၉ ကြိမ်မြောက်ပြိုင်ပွဲမှာ ၅ သင်းမြောက် ချန်ပီယံအသင်းသစ် ထွက်ပေါ်လာမယ့် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ

လင်းခေါင်

(၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (FIFA Women World Cup-FWWC) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ ဩစတြေးလျ နိုင်ငံ(အာရှဇုန်) နှင့် နယူးဇီလန်နိုင်ငံ(သမုဒ္ဒရာ ပိုင်းဇုန်) တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး တိုက်ကြီးခြောက်တိုက်မှ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်လာ သည့် အမျိုးသမီးနိုင်ငံလက်ရွေးစင်အသင်းပေါင်း ၃၂ သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲကို ဩစတြေးလျနိုင်ငံရှိ မြို့ကြီး ၅ မြို့မှ ကွင်းပေါင်း ၅ ကွင်းနှင့် နယူးဇီလန်နိုင်ငံရှိ မြို့ကြီး ၄ မြို့မှ ကွင်းပေါင်း ၅ ကွင်း စုစုပေါင်း မြို့ကြီး ၉ မြို့ရှိ ကွင်းပေါင်း ၁၀ ကွင်း၌ ကျင်းပလျက်ရှိပြီး အုပ်စုအဆင့်မှစတင်ကာ နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲပေါင်း ၆၂ ပွဲအထိ ယှဉ်ပြိုင်ကစား‌နေခြင်းဖြစ်သည်။

လက်ရှိတွင်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ပွဲစဥ်များအထိ ယှဉ်ပြိုင်ပြီးစီးခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ ဆွီဒင်ကိုအနိုင်ရရှိခဲ့သည့် စပိန်နှင့် အိမ်ရှင်ဩစတြေးလျကို အနိုင်ရရှိခဲ့သည့် အင်္ဂလန်တို့ တက်ရောက်လာနိုင်ခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ နောက်ဆုံးထုတ်ပြန်ထားခဲ့သည့် အမျိုးသမီး နိုင်ငံလက်ရွေးစင်အသင်းများ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အင်္ဂလန်အသင်းမှာ အဆင့် ၄ နှင့် စပိန်အသင်း မှာ အဆင့် ၆ နေရာများ၌ အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့သည့် စပိန်နှင့် အင်္ဂလန်တို့သည် ဩဂုတ်လ ၂၀ ရက်၊ မြန်မာစံတော်ချိန် ၄:၃၀ မိနစ်အချိန်တွင် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Sydney Olympics Park ရှိ Accor Stadium ဟု လူသိများသော ပရိသတ် ၈၁၅,၀၀၀ ကျော်ဝင်ဆန့်သည့် Stadium Australia ကွင်းကြီး၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ စပိန်နှင့် အင်္ဂလန်တို့၏ နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပမည့် Stadium Australia ကွင်းကြီးသည် ဘောလုံးပြိုင်ပွဲများအပြင် အားကစားပြိုင်ပွဲအများအပြားတို့အား လက်ခံကျင်းပနိုင်ရန် တည်ဆောက်ထားသည့် အိုလံပစ်စံချိန်မီ အဆင့်မြင့်အားကစားကွင်းတစ်ကွင်းဖြစ်ပြီး ၂၀၀၀ ခုနှစ် နွေရာသီက ကျင်းပပြုလုပ်ခဲ့သည့် ဆစ်ဒနီအိုလံပစ်ပြိုင်ပွဲအား လက်ခံကျင်းပနိုင် ရန် ကန်ဒေါ်လာသန်း ၆၉၀ ကျော်အကုန်အကျခံကာ ၁၉၉၉ ခုနှစ်၊ မတ်လကတည်ဆောက်ပြီးစီးခဲ့သည့် ပရိသတ် ၁၁၅,၀၀၀ အထိဝင်ဆံ့သော အားကစားကွင်းတစ်ကွင်းဖြစ်သည်။ ထို့အပြင် အိုလံပစ်အားကစားကွင်းများအနက် ကမ္ဘာ့အကြီးဆုံး အားကစားကွင်းတစ်ကွင်းဖြစ်ပြီး ဩစတြေးလျနိုင်ငံအတွင်း မဲလ်ဘုန်း ခရစ်ကတ်အားကစားကွင်းနောက် နိုင်ငံ၏ ဒုတိယအကြီးဆုံး အားကစားကွင်းတစ်ကွင်းလည်းဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံနှစ်နိုင်ငံမှ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း (ကျင်းပပြီးစီးခဲ့သည့် ပြိင်ပွဲရှစ်ကြိမ်တွင် အိမ်ရှင်အဖြစ် နိုင်ငံ တစ်ခုတည်း၌သာ ကျင်းပခဲ့ခြင်းဖြစ်သည်)၊ မတူညီသည့် တိုက်နှစ်ခုရှိ နိုင်ငံနှစ်နိုင်ငံက ပထမဆုံးအကြိမ် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းနှင့် ပထမဆုံးအကြိမ်အဖြစ် အသင်း ပေါင်း ၃၂ သင်းပါ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခြင်း စသဖြင့်ယခုနှစ်ပြိုင်ပွဲကို ယခင်ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲများထက် ပရိသတ်ပိုမိုစိတ်ဝင်စားလာစေရန် အပြောင်းအလဲများ ပြုလုပ်လာခဲ့သည်။

အသင်းအရေအတွက် တိုးမြင့်လာခြင်းနှင့်အတူ အသင်းသစ်များယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ယခုနှစ်ပြိုင်ပွဲကို အသင်း ၈ သင်းမှ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ သို့သော် အဆိုပါအသင်းသစ် ၈ သင်းအနက် မော်ရိုကိုအသင်းတစ်သင်းသာ အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပြီး ရှူံထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ယခုနှစ်ပြိုင်ပွဲတွင် ပရိသတ်မထင်မှတ်ထားသည့် အံ့အားသင့်ဖွယ်ရာများလည်းရှိခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များစွာ ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့အဆင့် ၁၆ နေရာ၌ ရပ် တည်နေခဲ့သည့် အိုက်စလန်အသင်းမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိဘဲ ခြေစစ်ပွဲမအောင်မြင်ခဲ့သည့် အသင်းများအနက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအသင်းဖြစ်ခဲ့သည်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံးအသင်းဖြစ်သလို (၇) ကြိမ်နှင့် (၈) ကြိမ်မြောက် ပြိုင်ပွဲများဖြစ်သည့် ၂၀၁၅ နှင့် ၂၀၁၉ ပြိုင်ပွဲများ၌ ချန်ပီယံဘွဲ့ကို ဆွတ် ခူးထားနိုင်ခဲ့သည့် လက်ရှိချန်ပီယံ အမေရိကန်အသင်းမှာ ရှုံးထွက်အဆင့်တွင် ဆွီဒင်အသင်းကို အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ အမျိုးသမီးဘောလုံးလောက၌ အင်အား ကြီးအသင်းတစ်သင်းဖြစ်သလို လက်ရှိကမ္ဘာ့အဆင့် ၁ နေရာ၌ ရပ်တည်နေခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ ၈ ကြိမ်စလုံးတွင် အနိမ့်ဆုံး ဆီးမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ ၁၉၉၁၊ ၁၉၉၉၊ ၂၀၁၅ နှင့် ၂၀၁၉ ပြိုင်ပွဲများ၌ ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့သည့် အမေရိကန်အသင်းမှာ ပြိုင်ပွဲမှ စောစီးစွာထွက်ခွာခဲ့ရခြင်းဖြစ်သည်။ ချန်ပီယံဆုကို (၄) ကြိမ်အ ထိ ဆွတ်ခူးထားနိုင်ခဲ့ကာ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ချန်ပီယံအဖြစ် ရေပန်းစားခဲ့သည့် အမေရိကန်အသင်းအတွက် မှန်းချက်နှင့် နှမ်းထွက် လွဲခဲ့ရကာ အရှက်ရဖွယ်ဖြစ်ခဲ့သည့် ပြိုင်ပွဲလည်းဖြစ်သည်။

အလားတူပင် ချန်ပီယံဆုကို (၂) ကြိမ်အထိ ဆွတ်ခူးထားခဲ့သည့် ပြိုင်ပွဲ၏ ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်သော ဂျာမနီအသင်းမှာလည်း အရှက်တကွဲအကျိုးနည်းဖြစ်ကာ အုပ်စု အဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။ ဂျာမနီအသင်းမှာ ပြိုင်ပွဲမစတင်မီက ချန်ပီယံဖြစ်ရန် ရေပန်းစားခဲ့သည့် အသင်းတစ်သင်းဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲတိုင်း၌ အနိမ့်ဆုံး ကွာ တားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ကာ ၂၀၀၃ နှင့် ၂၀၀၇ ပြိုင်ပွဲများ၌ ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်ပြိုင်ပွဲတွင်မူ အံ့အားသင့်ဖွယ်ကောင်းလောက် အောင်ပင် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။

ထို့အတူပင် ချန်ပီယံဖြစ်ရန် ရေပန်းစားခဲ့သည့် ထိပ်သီးအသင်းများဖြစ်သော ဘရာဇီးလ်နှင့် တရုတ်တို့မှာလည်း ပြိုင်ဘက်အသင်းများ၏ နောက်ကောက်ချခြင်းကိုခံခဲ့ရကာ အုပ်စု အဆင့်မှပင် လှည့်ပြန်ခဲ့ရသည်။ ချန်ပီယံဟောင်းများဖြစ်သည့် နော်ဝေနှင့် ဂျပန်တို့မှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ရှုံးထွက်အဆင့်၌ ထိပ်တိုက်ရင် ဆိုင်ခဲ့ရပြီး နော် ဝေမှာ ဂျပန်ကို အရှုံးပေးခဲ့ရသည်။ နော်ဝေအားကျော်ဖြတ်နိုင်ခဲ့သော်လည်း ဂျပန်အသင်းမှာ ဆွီဒင်အသင်းနှင့်ရင်ဆိုင်ခဲ့ရာမှာ အရှုံးပေးခဲ့ရပြီး ကွာတားဖိုင်နယ်အဆင့်နှင့်သာ ကျေ နပ်ခဲ့ရသည်။ ယခင်ပြိုင်ပွဲများ၌ ခြေစွမ်းကောင်းသော်လည်း ချန်ပီယံဖြစ်ရန် ဇာတာမပါခဲ့သည့် ဆွီဒင်အသင်းမှာ ချန်ပီယံဟောင်းများ ပြိုင်ပွဲမှ စောစီးစွာထွက်ခွာခဲ့ရသည့် ယခုတစ် ကြိမ်ပြိုင်ပွဲ၌ ချန်ပီယံအိပ်မက်ကို အသက်သွင်းခွင့်ရရှိခဲ့သော်လည်း ကံ‌ထပ်ခေခဲ့ရ ပြီး ဆီမီးဖိုင်နယ်အဆင့်၌ စပိန်အသင်းကို နောက်ကျဂိုးများခွင့်ပြုခဲ့ရကာ နောက်ဆုံးဗိုလ်လုပွဲနှင့် လွဲခဲ့ရပြန်သည်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသည် ချန်ပီယံဟောင်းများ၊ ချန်ပီယံဖြစ်ရန် ရေပန်းစားသည့် အသင်းများနှင့် အင်အားကြီး ထိပ်သီးအသင်းများအတွက် ကံဆိုးမိုး‌မှောင်ကျခဲ့ရ သလို အရှက်တစ်ကွဲ အကျိုးနည်းဖြစ်ခဲ့ရသည့် ပြိုင်ပွဲဖြစ်ခဲ့သည်။

ထိပ်သီးအသင်းများအတွက် ကံဆိုးခဲ့ရသလို အဆိုပါအသင်းများမှလွဲ၍ ပရိသတ်အများစု ထင်မှတ်မထားသော အံ့အားသင့်ဖွယ်ရာများကို ဖန်တီးနိုင်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့ သည်။ ယခုနှစ်ပြိုင်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် အသင်း ၈ သင်းတွင် မော်ရိုကိုမှလွဲ၍ ကျန်အသင်းများမှာ ရလဒ်များဆိုးရွာစွာကြုံ တွေ့ခဲ့ရသည်။

အံ့အားသင့်ဖွယ် ကောင်းလှသည်မှာ ဖိနှိပ်ချုပ်ချယ်မှုများစွာဖြင့် အမျိုးသမီးများရှင်သန်ကြရသည့် အာရပ်ကမ္ဘာမှ ပထမဆုံးအသင်းအဖြစ် ခြေစစ်ပွဲအောင်မြင်လာခဲ့သည့် မော်ရိုကို အသင်းမှာ ထင်မှတ်မထားသည့် ရလဒ်များဖြင့် ဘောလုံးရပ်ဝန်းကို ကိုင်လှုပ်ပြခဲ့သည်။ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိကာ အောင်မြင်မှုရရှိခဲ့သ လိုပင် အမျိုးသမီးအသင်းမှာလည်း ပထမဆုံးအကြိမ် ခြေစစ်‌ပွဲအောင်မြင်လာခဲ့သည့်အချိန်တွင် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သော်လည်း အင်အားကြီး ဂျာမနီ၊ အာရှထိပ်သီး တောင်ကိုရီးယားကဲ့သို့ အသင်းများကိုကျော်ဖြတ်ကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုအဆင့်တွင် ပြင်သစ်အသင်းနှင့်ဆုံတွေ့ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသော် လည်း အာရပ်ကမ္ဘာမှ အမျိုးသမီးအသင်းတစ်သင်းအနေဖြင့် အောင်မြင်မှုအချို့ ရရှိခဲ့သည်ဟုပင် ဆိုနိုင်သည်။

ထို့အပြင် အာဆီယံဒေသတွင်းမှ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်လာသော အသင်းများဖြစ်သည့် ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့မှာ အုပ်စုအဆင့်ဖြင့်ပင် ကျေနပ်ခဲ့ရသော်လည်း ဖိလစ်ပိုင်အသင်းမှာ အုပ်စုဒုတိယပွဲစဉ်တွင် အိမ်ရှင်နယူးဇီလန်အသင်းကို အနိုင်ရရှိခဲ့သည်မှာလည်း ၎င်းတို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။

အလားတူပင် ကိုလံဘီယာအသင်း၏ အောင်မြင်မှုနှင့်အတူ ထွက်ပေါ်လာသည့် အသက် ၁၈ နှစ်အရွယ် ကြယ်ပွင့်ကစားသမား လင်ဒါကိုင်စီဒို၏ ပုံရိပ်များမှာလည်း ဘောလုံးပရိ သတ်၏ရင်ကို ကိုင်လှုပ်နိုင်ခဲ့သည်။ ဆယ်ကျော်သက်ကစားသမားလေး လင်ဒါမှာ ရင်သားကင်ဆာရောဂါဆိုးကြီးကို ကြုံတွေ့ခဲ့ရသော်လည်း အလျှော့မပေးသည့် မာကျောသော စိတ်ဓာတ်မျိုးဖြင့် ရောဂါကိုအန်တုနိုင်ခဲ့သလို ပြိုင်ပွဲအတွင်း ၎င်း၏အားပါပြင်းထန်သော အဝေးကန်ချက်များမှာ ၎င်း၏စိတ်ဓာတ်ကဲ့သို့ပင် မာကျောပြင်းထန်မှုများဖြင့် ပြိုင်ဘက် အသင်းများကို အလဲထိုးကျော်ဖြတ်ကာ ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် ကွာတားဖိုင်နယ်အဆင့်တွင် ကိုလံဘီယာအသင်းမှာ နာမည်ကြီး အင်္ဂလန်အ သင်းနှင့် ရင်ဆိုင်ခဲ့ရကာ အားမတန်၍ မာန်လျော့ခဲ့ကြရသည်။

နောက်ဆုံးဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းလာခဲ့သည့် စပိန်နှင့် အင်္ဂလန်အသင်းတို့မှာလည်း ပရိသတ်များ ထင်မှတ်မထားသည့်ကြားမှ ပြိုင်ပွဲတစ်လျှောက် ပုံစံကောင်းများပြသကာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အံ့အားသင့်ဖွယ် ဖြစ်ရပ်များအပြင် ယခုပြိုင်ပွဲကာလအတွင်း ကျား၊ မ တန်းတူညီမျှရေးအတွက် လှုပ်ရှားမှုများသည်လည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ သည်ဟု ဆိုနိုင်သည်။ ပြိုင်ပွဲကာလအတွင်း ပြုလုပ်ခဲ့ကြသည့် ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုများအနက် UN Women နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ သည့် လှုပ်ရှားမှုတစ်ခုသည် ထူးထူးခြားခြား အောင်မြင်မှုရရှိခဲ့သည်ဟုပင် ဆိုနိုင်သည်။

ပြိုင်ပွဲကာလအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများနှင့် ကစားသမားများ၏ ကျွမ်းကျင်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုရန်၊ ဘောလုံးကမ္ဘာအတွင်း ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်ရန်နှင့် ကွင်းတွင်း၊ ကွင်းပြင်အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ခွဲခြားဆက်ဆံခံရမှုများကို တားဆီးရန်တို့အတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲမစတင်မီ တစ်ရက်အလိုမှစတင်ကာ UN Women နှင့် FIFA တို့ ပူးပေါင်း၍ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လှုပ်ရှားမှုတစ်ခုကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလှုပ် ရှားမှုတွင် ပြိုင်ပွဲကာလအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများနှင့် ကစားသမားများ၏ ကျွမ်းကျင်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုရန်၊ ဘောလုံးကမ္ဘာအတွင်း ကျား၊ မ တန်းတူ ညီမျှမှုကို မြှင့်တင်ရန်နှင့် ကွင်းတွင်း၊ ကွင်းပြင်အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ခွဲခြားဆက်ဆံခံရမှုများကို တားဆီးရန်တို့အတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကိစ္စရပ်များကို လှုံ့ဆော်နိုင်ရန်အတွက် ပြိင်ပွဲကာလအတွင်း ကျား၊ မတန်းတူညီမျှမှုမရှိသည့် ပြဿနာရပ်များကို ဟိုက်လိုက်လုပ်ဖော်ပြခဲ့ပြီး လူသားတိုင်း ကျား၊ မ တန်းတူညီ မျှမှုကို အခြေခံလူ့အခွင့်အရေးအဖြစ် အသိအမှတ်ပြုရန်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ကြရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲတွင် အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည့် LGBT အခွင့်အရေးအတွက် လှုပ်ရှားမှုဖြစ်သည့် သက်တံ့ရောင်နှင့် One Love စာတန်းပါ အသင်းခေါင်းဆောင် လက်ပတ်များအတွက် အမျိုးသမီးပြိုင်ပွဲ၌မူ FIFA မှ ပြိုင်ပွဲဝင်အသင်းများနှင့်ညှိနှိုင်းကာ လပေါင်းများစွာအချိန်ယူ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သည်။

အမျိုးသမီးပြိုင်ပွဲတွင်လည်း သက်တံ့ရောင်နှင့် One Love စာတန်းပါ အသင်းခေါင်းဆောင်လက်ပတ်များကို တားမြစ်ခဲ့သော်လည်း အလားတူအဓိပ္ပါယ်သက်ရောက်သည့် FIFA မှ ဒီဇိုင်းအထူးပြုလုပ်ထားသည့် အစားထိုးလက်ပတ်များကိုမူ ဝတ်ဆင်ခွင့်ပြုပေးခဲ့သည်။

ယခုတစ်ကြိမ်ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် နှစ်နိုင်ငံအနက် ဩစတြေးလျနိုင်ငံမှာ အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ကျင်းပနိုင်ခဲ့သော်လည်း နယူးဇီလန်နိုင်ငံမှာ အခက်အခဲများကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေ့ဖြစ်သော ဇူလိုင် ၂၀ ရက်နေ့၊ မနက်ပိုင်းတွင် နယူးဇီလန်နိုင်ငံ၊ အော့ခ်ကလန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် ကွင်းအနီးပတ်ဝန်းကျင်၌ လူအများအပြားသေဆုံးခဲ့သည့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကစားသမားများအတွက် လုံခြုံရေးအာမခံချက်များ ဖြင့် ပြိုင်ပွဲကို စတင်ကျင်းပခဲ့ရသည်။ ထို့အတူပင် ဩဂုတ်လ ၃ ရက်နေ့၌လည်း ပစ်ခတ်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့သေးသည်။ အလားတူပင် ဇူလိုင် ၂၂ ရက်နေ့၊ ညပိုင်းတွင် အိမ်ရှင်န ယူးဇီလန်အသင်း တည်းခိုသည့်ဟိုတယ်၌ သံသယဖြစ်ဖွယ် မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ကစားသမားများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့သော်လည်း လုံ ခြုံရေးပိုင်းအတွက် လူအများက ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။

နောက်ပိုင်းတွင် မီးလောင်ကျွမ်းမှုနှင့် ဇူလိုင် ၂၀ ရက်နေ့ ပစ်ခတ်မှုသည် ဆက်စပ်မှုရှိနိုင်သည်ဟု လူအများက သံသယရှိလာသဖြင့် နယူးဇီလန်ဘောလုံးအဖွဲ့ချုပ်မှ ဆက်စပ်မှုမရှိ ကြောင်း ငြင်းဆိုခဲ့သည်။ ယခုကဲ့သို့ အခက်အခဲများကြားမှ နယူးဇီလန်နိုင်ငံသည် ပြိုင်ပွဲကို အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့အတွက် ဂုဏ်ယူစရာ အခိုက်အ တန့်ဖြစ်ခဲ့သည်။

ယခုနှစ်ပြိုင်ပွဲ၏ စုစုပေါင်းဆုကြေးငွေမှာ ကန်ဒေါ်လာ သန်း ၁၁၀ အထိ မြင့်တက်လာခဲ့ပြီး ယခင်နှစ်ပြိုင်ပွဲထက် သန်း ၈၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အမျိုးသားကမ္ဘာ့ ဖလားအပြင် ယခင်နှစ်ပြိုင်ပွဲများ၌ အသင်းလိုက်ဆုကြေးငွေများ ပေးအပ်ခြင်းဖြစ်သော်လည်း ယခုနှစ်ပြိုင်ပွဲတွင် အသင်းလိုက်ဆုကြေးအပြင် ကစားသမားတစ်ဦးချင်းစီအလိုက် ဆုကြေးရရှိမည်ဖြစ်ပြီး ချန်ပီယံဖြစ်သည့်အသင်းမှာ ကန်ဒေါ်လာ ၄.၂ သန်းအထိ ရရှိမည်ဖြစ်ပြီး ချန်ပီယံအသင်းမှ ကစားသမားများမှာ တစ်ဦးလျှင် ဒေါ်လာ ၃ သိန်းနီးပါးအထိ ရရှိ မည်ဖြစ်သဖြင့် ဆုကြေးငွေစုစု ပေါင်း ၁၀ သန်းကျော်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ မတ်လတွင် ကမ္ဘာလုံးဆိုင်ရာ ကစားသမားများသမဂ္ဂ (FIFPRO) သည် ပြိုင်ပွဲများအပြီးတွင် ကစားသမားများ ဆုကြေးငွေမရရှိသည့် ပြဿနာများကြောင့် အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ရပ်စလုံး၌ ကစားသမားများ ဆုကြေးငွေရရှိမှု သေချာစေရန်နှင့် အမျိုးသမီးပြိုင်ပွဲများ၌ ကစားသမားတစ်ဦးလျှင် ဆုကြေးငွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်းရရှိမှု သေချာစေရန် ယခုကဲ့သို့လုပ်ဆောင်ရန် အစီရင်ခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုနှစ်ပြိုင်ပွဲ ချန်ပီယံဆုကိုရရှိမည့်အသင်းမှာ ဆုဖလား၊ အသင်းလိုက်ဆုကြေးအပြင် ကစားသမား တစ်ဦးချင်းစီအလိုက် ဆုကြေးများပါ ရရှိခံစားနိုင်မည်ဖြစ်သည်။

ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အသင်းနှစ်သင်းအနက် စပိန်အသင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြင့်ဆုံးတက်လှမ်းနိုင်မှုအဖြစ် ရှုံးထွက် ၁၆ အသင်းအဆင့်သာ ရောက်ရှိခဲ့ ခြင်းဖြစ်ပြီး အင်္ဂလန်အသင်းမှာလည်း အမြင့်ဆုံးတက်လှမ်းနိုင်မှုအဖြစ် ၂၀၁၅ ခုနှစ်ပြိုင်ပွဲ၌ တတိယနေရာရရှိခဲ့ခြင်းသည် အမြင့်ဆုံးအောင်မြင်မှုများပင်ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲ တွင် နှစ်သင်းစလုံး သမိုင်းသစ်ရေးထိုးရန် နောက်ဆုံးဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အသင်း ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရရှိသွားမည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ (၈) ကြိမ်တွင် အမေရိကန်အမျိုးသမီးအသင်းက ချန်ပီယံဆုအား (၄) ကြိမ်၊ ဂျာမနီအ သင်းက (၂) ကြိမ်နှင့် ဂျပန်နှင့် နော်ဝေအသင်းတို့က (၁) ကြိမ်စီ ဆွတ်ခူးထားခဲ့ပြီး ယခုတစ်ကြိမ်ပြိုင်ပွဲ၌ ချန်ပီယံအသင်းသစ် ပေါ်ထွက်လာတော့မည်ဖြစ်သည်။ ထို့အပြင် ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲသမိုင်းတစ်လျှောက် All Europe Final အဖြစ် နှစ်ကြိမ်ရှိခဲ့ပြီး ယခုတစ်ကြိမ်မှာ တတိယအကြိမ်မြောက်ဖြစ်ကာ (၉) ကြိမ်မြောက်၌ (၅) သင်းမြောက် ချန်ပီယံအသင်းသစ်အဖြစ် မှတ်တမ်းရေးထိုးခွင့်ရရှိမည့်အသင်းမှာ စပိန်အ သင်းလား အင်္ဂလန်အသင်းလားဆိုသည်ကို စောင့်ကြည့်သွားရမည်ဖြစ်သည်။

လင်းခေါင်

Photo: FIFA+, BDFC, IrishTimes, Fox

၉ ကြိမ်မြောက်ပြိုင်ပွဲမှာ ၅ သင်းမြောက် ချန်ပီယံအသင်းသစ် ထွက်ပေါ်လာမယ့် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.