက်လုပ်ကိုင်နေသည့် လုပ်ငန်း များအား ရပ်ဆိုင်မည်ဟု ကြေညာထားပြီး စင်္ကာပူနိုင်ငံမှ အဓိကဝယ်ယူနေရသည့် ပြည်တွင်းသုံး စက်သုံးဆီများအတွက် စက်သုံးဆီဝယ်ယူတင်သွင်းသူများ အခက်ကြုံနိုင်ဖွယ်ရှိ ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
မောင်ဇော်
ဓါတ်ပုံ- ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်
ကုမ္ပဏီခွဲတစ်ခုတည်းသာ ဖျက်သိမ်းခြင်းဖြစ်ပြီး အခြားလုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိ ဟု ရွှေဗျိုင်းဖြူကုမ္ပဏီ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်