မောင်ဂျေ
ဒီကနေ့ခေတ်မယ် ဖေ့စဘုတ်ဖွင့်လည်း ဘလော့ဂါ၊ တစ်တော့ဘက်ကြည့်လည်း ဘလော့ဂါ၊ ယူကျူ့ဘက်လှည့်ပြန်တော့လည်း ဘလော့ဂါရယ်လို့ ဘယ်လူမှုကွန်ရက်ရဲ့ ဘယ်အရပ် မျက်နှာကြည့်ကြည့် ဘလော့ဂါဆိုသဟာတွေ မျက်စိရှေ့မလွတ်တမ်းတွေ့နေ၊ မြင်နေရတာ အားရစရာကောင်းလိုက်ပါဘိ။
ထိုထိုသောဘလော့ဂါတွေထဲ အီးဗွီဘလော့ဂါ။ အီးပီစီဘလော့ဂါဆိုတဲ့ အီးဘလော့ဂါတွေတောင် ပါလိုက်သေး။ ပါမှာပေါ့ ဒီခေတ်က သူတို့ခေတ်ကိုး။ အီးဗွီဘလော့ဂါဆိုသူတွေက လျှပ်စစ်ကားတွေအကြောင်း အာပေါင်အာရင်းသန်သန်နဲ့ မစားရဝခမန်း ပြောဆိုတင်ဆက်ကြပေမယ့် အီးပီစီဘလော့ဂါဆိုသူတွေကတော့ နေ့စဉ်မကြာမကြာလာ၊ ခဏခဏလာနေတတ်တဲ့ လျှပ်စစ်မီးအကြောင်း ကလော်တုတ်တာကနေ ဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်၊ ဘယ်ဇနပုဒ်ကတော့ဖြင့် ဘယ်အချိန်ကနေ ဘယ်အချိန်ထိက လာရမယ့်အချိန်၊ ဘယ်အချိန်ကနေ ဘယ်အချိန်ထိက ပြတ်ရမယ့်အချိန်ဆိုပြီး စစ်တမ်းလုပ်စောင့်ကြည့် ပြောဆိုတာရှိသလို လာရမယ့်အချိန်မလာ၊ မလာရမယ့်အချိန်လည်း မလာတဲ့အကြောင်းတွေကို ခရေစေ့ တွင်းကျ သေချာဂန နေ့စဉ်မပြတ် စစ်တမ်းလုပ်တင်ဆက်နေသူတွေပေါ့။ ဒီလို အမျိုးစုံကြိုးခုန်ဘလော့ဂါတွေထဲ ပူစီဘလော့ဂါဆိုတာတောင် တလောတုန်းကပေါ်ထွက်လာလိုက် သေး။
ဤသို့ဤနှယ် ဘလော့ဂါဆိုတာတွေ ရေပန်းစားနေတဲ့ခေတ်ထဲ အကျွန်ုပ်မောင်ဂျေလည်း အကြံကုန်ဂဠုန်ဆားချက်ဆိုသလို ဘလော့ဂါအဖြစ် တစ်နေရာရာလောက်ကနေ ဝင်လုပ်ရင်ကောင်းမလားလို့တွေးမိတယ်။ ဘယ်လိုဘလော့အမျိုးအစားလုပ်ရင်ကောင်းမလဲလို့လည်း နေ့နေ့ညည အချိန်တိုင်းစဉ်းစားနေမိတော့တာပေါ့။
ဒီလိုနဲ့ တွေးရင်း၊ စဉ်းစားရင်း၊ စဉ်းစားရင်း၊ တွေးရင်း ခေါင်းထဲတင်မက လျှာဖျားအထိပါရောက်လာတာက ဒီကနေ့ ကာလအတွင်ကျယ်ဆုံးဖြစ်တဲ့ ဖုဒ်ဘလော့ဂါပေါ့။ သေချာစုံစမ်း စေ့ငုကြည့်တော့မှ ကင်မရာရှေ့ အားပါးတရ စားပြနေတဲ့ မြင်ကွင်းတွေအပြင် ကင်မရာနောက်ကွယ်က အင်မတိအင်မတန်နာရတဲ့ ဇာတ်တွေပါ မြင်လာရတော့တယ်။ ဒီလိုတော့ မဖြစ်သေးပါဘူးလေဆိုပြီး လှမ်းမယ့်ခြေကို အသာနောက်ပြန်ရုပ်လို့ ဒုတိယနေရာက တွေးမိလာပြန်တဲ့ ထွာဗယ်လ်ဘလော့ဂါဘက် လှည့်မိတယ်။ အကျွန်ုပ်မောင်ဂျေဟာ ဟိုသွား၊ ဒီသွားလေးကလည်း ဝါသနာထုံဆိုတော့ ထည့်စဉ်းစားကြည့်မိတာပေါ့။
သို့ပေတဲ့ စုံစမ်းကြည့်ပြန်တော့ သူက ဖုဒ်ထက်တောင်သာဆိုးသေးဆိုပဲ။ အရင်ဆုံး အိတ်စိုက်ချည်းပဲ။ ဒီကြားထဲ ဒီကနေ့ခေတ်အခြေအနေနဲ့က ရန်ကုန်ထဲတောင် စိတ်လွတ်၊ ကိုယ်လွတ် မသွားရဲတဲ့နေရာတွေက အများသားဆိုတော့ ဒါလည်းမဖြစ်သေးပါဘူးလေဆိုပြီး တခြားဘက်လှည့်တွေးရင်း နောက်ထပ် နေ့နေ့ညည သုံးလေးငါးကြိမ်လောက်ကုန်ဆုံးသွားပြန်ပါတယ်။
အခုခေတ်က နဂါးတွေ ခေတ်စားနေတာဆိုတော့ နဂါးဘလော့ဂါဆိုပြီးလုပ်ရင်ကောလို့ တွေးမိပြန်တော့ မတ်တပ်ပူး၊ ငုတ်တုတ်ပူး၊ တုံးလုံးပူး၊ လူးလှိမ့်ပူး၊ ရေထဲပူး၊ ရေပေါ်ပူး၊ မြေပေါ်ပူးနဲ့ အပူးစုံလှတဲ့ ပူးနဂါးတွေနဲ့ငါနဲ့ ကီးကိုက်မယ်မထင်ပါဘူးလေဆိုပြီး လက်လျှော့ရပြန်ရော။ ဒီလိုနဲ့ နဖူးပေါ်လက်တင်ထားမိတဲ့ တစ်ညမှာတော့ ကိုယ်နဲ့လည်းမဝေး၊ မစိမ်းတဲ့ဟာတစ်ခုကို တွေးမိလာတယ်။
အဲဒါက ဝိုင်ဘီအက်စ်ပေါ့။ ရန်ကုန်ရဲ့ ဇာတ်လိုက်ကျော်ကြီးပေါ့။ သူနဲ့ မောင်ဂျေနဲ့က မစိမ်းဘူး။ မစိမ်းဆို အိမ်ကမိန်းမနဲ့တောင် သူ့လောက်အနေမကြာ၊ အနေမနီးဘူးရယ်။ ကြာမှာပေါ့။ နီးမှာပေါ့။ တစ်နေ့တစ်နေ့ ယာဉ်ကြောကျပ်၊ လမ်းပိတ်စတာတွေကြောင့် ပုံမှန်နာရီဝက်ခရီးကို သုံးနာရီလောက်စီးရ၊ ပုံမှန်တစ်နာရီခရီးကို လေးငါးနာရီစီးရဆိုတော့ တွက်သာကြည့်ပေါ့။ ဒါတောင် မိုးရွာတဲ့နေ့မဟုတ်လို့။ မိုးများရွာလို့ကတော့ နှစ်ဆ၊ သုံးဆ။ ဒီလို ကျပ်သုံးရာ၊ လေးရာနဲ့ တစ်ညောင်းတန်အောင်စီးခွင့်ရတာဟာလည်း အားသာချက်ပဲမဟုတ်လား။ ပြီးတော့ ဖုဒ်တို့၊ ထွာဗယ်လ်တို့နဲ့ ယှဉ်ကြည့်ရင် ကုန်ကျစရိတ်အတော်သက်သာတဲ့ဟာ မဟုတ်လား။
ပြီးတော့ ဒါကြီးက မောင်ဂျေ နေ့စဉ်နဲ့အမျှ မစီးချင်လည်းစီးရ၊ မသွားချင်လည်းသွားနေရတဲ့ဟာဆိုတော့ ဖုဒ်တို့၊ ထွာဗယ်လ်တို့လို တကူးတကအိတ်စိုက်ထုတ်ကုန်စရာမဟုတ်တော့ လုပ်ရတန်တယ်လို့ တွေးမိတယ်။ အရှိန်လေးများရလာလို့ ကြော်ငြာတွေ၊ စပွန်ဆာတွေများလိုက်လာရင်အမြတ်ပေါ့။ ယုတ်စွအဆုံး ကြော်ငြာတို့၊ စပွန်ဆာတို့ မလိုက်နေဦး ဝိုင်ဘီအက်စ်ဘလော့ဂါကြီးဆိုပြီး နာမည်ကြီးသွားရင် ဝိုင်ဘီအက်စ်ကားဆရာကြီးတွေက အခမဲ့စီးခွင့်ပေးလာနိုင်တယ်။ ဒီတော့ ဒီခေတ်ဒီကာလထဲတစ်ကြောင်း ကျပ်လေးရာသက်သာလည်း နည်းသလားနော့။
ဒီလိုနဲ့ မောင်ဂျေလေးဟာ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုရှိလှတဲ့ ဝိုင်ဘီအက်စ်တွေအကြောင်း အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးတွေကို ထဲထဲဝင်ဝင်တင်ဆက်ပေးတော့မဟဲ့လို့ စိတ်ကို ဒုန်းဒုန်းချဆုံးဖြတ်လို့ “ဝိုင်ဘီအက်စ် ဘလော့ဂါ”အဖြစ် ဒီနေ့၊ ဒီရက်ကစ ခံယူလိုက်ပြီဖြစ်ပါတယ်။
ကိုယ့်ဖာသာပေးလိုက်တဲ့ ရာထူးလက်ခံရရှိပြီဆိုတော့ ရာထူးနဲ့လျှော်ညီတဲ့ ဝိုင်ဘီအက်စ်တွေရှိရာဆီ အရောက်သွားရတော့မှာပေါ့။ ဒီတော့ ဘေးလွယ်အိတ်တစ်လုံးထဲ လိုအပ်မယ်ထင်တဲ့ ပစ္စည်း၊ ပစ္စယတချို့နဲ့ လက်ကိုင်ဖုန်းကို ထည့်လွယ်ပြီး ဝိုင်ဘီအက်စ်တို့လာရာမှတ်တိုင်ဆီ ဦးတည်လိုက်ပါတယ်။
“ ကားပေါ်ရောက်တယ်ဆိုရင်ပဲ ကတ်ဖြတ်ဖို့ စက်ဆီလက်လှမ်းလိုက်ချိန် ကတ်ဖြတ်မယ့်စက်ဟာ အကျွန်ုပ် မောင်ဂျေ့ကို စိတ်ကောက်တော်မူပြီး တဖက်ကို လှည့်နေပါတော့တယ်။ ဒီမြင်ကွင်းအပေါ် မောင်ဂျေလည်း ကြောင်အမ်းအမ်းဖြစ်နေချိန် “စက်ပျက်နေတယ်” ဆိုတဲ့ ကားဆရာကြီးဆီက ခပ်ပြတ်ပြတ်စကားတစ်ခွန်းကို ကြားလိုက်ရပါတယ်။“
မှတ်တိုင်ကိုရောက်ပြီး ခဏအကြာမှာပဲ ဝိုင်ဘီအက်စ်တစ်စီး ဆိုက်ရောက်လာတာမို့ လက်တစ်ဖက်က ဝိုင်ပီအက်စ် ငွေပေးချေကတ်ကိုကိုင်၊ ကျန်တစ်ဖက်က ကားတံခါးပေါက်က သံတန်းကိုအားပြုလို့ ကားပေါ်တိုးတက်လိုက်ပါတယ်။ ကားပေါ်ရောက်တယ်ဆိုရင်ပဲ ကတ်ဖြတ်ဖို့ စက်ဆီလက်လှမ်းလိုက်ချိန် ကတ်ဖြတ်မယ့်စက်ဟာ အကျွန်ုပ် မောင်ဂျေ့ကို စိတ်ကောက်တော်မူပြီး တဖက်ကို လှည့်နေပါတော့တယ်။ ဒီမြင်ကွင်းအပေါ် မောင်ဂျေလည်း ကြောင်အမ်းအမ်းဖြစ်နေချိန် “စက်ပျက်နေတယ်” ဆိုတဲ့ ကားဆရာကြီးဆီက ခပ်ပြတ်ပြတ်စကားတစ်ခွန်းကို ကြားလိုက်ရပါတယ်။
ဒီတော့လည်း အကြွေဆောင်ထားရာအိတ်ဆီလက်နှိုက်၊ ဘိုလို Cash Box လို့ခေါ်တဲ့ သံပုံးထဲ ပိုက်ဆံထည့်မယ်လုပ်တုန်း စောစောကခပ်ပြတ်ပြတ်ကားဆရာကြီးဆီက ခပ်ပြတ်ပြတ်စကားတစ်ခွန်း ထပ်ကြားရပါတယ်။
“ဒီကိုပေး”
ထိုစကားလုံးတွေနဲ့အတူ သူ့ရဲ့ တုတ်တုတ်ခိုင်ခိုင်လက်ကြီး မောင်ဂျေ့မျက်နှာရှေ့အထိ ယိမ်းထိုးပြီး ရောက်လာပါတော့တယ်။ ဒီတော့လည်း လက်ထဲပါလာတဲ့အကြွေတွေ ခပ်ပြတ်ပြတ်ကြီးလက်ထဲ အသာထိုးထည့်ပေးလိုက်ရပါတော့တယ်။ မပေးလို့လည်းမဖြစ်ဘူးလေ သူ့လက်တစ်ဖက်တင် မောင်ဂျေ့တကိုယ်စာလောက်ရှိတာကိုး။
ဒီလိုနဲ့ အဲယားကွန်းတပ် ဘက်စ်ကားကြီးပေါ် ချွေးတလုံးလုံးနဲ့ အတင်းတိုးဝှေ့စီးလာရင်း တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင်ဖြတ်လာခဲ့ပါတယ်။ ကိုယ့်ဖာသာပေးထားတဲ့ ဝိုင်ဘီအက်စ်ဘလော့ဂါရာထူးရဲ့ ပထမဆုံးနေ့မှာတင် ဘလော့ဂါကြီးအတွက် အတွေ့အကြုံတွေ တစ်ပုံတစ်ပင်၊ တစ်ထူးတစ်ဆန်းပါပဲ။ ဒီအတွေ့အကြုံတွေက လွန်ခဲ့ပြီးတဲ့ ဝိုင်ဘီအက်စ်စီးကာလ တွေမှာရော မတွေ့ရ၊ မကြုံရခဲ့ဘူးလားဆိုတော့ တွေ့ရ၊ ကြုံရပါတယ်။ ကိုယ့်ဖာသာပေးထားတဲ့ ရာထူးလက်ခံရပြီးမှကြုံရတဲ့ အတွေ့အကြုံနဲ့ ရာထူးလက်ခံမရခင်က အတွေ့အကြုံကတော့ တူရင်တောင် အရသာချင်းဘယ်တူပါ့မလဲလေ။ ဟဲဟဲ…ဟဲဟဲ။ ကိုယ့်အတွေးနဲ့ ကိုယ်တစ်ယောက်တည်းကြိတ်ရယ်ရင်း ဝိုင်ဘီအက်စ် ဘလော့ဂါပီပီ ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်မိပါတယ်။
“ခါးပိုက်နှိုက်သတိပြု”
ဟုတ်ပါတယ်။ အဲဒီစာလုံးတွေရေးထိုးထားတဲ့ စတေကာတစ်ခု မတ်တပ်ရပ်စီးနေတဲ့ မောင်ဂျေ့မျက်နှာရှေ့တည့်တည့်က ကားနံရံမှန်ချပ်ပေါ်မှာ ထင်းထင်းကြီးတွေ့လိုက်ရတော့တာပါပဲ။ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ စိတ်တစ်ခုဟာ လှုပ်နှိုးခံလိုက်ရပါတယ်။ သွေးတိုးချင်သလိုလို၊ လေဖြတ်ချင်သလိုလို၊ ဆီးချိုတက်ချင်သလိုလိုနဲ့ ရှိသမျှ ရောဂါပေါင်းစုံ ဝင်ပူး ကပ်လာသလိုတောင်ဖြစ်လာပါတယ်။ မဖြစ်ခံနိုင်ရိုးလား။ ဒီဝိုင်ဘီအက်စ်ပေါ်မယ် အကျွန်ုပ်မောင်ဂျေ အတွေ့အကြုံအများဆုံးကလည်း အဲဒီခါးပိုက်နှိုက်ဆိုသူတွေရဲ့ နှိုက်နည်းမျိုးစုံနဲ့အနှိုက်ခံရခြင်းတွေပဲ မဟုတ်လား။ ရှိရင်းစွဲ ခါးပိုက်နှိုက်ထရော်မာကို နံရံပေါ်ကစာသားက လှုပ်နှိုးလိုက်တာပါပဲ။
အဲဒီနောက် လွယ်ထားတဲ့အိတ်ဆီ လက်နှစ်ဖက်က အလိုလိုရောက်သွားပြီး ကျစ်ကျစ်ပါအောင်ပွေ့ပိုက်ထားလိုက်မိပါတယ်။ တပြိုင်တည်းမှာပဲ အဆင်းတံခါးပေါက်ရှိရာဆီတိုးဝှေ့ထွက်လို့ “ဆင်းမည့်မှတ်တိုင် ဘဲလ်ကြိုတီးပါ” ဆိုတဲ့အတိုင်း ဘဲလ်တီးဖို့ ဘဲလ်ရှိရာဆီ လက်လှမ်းလိုက်ပါတယ်။
ဒီမှာလည်း ဝိုင်ဘီအက်စ်ဘလော့ဂါအသစ်စက်စက်ကြီးမောင်ဂျေ အံ့သြမင်သက်ရမှုနဲ့ ထပ်ကြုံပြန်ပါတယ်။ ဘဲလ်တီး(နှိပ်)ရမယ့်ခလုတ်လေးနေရာမှာ နှိပ်စရာခလုတ်ကရှိမနေဘဲ “ကလင်…လင်လင်။ ကလင်…လင်လင်”လို့ အသံပြဲကြီးနဲ့ အော်မြည်တတ်တဲ့ စက်ဘီးတွေမှာသုံးတဲ့ ဘဲလ်ကြီးက နေရာယူထားတာကြောင့်ပါပဲ။ ဒါများ မောင်ဂျေရယ် အဆန်းလုပ်လို့ ငါတို့ဖြင့် အဲဒီဘဲလ်တွေနဲ့ချည်းခရီးဆက်နေတာ နေ့ပေါင်း၊ ရက်ပေါင်းမနည်းတော့ဘူးလို့ မဆူလိုက်ကြပါနဲ့ဦး။ မောင်ဂျေလည်း ကိုယ့်ဖာသာပေးထားတဲ့ ရာထူးလက်ခံမယူခင်တုန်းက ဒီဘဲလ်မျိုးတွေနဲ့ အကြိမ်ကြိမ်ကြုံဖူးပါတယ်။ အခုက ကိုယ့်ဖာသာပေးထားတဲ့ ရာထူးလက်ခံရယူပြီးပြီးချင်းမှာ အခုလိုကြုံရတော့ အံ့သြသွားမိလို့ပါ။ ဟဲဟဲ… ဟဲဟဲ။ ခါးပိုက်နှိုက်ကြောက်စိတ်ကြားကနေပဲ တဟဲဟဲနဲ့ ကြိတ်ရယ်မိပြန်ပါတယ်။
တချို့ဆို ဒီလိုဘဲလ်မျိုးတင်မက ကလေးကစားစရာ “ပိကျိ”၊ “ပိကျိ”လို့မြည်တဲ့အရုပ်၊ ရာဘာဘုလုံးလေးကိုနှိပ်လိုက်ရင် “ပူပူ”ဆိုတဲ့ အသံမြည်တတ်တဲ့ လေမှုတ်ဟွန်း၊ အချဉ်ပေါင်းသည်ဆီက “မှောင်…မှောင်”၊“မှောင်…မှောင်” လို့ မြည်တတ်တဲ့မောင်းတွေတောင်တပ်ထားတာ ကြုံဖူးကြသတဲ့။ အတွေ့အကြုံထူးပါပေ့။ အားကျရပါပေ့။ ဝိုင်ဘီအက်စ်ဘလော့ဂါကြီးမောင်ဂျေလည်း တစ်နေ့တော့ ဒီအတွေ့အကြုံထူးတွေကို လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ရပါစေ့မယ်။ အခုလောလောဆယ်တော့ စာတစ်ကြောင်းရဲ့ခြောက်လန့်မှုအောက်ကနေ ပြေးထွက်ဖို့ ကြိုးစားနေရတာမို့ မဆိုင်းမတွဆိုသလို တွေ့ရာဘဲလ်ကိုသာ အားထည့်တီးလိုက်ပါတော့တယ်။
“ကလင်…လင်လင်။ ကလင်…လင်လင်”
မှတ်တိုင်ရောက်တယ်ဆိုရင်ပဲ ကာလရှည်ဆီငတ်၊ သန့်ရှင်းရေးငတ်နေတဲ့ နောက်ဘက်အပေါက် အဆင်းတံခါးကြီးက “ဒရော… ဗျော…ဗျော…ကျွိ…ကျွိ”ဆိုတဲ့ သံစုံတီးဝိုင်းနဲ့အတူ ပွင့်သွားပါတယ်။ ကားပေါ်က ခပ်မြန်မြန်ဆင်းလို့ အောက်ကိုရောက်တယ်ဆိုရင်ဖြင့် ကိုယ့်အိတ်ကိုယ် အပြန်ပြန်အလှန်လှန် စစ်ဆေးနေမိပြန်ပါတယ်။ ရှိစုမဲ့စု ခပ်စုတ်စုတ်ဖုန်းလေးနဲ့ အကြွေတချို့ ပါများသွားသေးလားလို့ပါ။
အခုတော့ ဝိုင်ဘီအက်စ်ဘလော့ဂါကြီးရဲ့ တစ်နေ့တာစီစဉ်ထားတဲ့ ဦးဦးဖျားဖျား ဝိုင်ဘီအက်စ်ခရီးစဉ်ကို “ခါးပိုက် နှိုက်သတိပြု” ဆိုတဲ့စာသားက အဆုံးသတ်ပေးလိုက်ပါတော့တယ်။
မောင်ဂျေ
သရုပ်ဖော်ပုံ – သီဟ(စခန်းသစ်)
ဝိုင်ဘီအက်စ်ဘလော့ဂါ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်