ထင်လင်း(ပုသိမ်)
ပထမကမ္ဘာစစ်ကြီးဖြစ်ပွားပြီး နှစ်အနည်းငယ်အကြာ ၁၉၂၃ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ နုရင်ဘာ့ဂ်မြို့၏ အနောက်မြောက်ဘက်က မြို့တစ်မြို့၌ ကျောင်းဆရာဖြစ်သူဖခင်နှင့် အိမ်ထောင့် တာဝန် ထမ်းဆောင်နေသည့် မိခင်ဖြစ်သူတို့ထံကနေ ကစ်ဆင်းဂျာဆိုသည့် ဂျူးကလေးလေးတစ်ယောက် မွေးဖွားခဲ့သည်။ ကစ်ဆင်းဂျာလေးမှာ အားကစားအထုံပါရမီ မပါလာ သော်လည်း ဘောလုံးအားကစားကိုတော့ ချစ်မြတ်နိုးပုံရသည်။ ၎င်းသည် စာဂျပိုးပီပီ စာအုပ်ပုံထဲမှာသာ မျက်နှာအပ်ထားလေ့ရှိကာ လူအများနှင့် ရောရောနှောနှောနေလေ့မရှိ တတ်ပေ။ သို့ငြားသော်လည်း တောက်မည့်မီးခဲ တရဲရဲဆိုသလိုပင် ကစ်ဆင်းဂျာလေးသည် ငယ်စဉ်ကပင် ထူးချွန်ထက်မြက်ခဲ့ပေသည်။
၁၉၃၅ ခုနှစ်တွင်တော့ အေးအေးချမ်းချမ်းနေထိုင်နေသည့် ဂျူးဘာသာကိုးကွယ်သော ကစ်ဆင်းဂျာမိသားစုလေးထံသို့ ကံကြမ္မာဆိုးက ကျရောက်လာခဲ့တော့သည်။ ၁၉၃၅ တွင် ဂျာမနီ၌ ဟစ်တလာဦးဆောင်သည့် နာဇီပါတီ အာဏာရလာပြီးနောက် ဂျာမန်လူမျိုးနှင့် ဂျူးလူမျိုး (ဝါ) ဂျူးဘာသာဝင်များအကြား နိုင်ငံသားအဆင့်အတန်း ခွဲခြားသတ်မှတ်မှုအား တရားဝင်စေမည့် နုရင်ဘာ့ဂ်ဥပဒေ ပြဌာန်းမှုရှိလာခဲ့သည်။ နုရင်ဘာ့ဂ်ဥပဒေအရ ဂျူးလူမျိုးများသည် တင်းပြည့်ကျပ်ပြည့် ဂျာမန်နိုင်ငံသားအဆင့်အတန်း မရရှိသည့်အပြင် နိုင်ငံ ရေးရပိုင်ခွင့်များလည်း လုံးဝခံစားနိုင်ခွင့်မရှိပေ။ နုရင်ဘာ့ဂ်ဥပဒေကြောင့်ပင် ကစ်ဆင်းဂျာ၏ ဖခင်တစ်ယောက် ၎င်း၏ကျောင်းဆရာအလုပ် ဆုံးရှုံးခဲ့ရတော့သည်။ ထိုအချိန်မှစ၍ ကစ်ဆင်းဂျာ၏မိခင်ဖြစ်သူက ၎င်းတို့မိသားစု ဂျာမနီနိုင်ငံမှ အမြန်ဆုံးထွက်ခွာသွားမှသာ မိသားစုအနာဂတ်မျှော်လင့်ချက် ဆက်လက်ရှင်သန်မည်ကို သတိပြုဆင်ခြင်မိခဲ့သည်။ ဤသို့နှင့် ၁၉၃၈ ခုနှစ် ဂျူးတွေ စတင်အဖိနှိပ်ခံရသည့် အဖြစ်အပျက်မတိုင်ခင် သုံးလအလိုတွင် ကစ်ဆင်းဂျာတို့မိသားစု ဂျာမနီကိုစွန့်ခွာကာ အမေရိကန်ပြည်ထောင်စု၊ နယူး ယောက်၌ ပြောင်းရွှေ့အခြေချခဲ့တော့သည်။
ဂျာမနီတွင်ရှိစဉ်က ဂျူးလူမျိုးမဟုတ်သော ကလေးများ၏ ရိုက်နှက်ကန်ကျောက်မှုကို ရှောင်ရှားဖို့ လမ်းပေါ်မှာ ခပ်သွက်သွက်ပြေးလွှားခဲ့ရဖူးသည့် အတွေ့အကြုံရှိခဲ့သော ကစ်ဆင်း ဂျာက ၎င်းအနေဖြင့် ဂျူးလူမျိုးဖြစ်မှု အရှိတရားကြောင့် အမေရိကန်နိုင်ငံ၏ လမ်းများပေါ်၌ စိုးစဉ်းမျှ သိမ်ငယ်စရာမရှိပဲ ခေါင်းမော့ရင်ကော့ သွားလာနိုင်ကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘဝ၌ မှတ်မှတ်ထင်ထင် ရင်ဖွင့်ခဲ့ဖူးသည်။ ဒီအကြောင်းကြောင့်ပင် ကစ်ဆင်းဂျားသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့ပုံရသည်။
အင်္ဂလိပ်စကားပြောလျှင် ဂျာမန်လေယူလေသိမ်းဖြင့် ပြောတတ်သည့် ကစ်ဆင်းဂျာသည် အထက်မင်ဟက်တန်အရပ်ရှိ ဂျော့ဂျ်ဝါရှင်တန် အထက်တန်းကျောင်း၌ ညပိုင်းအတန်း ချိန်တွေမှာ တက်ရောက်စာသင်ပြီး ဆံသပစ္စည်းထုတ်လုပ်သည့် စက်ရုံတစ်ရုံ၌ နေ့ပိုင်းအလုပ်လုပ်ခဲ့ရသည်။ အလုပ်တဖက်နှင့် ကျောင်းတက်ရသော်လည်း အထက်တန်းစာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့သောကြောင့် အစိုးရပညာရေး ထောက်ပံ့စရိတ်ဖြင့် နယူးယော့ခ်စီးတီးကောလိပ်သို့ တက်ရောက်ခွင့်ရခဲ့သည်။
စာရင်းကိုင်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် ရည်သန်ခဲ့သည့် ကစ်ဆင်းဂျာမှာ ၎င်းအမေရိကန်နိုင်ငံသားဖြစ်လာခဲ့သည့် ၁၉၄၃ ခုနှစ်မှာပင် အမေရိကန်စစ်တပ်ထဲသို့ ခေါ်ယူခံခဲ့ရသည်။ (ထိုအချိန်က ဒုတိယကမ္ဘာစစ် ဇာတ်ရှိန်အမြင့်ဆုံး ကာလလည်းဖြစ်သည်။) ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှုနှင့် ဂျာမန်စကားပြော ကျွမ်းကျင်မှုကြောင့် အမေရိကန်စစ်တပ်လက်အောက်ရှိ တန်ပြန်ထောက်လှမ်းရေးတပ်ဖွဲ့၌ တာဝန်ပေးအပ်ခြင်းခံခဲ့ရပြန်သည်။ ထိုစဉ်က ကစ်ဆင်းဂျားတာဝန်ထမ်းဆောင်သည့် တန်ပြန်ထောက်လှမ်း ရေးအဖွဲ့၏ တာဝန်မှာ အမေရိကန်ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့များ ပြန်လည်သိမ်းယူထားနိုင်သည့် နယ်မြေများတွင် လှည့်လည်လှုပ်ရှားနေသော နာဇီပါတီဝင်များနှင့် နာဇီစစ် ပုလိပ် ဂတ်စတာပိုတပ်ဖွဲ့ဝင်များကို စိစစ်ရှာဖွေရန်ပင်ဖြစ်သည်။ (တန်ပြန်ထောက်လှမ်းရေးဆိုသည်မှာ မိမိနိုင်ငံ သို့မဟုတ် မိမိအဖွဲ့အစည်း၏ ထောက်လှမ်းရေး အစီအစဉ်များ အပေါ် ရန်ဘက်အဖွဲ့အစည်း သို့မဟုတ် ရန်ဘက်နိုင်ငံမှ ထောက်လှမ်းရေးအဖွဲ့အစည်းများက သတင်းအချက်အလက် စုဆောင်းထောက်လှမ်းရယူမှုများမှ ကြိုတင်ကာကွယ်ခြင်း ပင်ဖြစ်သည်။ ထိုသို့ ကြိုတင်ကာကွယ်ရန်အတွက် အဆိုပါ ရန်ဘက်အဖွဲ့အစည်း၏ ထောက်လှမ်းရေးကွန်ရက်များကို ထောက်လှမ်းရှာဖွေရန်တာဝန်သည် တန်ပြန်ထောက်လှမ်း ရေး၏ အဓိကကျောရိုးတာဝန်တစ်ရပ်ဖြစ်သည်။)
ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ဘက်တာဝန်များ ထမ်းဆောင်ပြီးစီးခဲ့သည့် ကစ်ဆင်းဂျာသည် ၎င်း၏တက္ကသိုလ်ပညာရေးအတွက် အပတ်တကုတ် ဆက်လက်ကြိုးပမ်းခဲ့ရာ နိုင်ငံရေး သိပ္ပံနှင့် နိုင်ငံတကာရေးရာ အထူးပြုဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်း၏ ဘွဲ့ယူကျမ်းပြုစာတမ်းမှာ ဟားဗတ်တက္ကသိုလ်ရှိ ကျမ်းပြုစာတမ်း များထဲတွင် အရှည်လျားဆုံး ကျမ်းပြုစာတမ်းအဖြစ် ပြောစမှတ်ပြုခံခဲ့ရသည်။ ၎င်း၏ ကျမ်းပြုစာတမ်းကို ပုံနှိပ်ထုတ်ဝေသည့် ၁၉၅၇ ခုနှစ်၌ပင် ၎င်းပထမဆုံးရေးသားသည့် “လတ်တလော နိုင်ငံတကာရေးရာအဖြာဖြာ၊ နူကလီးယားလက်နက်နှင့် နိုင်ငံခြားရေးမူဝါဒ” စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
ဒေါက်တာဘွဲ့ရရှိပြီး ပါမောက္ခအနေဖြင့် ဟားဗတ်တက္ကသိုလ်တွင်ပင် စာသင်နေသည့် ကစ်ဆင်းဂျာသည် အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားဆက်ဆံရေးကောင်စီနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနအပါအဝင် အမေရိကန်အစိုးရဌာနအချို့၌ အတိုင်ပင်ခံအနေဖြင့် ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးရည်မှန်းချက်ရှိသည့် ကစ်ဆင်းဂျာသည် အဆိုပါ အစိုးရဌာနများအ တွက် အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေရင်း နယူးယော့ခ် (New York) နိုင်ငံရေးလောကကို လွှမ်းမိုးထားသည့် ရော့ကဲဖဲလား ညီအစ်ကိုများနှင့် အဆက်အသွယ်ရရှိခဲ့ကာ ၎င်းတို့တည် ထောင်ထားသည့် ရော့ကဲဖဲလားညီအစ်ကိုများ ရန်ပုံငွေအဖွဲ့က ဦးစီးပြုလုပ်သည့် စီမံကိန်းတစ်ခု၏ ဒါရိုက်တာအဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ ယင်းရန် ပုံငွေအဖွဲ့နှင့် ဆက်စပ်ပြီး ကစ်ဆင်းဂျာသည် ထိုစဉ်က နယူးယောက်ခ် ပြည်နယ်အုပ်ချုပ်ရေးမှူး နယ်လ်ဆင်ရော့ကဲဖဲလားနှင့် ဆက်သွယ်မိပြီး အဆိုပါ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်လာခဲ့ သည်။ ရီပတ်ဘလီကန်ပါတီတွင်း ၎င်းပါတီကိုယ်စားပြု အမေရိကန်သမ္မတလောင်း ရွေးချယ်တင်မြှောက်ပွဲအတွက် ၁၉၆၀၊ ၁၉၆၄ နှင့် ၁၉၆၈ ခုနှစ်များ တွင် နယ်လ်ဆင်ရော့ကဲဖဲလား အနိုင်ရရှိရေး စည်းရုံးလှုံ့ဆော်ပွဲများ၌ ဟင်နရီကစ်ဆင်ဂျားက ကူညီခဲ့သည်။ နယ်လ်ဆင် ရော့ကဲဖဲလားအား ရီပတ်ဘလင်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တင်မြှောက်ခံရရေးအတွက် ကစ်ဆင်းဂျာကကူညီခဲ့သော်လည်း ရော့ကဲဖဲလား၏ ပါတီတွင်းပြိုင်ဘက်ဖြစ်သူ ရစ်ချတ်နစ်ဆင်ကသာ ၁၉၆၈ ခုနှစ်တွင် ရီပတ်ဘလင်ကန် သမ္မတလောင်းအဖြစ် တင်မြှောက်ခံခဲ့ရသည်။ တချိန်တည်းမှာပင် ရစ်ချတ်နစ်ဆင်က ပါတီတွင်းပြိုင်ဘက်ဖြစ်သူ ရော့ကဲဖဲလား၏ နောက်ကွယ်က ဉာဏ်ကြီး ရှင်ဖြစ်သူ ကစ်ဆင်းဂျာကို သတိပြုမိခဲ့ပုံရသည်။ သို့ဖြစ်၍ပင် ၁၉၆၈ ခုနှစ်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် နစ်ဆင်အနိုင်ရရှိခဲ့ပြီး သမ္မတဖြစ်လာသောအခါ ကစ်ဆင်းဂျာကို အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။ ဤသို့ဖြင့် ဟင်နရီ ကစ်ဆင်းဂျာသည် ဝါရှင်တန်နိုင်ငံရေးလောကကို တင်းပြည့်ကျပ်ပြည့် ချဉ်းနင်းဝင်ရောက်နိုင်ခဲ့တော့ သည်။ များမကြာမီ ကစ်ဆင်းဂျာတစ်ယောက် နစ်ဆင်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။
နိုင်ငံခြားဆက်ဆံရေးနယ်ပယ်တွင် လက်တွေ့ပဓာနဝါဒီ (ဝါ) လက်ငင်းအကျိုးစီးပွားရှေးရှုဝါဒီ (Realist) အဖြစ် လူသိများသည့် ကစ်ဆင်းဂျာသည် အမေရိကန်နှင့် ၎င်း၏ အကျိုးစီး ပွားအတွက် ရန်ဘက်နိုင်ငံပင် ဖြစ်လင့်ကစား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေရန် သံခင်းတမန်ခင်းနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ကာ အကျိုးစီးပွားအတွက်ဆို လျှင် အင်အားသုံးသည့် နည်းလမ်းများကို ရွေးချယ်စေမည့် မူဝါဒများကိုလည်း အကြံဉာဏ်ပေးခဲ့သူ ဖြစ်သည်။ ကစ်ဆင်းဂျာသည် စစ်အေးတိုက်ပွဲအတွင်း အမေရိကန်၏ ကမ္ဘာ့ အယူဝါဒရေးရာ ခါးသီးပြိုင်ဘက်နိုင်ငံဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုနှင့် ကမ္ဘာ့ကွန်မြူနစ်ဝါဒ လွှမ်းမိုးမှုများအား ထိန်းချုပ်ရေးအတွက် အဓိကကြိုးကိုင်ခြယ်လှယ်ခဲ့သူဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံအကြား တင်းမာမှုကို အခွင့်ကောင်းယူပြီး တရုတ်၏ ပင်လယ်ထွက်ပေါက် ရေလမ်းကြောင်းများကို ဆိုဗီယက်ရန်မှ ကာကွယ်ပေးမည့် အာမခံချက်ကိုပေးကာ တရုတ်နှင့် ရွှေလမ်းငွေလမ်း ဖောက်နိုင်ခဲ့သည်။ (တနည်းအားဖြင့် ပထဝီနိုင်ငံရေးပါ နောကျေနေသည့် ကစ်ဆင်ဂျာသည် ကမ္ဘာ့နှလုံးသားချက်မ ဗဟိုချက် (Heartland) အား အုပ်စီးထားသည့် နိုင်ငံကြီးနှစ်နိုင်ငံကို သွေးခွဲပစ်ခဲ့ခြင်းပင်ဖြစ်သည်။)
ကစ်ဆင်းဂျာသည် ကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆင်၏ အမျိုးသားလုံခြုံရေးအကြံပေးရာထူး ထမ်းဆောင်စဉ်၌ ဗီယက်နမ်တွင် ကွန်မြူနစ်များ အာဏာသိမ်းယူမည့်အရေးမှ ကာကွယ်ရန် ဗီယက်မင်း ကွန်မြူနစ် ပြောက်ကျားတပ်ဖွဲ့များ လှုပ်ရှားနေသည့် ဗီယက်နမ်နယ်မြေများသာမက ခမာနီပြောက်ကျားတပ်ဖွဲ့များ လှုပ်ရှားနေသည့် အိမ်နီးချင်း ကမ္ဘောဒီး ယားနယ်မြေများကိုပါ ဗုံးကမ္ဗလာ ကျဲချစေရန်အတွက် ပြင်းပြင်းထန်ထန်ဖိအားပေးသည့် မူဝါဒချမှတ်ရန် တွန်းအားပေးခဲ့သူဖြစ်သည်။ တဖန် တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံ တွင် ကွန်မြူနစ်များအား နှိမ်နင်းရန်အတွက် ချီလီအာဏာပိုင်အဖွဲ့ကို နောက်ကွယ်က ကြိုးကိုင်ပေးခဲ့သူအဖြစ်လည်း ကစ်ဆင်းဂျာကို ပြစ်တင်ရှုံချမှုများ ရှိခဲ့သည်။
သို့သော်လည်း ကစ်ဆင်းဂျာသည် ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးနိုင်မှုများအတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီမှ ထိပ်သီးခေါင်းဆောင်နှင့်အတူ ၁၉၇၃ ခုနှစ်တွင် နိုဘယ်လ်ငြိမ်ချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ အဆိုပါ နိုဘယ်လ်ဆု ချီးမြှင့်ခံရမှုအပေါ်တွင်လည်း အငြင်းပွားမှုများရှိကာ ကစ်ဆင်းဂျာ၏ ကွန်မြူနစ် ထိန်းချုပ်တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒအကြံပေးမှုများကြောင့် ကမ္ဘာတလွှား လူသန်းပေါင်းများစွာ သေကြေခဲ့ကြရသည်ဟူ၍လည်း နိုင်ငံတကာပညာရှင်အချို့က ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချမှုများ ရှိခဲ့ သည်။ တဖက်တွင်လည်း ကမ္ဘာ့သံခင်းတမန်ခင်းလောက၌ လေးစားစရာ ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည့် ကြီးကြယ်ခမ်းနားသည့် ပုဂ္ဂိုလ်အဖြစ်လည်း တချို့က ပြောစမှတ်ပြုကြ သည်။
ထိုကဲ့သို့ အငြင်းပွားဖွယ် အချက်များရှိနေသည့် ဟင်နရီကစ်ဆင်းဂျာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့၊ ၎င်း အသက် (၁၀၀) ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်းမကွယ် လွန်ခင် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအကြား ညှိ နှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာကြီးအားတည်ငြိမ်လုံခြုံစေရန် ဆောင်ရွက်ကြဖို့ တစိုက်မတ်မတ် တိုက်တွန်းပြောကြားခဲ့ သည့်အပြင် ဉာဏ်ရည်တုနည်းပညာ အသုံးချမှုတဆင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအကြောင်း စာရေးသားခြင်းနှင့် အင်တာဗျူးဖြေကြားခြင်းများအား ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ယခုနှစ် ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ ၎င်းကိုယ်တိုင်သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။ (မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် အမေရိကန်-တရုတ် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးဖြစ်ပေါ်လာမှုသည့် ကစ်ဆင်းဂျာ၏ တရုတ်ခရီးစဉ်မှ အလွတ်သဘောဆွေးနွေးမှုများကြောင့်လည်း တစိတ်တပိုင်းအားဖြင့် ဖြစ်နိုင်ချေရှိသည်။)
မည်သို့ပင်ဆိုစေကာမူ ဟစ်တလာဘေးရန်မှ လွတ်ကင်းရန် ဂျာမနီမှ အမေရိကသို့ ပြောင်းရွှေ့ခြေချလာသည့် အဆက်အသွယ်မရှိ၊ အရင်းအနှီးမရှိသော ဂျူးဘာသာဝင်မိသားစုမှ မွေးဖွားလာသော ဂျူးလူငယ်လေးတစ်ဦးအဖြစ်မှသည် အမေရိကန်နိုင်ငံနှင့် ကမ္ဘာတလွှားမှ လေးစားရသည့် သံခင်းတမန်ခင်း ဂုရုတစ်ပါးသို့တိုင် တက်လှမ်းနိုင်ခဲ့သည့် ဒေါက်တာ ဟင်နရီကစ်ဆင်းဂျာ၏ ဘဝခရီးကား ဤမှာပင် နိဂုံးကမ္ပတ်အဆုံးသတ်ခဲ့ပြီဖြစ်ပေသည်။ သို့ငြားသော်လည်း ဟင်နရီကစ်ဆင်းဂျာ၏ လေးစားဖွယ်ရာများနှင့် အငြင်းပွားဖွယ်ရာများ ရောနှောနေသည့် အမွေအနှစ်ကတော့ ကမ္ဘာ့နိုင်ငံရေးနှင့် သံတမန်ရေးလောက၌ ကမ္ဘာတည်သရွေ့ နက်နက်ရှိုင်းရှိုင်း ကျန်ရစ်နေဦးမည်သာ။ ။
ထင်လင်း (ပုသိမ်)
ကိုးကား။ ။ www.henryakissinger.com, https://digitalarchive.wilsoncenter.org, https://achievement.org, BBC, Al Jazeera
ကမ္ဘာ့သံခင်းတမန်ခင်းနှင့် ပထဝီနိုင်ငံရေးဂုရု (သို့မဟုတ်) အငြင်းပွားဖွယ် လူသား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်