အတက်ကြမ်းလေ အကြပ်ကြမ်းလေ

ကိုပေါက်

ကိုညွန့်(အမည်လွှဲ)တစ်ယောက် အလုပ်ကအပြန် အိမ်အတွက်လိုအပ်သည့် ဟင်းချက်စရာလေးများ ဈေးအတွင်းဝင်ဝယ်သည်။ ‌ဈေးအတွင်း ဟိုကြည့်ဒီကြည့်နှင့် အမေနေသိပ် မကောင်းကတည်းက ဈေးမသွားနိုင်လို့ အသားဟင်းလေး မစားရတာကြာပြီမို့ အသားငါးရောင်းသည့် ဈေးတန်းဘက် ခြေလှမ်းတို့ကဦးတည်နေလေသည်။

ဝက်သားသုံးထပ်သားကို ဝက်သနီချက်လေးချက်ပြီး ငါးပိရည် အတို့အပြုတ်လေးနှင့် လွေးလိုက်ရလျှင် ကောင်းမှာပဲဟု စိတ်ထဲကတွေးရင်း ဝက်သားဆိုင်ရှေ့ ခြေစုံရပ်လိုက်သည်။

“ ဝက်သား ဘယ်ဈေးလဲခင်ဗျ”

ဝက်သားသည် အဒေါ်ကြီးက ဝက်သားများကို ခုတ်လှီးရင်း “ အဆိတ်သား(၂၅ ကျပ်သား) ၄၅၀၀၊ ဘယ်လောက်သားယူမလဲ” ဟု ပြန်ပြောသည်။

“ နှစ်ထောင်ဖိုးလောက် မရဘူးလား အဒေါ်” ဟု ကိုညွန့်က မေးလိုက်သည်။

“ နှစ်ထောင်ဖိုး ဘယ်‌လောက်ရမှာလဲ အနည်းဆုံး သုံးထောင်ဖိုးလောက်တော့ ယူလိုက် ဟုတ်ပြီလား” ဟု ဝက်သားခုတ်မပျက် အဒေါ်ကြီးက ပြန်ပြောသည်။

ကိုညွန့်လည်း မိခင်ဖြစ်သူ နေသိပ်မကောင်း၍သာ အလုပ်ကအပြန် ဈေးဝင်ဝယ်ရသည်။ ဈေးဝယ်နေကျမဟုတ်၍ ဈေးလည်းမဆစ်တတ်သလို အပိုအသာတောင်းဖို့လည်း ပြောမ ထွက်ခဲ့။

ခါတိုင်းဆိုလျှင် မိခင်ဝယ်လာသည့် ဟင်းချက်စရာများကို အားလျှင်အားသလို ဝိုင်းကူလုပ်ပေးရင်း မိခင်ချက်ကြွေးသည့် ဟင်းလျာများကိုသာ မြိန်ရေရှက်ရေ စားသုံးတတ်သူ။ ဘယ်ငါး၊ ဘယ်အသား၊ ဘယ်အသီးအရွက်က ဘယ်ဈေးရှိသည် တစ်ခါမျှမမေးဘူးခဲ့။ ယခုတော့ ကိုယ်တိုင်အဝယ်တော်ဘဝရောက်မှ မိခင်ကို ကိုယ်ချင်းစာတတ်နေလေပြီ။

အခြားဝယ်စရာလေးများ ရှိသေးသည့်အတွက် ဘတ်ဂျက်ကလည်း ချိန်ရသေးသည်။

“ ဟုတ်ကဲ့ အဒေါ် သုံးထောင်ဖိုးထည့်လိုက်ပါနော်” ဟု ပြောပြောဆိုဆို ဝက်သားသည်အဒေါ်ကြီးထည့်ပေးသည့် ဝက်သားသုံးထောင်ဖိုးယူပြီး အသီးအရွက်တန်းဘက် ခြေလှမ်းပြင် ခဲ့လေသည်။

“ ကန်စွန်းရွက်တစ်စီး ဘယ်လောက်လဲ”

“ ၅၀၀ အစ်ကို ဘယ်နှစီးယူမလဲ”

အသီးအရွက်ဟူ၍လည်း ဝယ်မယ်သာပြောတာ ကိုညွန့်ခေါင်းထဲ ကန်စွန်းရွက်တစ်ခုသာ ဟင်းသီးဟင်းရွက်ဟု မြင်မိသည်။ အိမ်ရှင်မ အတော်များများ ဈေးဝယ်ပြန်လာလျှင် ဈေး ခြင်းထဲ ကန်စွန်းရွက်မြင်ပါများ၍လား မပြောတတ်၊ အမေလုပ်သူ ဈေးကပြန်လာလျှင်လည်း ဈေးခြင်းထဲ ကန်စွန်းရွက်တစ်စီးတော့ အမြဲပါတတ်လေသည်။ ထို့အတွက်ကြောင့် အသီးအရွက်တန်းရောက်တာနှင့် ကန်စွန်းရွက်ဝယ်ဖို့သာ စိတ်ပိုင်းဖြတ်မိသည်။

ကန်စွန်းရွက်တစ်စီး ၂၀၀၊ ၃၀၀ လောက်သာရှိမည်ဟု ကိုညွန့်ထင်ခဲ့မိသည်။ သုံးရာတန် ကန်စွန်းရွက်ရှိသော်လည်း အစီးသေး၍ များများဝယ်မှ စားလောက်မည်။ ထို့အတွက်ကြောင့် စားလောက်မည့်အစီးကြီး ၅၀၀ တန်ကိုသာ ဝယ်ဖြစ်ခဲ့သည်။

“ နှစ်စီးပေး ဒီမှာတစ်ထောင်နော်”

အသား၊ အရွက်ပါပြီဆိုတော့ မပါမဖြစ်ဥ၊ ကြက်ဥဝယ်ရန် ကိုညွန့်သတိရမိသည်။ ကြက်ဥဆိုင်လိုက်ရှာသည်။ တွေ့ပြီဗျာ တစ်လုံး ၂၇၀၊ ယခင် ကိုညွန့် ကြားဖူးတာ တစ်လုံး ၁၀၀၊ ၁၂၀၊ အလုံးကြီးလျှင် ၁၅၀ လောက်သာ အများဆုံးရှိမည်ထင်သည်။ ယခု ၂၇၀ ဖြစ်နေလေပြီ အချို့ဆို ၃၀၀ တောင်ရောင်းနေကြတာ မဟုတ်လား။ ဈေးသက်သာသည့်ဆိုင် ရွေး ဝယ်မိခြင်းကြောင့် ဝမ်းသာရမလို ဖြစ်နေသည်။

“ ကြက်ဥ ၁၀ လုံးလောက် ပေးပါ”

ဥပြီးတော့ အိမ်မှာဆန်လည်းကုန်ခါနီးပြီမို့ ဆန်ပါတစ်ခါတည်းဝယ်ရန် ကိုညွန့် ဆန်ဆိုင်လိုက်ရှာသည်။ တွေ့ပြီဗျာ ကတ်ထူစက္ကူ ဆိုင်းဘုတ်လေးတွေနှင့် ရွှေဘိုပေါ်ဆန်း ဘာဆန်၊ ညာဆန် ရွေးမနေတော့ဘဲ ဈေးအနှိမ့်ဆုံးဆိုင်းဘုတ်ပဲ လိုက်ကြည့်နေမိသည်။ အနှိမ့်ဆုံးဆန်ကြမ်းပင်လျှင် တစ်ပြည့် ၃၈၀၀ ရှိသည်။ ကိုညွန့်လည်း ထွေထွေထူးထူး သိပ်စဉ်းစား မနေတော့ဘဲ ၃၈၀၀ စားဆန်ထက်သာရုံ ဆန်တစ်ပြည့်ဝယ်လိုက်သည်။ ကိုယ့်ဘတ်ဂျတ်၊ ကိုယ့်အခြေအနေကြောင့် ဆန်အမျိုးအစားထက် ဈေးအမျိုးအစားကိုသာ အာရုံစိုက်၍ ဝယ်ခဲ့ခြင်းဖြစ်သည်။

ဒါတောင် မိခင်ကြောင့်ဝယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းဆန္ဒအရဆိုလျှင် ၃၈၀၀ စားထက် နိမ့်သည့်ဆန်ကို လိုက်ရှာဝယ်ယူနေမလား မပြောတတ်ပေ။ ယခုဝယ်လာသည့် ဟင်းချက်စရာ ဆိုသည်မှာလည်း ထွေထွေထူးထူးမပါ။ ခက်ခက်ခဲခဲ စဉ်းစားဝယ်လာခြင်းမျိုးမဟုတ်။ ၎င်းစိတ်ထဲပေါ်လာသည့်အရာ ဝယ်လိုက်ခြင်းမျိုးဖြစ်သည်။ ထပ်စဉ်းစားစရာမလိုအောင် ဘတ်ဂျတ်ကလည်း တွက်ချက်ရသေးသည်။

အရပ်ရပ်ကြီးမြင့်နေသည့် ကုန်ဈေးနှုန်းကြောင့် ကိုညွန့်ကဲ့သို့ အခြေခံလူတန်း စားများအဖို့ များများစားစားဝယ်ယူရန် မဖြစ်နိုင်ပေ။ တစ်ခါကုန်မှတစ်ခါ ဝင်ငွေဘတ်ဂျက်တွက်ချက် ပြီး ဝယ်ရသည့်အဖြစ်မျိုး။ ယခင် ကြက်ဥအလုံး ၃၀ စာက ယခု ၁၀ လုံးစာ ပေးဝယ်နေရသည့် အခြေအနေဖြစ်နေလေတော့ ဝင်ငွေနှင့်ထွက်ငွေ မမျှလှပေ။

ယခုလည်း ဈေးအတွင်းက ထွက်လာတော့ ကိုညွန့်လက်ထဲ အမေ့ဆေးဖိုးလေးကျန်အောင် မနည်းတွက်ချက်ပြီး ဝယ်လာရသည့်အဖြစ်မျိုး။ ဘာမျှသာမဝယ်လိုက်ရတာ ငွေတစ် သောင်းကျော်က ဈေးအတွင်း ခဏလေးကုန်ခဲ့ပြီ။ ကိုညွန့်တစ်ယောက် ဈေးထဲကထွက်လာပြီး ရပ်ကွက်လမ်းထိပ်ရှိဆေးဆိုင်၌ မိခင်အတွက် ဆီးချိုဆေးလေးဝယ်ရန် ဝင်လိုက် သည်။

“ အစ်ကိုရေ ဆီးချိုဆေး မက်ဖော်မင်ဒန့်ခ် ၅၀၀ အားလေး သုံးကတ်လောက်”

“ ဟုတ် သုံးကတ် ၄၅၀၀”

“ တစ်ကတ် ဘယ်လောက်လဲ”

“ ၁၅၀၀ အစ်ကို”

“ ဟာ အမေပြောတော့ ၁၂၀၀ ဆို ဈေးတက်သွားတာလား”

“ ဟုတ်တယ် ဈေးကတက်ရုံမကဘူး တစ်ချို့ဆေးတွေဆို ဝယ်လို့တောင်မရ‌ဘူး အစ်ကိုရေ။ အရင်က အဲ‌ဆေးတစ်ကတ် ၆၅၀ ပဲရှိတာ တောက်လျှောက်တက်လာတာ နောက်ဆို ဘယ်လောက်ဖြစ်မယ် မပြောတတ်တော့ဘူး” ဟု ဆိုင်ရှင်ကအပြော ကိုညွန့်အိတ်ကပ်ထဲက လက်ကျန်ငွေစအချို့ ရေတွက်ကြည့်နေလေသည်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျန်တာတွေမပါလျှင်တောင် အမေ့အတွက်ဆေးက‌တော့ ပါမှဖြစ်မည်ဟု ကိုညွန့်သန္နိဋ္ဌာန်ချထားသည်။ ကိုညွန့်အလုပ်လုပ်နေသည်က မိခင်အ တွက်ပဲ မဟုတ်လား။ ကိုညွန့်မှာကြည့်စရာဟူ၍ အမေတစ်ယောက်သာရှိသည်။ လက်ရှိအချိန်တွင် အမေထက် အခြားသံယောဇဉ်များကို ဦးစားမပေးနိုင်။ အမေအသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနေနိုင်ရေးသာ ကိုညွန့်ဦးစားပေးသည်။

ကိုညွန့်က အသက် ၄၀ ကျော်လူပျိုကြီး၊ မိခင်ဖြစ်သူကို လုပ်ကျေးပြုစုနေသူ၊ ၎င်းအလုပ်က လက်သမားအလုပ်။ အလုပ်ထဲမှာ လက်သမားခေါင်းဆောင်တစ်ဦးဖြစ်သည်။ လုပ်အား ခ တစ်နေ့ ၁၆၀၀၀ ရသည်။ ဒါတောင် ခေါင်းဆောင်မို့လို့ရတာ နောက်လိုက်လူကြမ်းဆို တစ်နေ့ ၁၀၀၀၀ ပဲရသည်။

အလုပ်အကိုင်ရှားပါး၍သာ ရှိသည့်အလုပ်လေး အဆင်ပြေအောင် လုပ်ကိုင်နေကြရသော်လည်း ဝင်ငွေမတိုး၊ ထွက်ငွေတိုးလာ သည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ကိုညွန့်ကဲ့သို့ အခြေခံလူတန်းစားများ အတော်ပင်အခက်တွေ့ရသည်။

ကိုညွန့်နှင့်တွဲလုပ်သည့် နောက်လိုက်လူကြမ်းလုပ်သူအချို့ဆိုလျှင် လူပျိုလူလွတ်က သိပ်ပြဿနာမရှိလှသော်လည်း အိမ်ထောင်ရှိသူများအဖို့ အတော်ခက်ခဲလှသည်။ အိမ်ငှားနေရ သူများဆိုလျှင် ပို၍ပင်ခက်ခဲကြပ်တည်းကြသည်။ အလုပ်အကိုင်ရှားပါး၍သာ ရှိသည့်အလုပ်လေး အဆင်ပြေအောင် လုပ်ကိုင်နေကြရသော်လည်း ဝင်ငွေမတိုး၊ ထွက်ငွေတိုးလာ သည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ကိုညွန့်ကဲ့သို့ အခြေခံလူတန်းစားများ အတော်ပင်အခက်တွေ့ရသည်။

ယခုလည်း ကိုညွန့်တစ်ယောက် အလုပ်ကအပြန် အိမ်အတွက်လိုအပ်တာလေး တွေဝယ်ရင်း မိခင်ဖြစ်သူ ဆေးဖိုးအတွက် မနည်းလောက်ငှအောင် တွက်ချက်နေရလေပြီ။ ယခု ခေတ်ကာလတွင် လူလွတ်ဖြစ်၍ အပူပင်မရှိ ကံကောင်းသည်ဟု အချို့ကဆိုကြသော်လည်း ကိုညွန့်အဖို့ ကံကောင်းတာဆိုလို့ သက်ရှိထင်ရှားရှိနေသေးသည့် မိခင်ဖြစ်သူကို လုပ် ကျွေးပြုစုခွင့်ရနေသည်က ကံကောင်းခြင်းတစ်မျိုးပင်ဖြစ်သည်။ သို့သော် သူ့မှာလည်း သူ့အပူနှင့်ရှိလေသည်။

မွေးချင်းလေးယောက်အနက် ဒုတိယသားဖြစ်သူ ကိုညွန့်တစ်ဦးသာ လူလွတ်ဖြစ်သည်။ ကျန်မွေးချင်းသုံးယောက်မှာ အသီးသီးအိမ်ထောင်ကျ၍ သူ့အိုးသူ့အိမ်နှင့် ဖြစ်နေလေပြီ။ မိဘအပေါ် သိတတ်ခြင်း၊ မသိတတ်ခြင်းကလည်း တစ်အူထုံ့ဆင်းဖြစ်သော်ငြားလည်း ကိုယ်ပိုင်အသိနှင့်ပင်ဆိုင်သည်။ ကိုညွန့် ထူးထွေပြောစရာမရှိပေ။

မိခင်အပေါ် လုပ်ကျွေးပြုစုရခြင်းကို တာဝန်တစ်ခုဟု မသတ်မှတ်ခဲ့။ ရတာလေးနှင့် ခြိုးခြံချွေတာ၍ သားမိနှစ်ယောက် လောက်ငှအောင်သုံးစွဲသည်။ ပို၍အရေးကြီးသည်က အမေ ဖြစ်သူ၏ ကျန်းမာရေးပင်ဖြစ်သည်။ ကိုညွန့်အမေ ဆီးချိုရောဂါဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခုပင်ကျော်ခဲ့ပြီ။ ယခုဆိုလျှင် အင်ဆူလင်ဆေးထိုးနေရပြီ။ အသက် ၇၀ ကျော်အမေ ဖြစ်သူ အသက်ရှည်ရှည်နေရရေးသား ကိုညွန့်ဘဝအတွက် အရေးကြီးဆုံးဖြစ်သည်။

ယခင်က ဆေးခန်းတစ်ခါပြလျှင် ကုန်ကျစရိတ်က သိပ်မသိသာလှသော်လည်း ယခုအချိန်အခါတွင်တော့ အတော့်ကိုသိသာလှသည်။ တစ်ခါတစ်ရံ အလုပ်နားချင်သော်လည်း တစ် နေ့လုပ်၊ တစ်နေ့စားဘဝဖြစ်၍ ဝင်ငွေရပ်တန့်မည်ကိုစိုးရိမ်သောကြောင့် အလုပ်မနားခဲ့ပေ။ ဝင်ငွေမရှိလျှင် စားရေး၊ နေရေးထက် မိခင်ဆေးဖိုးအရေးက ပိုအရေးကြီးလှသည်။

မိခင်ဖြစ်သူအတွက် တစ်လတစ်လဝယ်ရသည့်ဆေးများမှာလည်း မနည်းလှပေ။ ယခုလို အစစအရာရာ တက်ဈေးနှင့်ကြုံနေလေတော့ ကိုညွန့်ခင်မျာ ဝင်ငွေကို ပိုကျစ်လစ်အောင် သုံးရသည်။ ကိုညွန့်က လက်ဖက်ရည်ကြိုက်သူတစ်ဦးဖြစ်သော်လည်း လက်ဖက်ရည်တစ်ခွက် တစ်ထောင်ဖြစ်ကတည်းက အသုံးစရိတ်ချွေတာသည့်အနေဖြင့် လက်ဖက်ရည်ဆိုင် မထိုင်ဖြစ် ကော်ဖီပြောင်းသောက်ဖြစ်သည်။ ကော်ဖီတောင် သူအလုပ်ဆင်းသည့်နေရာရှိ လမ်းဘေးဆိုင်လေး၌ပင် တစ်ခွက် ၅၀၀ ပေးသောက်နေရသည့်အတွက် သက်သာလို သက်သာငြား အိမ်တွင်အထုပ်ဝယ်သောက်ဖြစ်သည်။

ယခုလည်း မိခင်ဖြစ်သူအတွက် ဆီးချိုဆေးတစ်ကတ် ၁၅၀၀ တက်ဈေးနှင့်ဝယ်လာပြီး ကျန်သည့်ငွေစလေးနှင့် ကော်ဖီထုပ်လေးဝယ်ရန် ရပ်ကွက်ကုန်စုံဆိုင်သို့ ဆက်ခဲ့သည်။

ဆိုင်ရှေ့အရောက် “ ပရီမီယာကော်ဖီ တစ်ထုပ်လောက်”

“ တစ်ထုပ် ၃၀၀”

“ ဟာ… မနေ့က ဝယ်တာ ၂၅၀ ပါ”

“ ဟုတ်တယ် အစ်ကိုရေ ဈေးတက်သွားတာ”

“ တက်ပြန်ပြီလား”

“ ဟုတ်တယ် ဟိုရက်က လက်ကျန်ရှိသေးလို့ ၂၅၀ နဲ့ရောင်းပေးနေတာ အခုဈေး တက်သွားပြီ”

“ ဈေးက နေ့ချင်းညချင်းကို တက်နေပါကောလား”

“ ကျွန်တော်တို့လည်း မတက်ချင်ပါဘူးဗျာ။ ဆိုင်မှာပစ္စည်းကုန်လို့ တစ်ခါသွားဝယ် တစ်ခါကို ဈေးကတက်နေတာ။ အခု ကျွန်တော် ဒီဈေးနဲ့ရောင်းလို့ ကုန်သွားရင် ပြန်သွားဝယ်ဈေး ကတက်နေပြီ။ အဲကျရင် ကျွန်တော်တို့ရောင်းထားတဲ့ အမြတ်တွေက တက်ဈေးထဲပါသွားကော။ တစ်ခါတလေ အမြတ်တောင်မကျန်ပါဘူးဗျာ။ ကြာတော့ ကျွန်တော်တို့လည်း ရောင်းရတာ ရူးချင်လာပြီ။ အစ်ကိုတို့ဝယ်တဲ့သူတွေမှ မဟုတ်ဘူး။ ကျွန်တော်တို့ ရောင်းတဲ့သူတွေလည်း တစ်ခါဈေးသွားဝယ်တစ်ခါ ဟာကနဲ၊ ဟင်ကနဲ ဖြစ်ရတာပါပဲ” ဟု ဝယ် နေကျ ရပ်ကွက်ကုန်စုံဆိုင်ရှင်က ကိုညွန့်ထက် ဦးအောင်ညည်းပြသည်။

ဒီလိုတက်ဈေးနှင့်သာ ခရီးဆက်နေမည်ဆိုလျှင် လက်ဖက်ရည်ဖြတ်သကဲ့သို့ ကော်ဖီပါဖြတ်ရကိန်း ကိုညွန့်ကြုံလေပြီ။ ကော်ဖီပေါင်ထုတ်လိုက် ဝယ်သောက်ဖို့ဆိုတာတော့ စဉ်း တောင်မစဉ်းစားရဲသည့်ဘဝ။ ယခင်က အစာပြေစားခဲ့သည့် ၂၀၀ တန်ပေါင်မုန့်တစ်ထုတ်ပင် ယခု ၅၀၀၊ ၆၀၀ ဖြစ်နေလေပြီ။ ထို့အတူ ခေါက်ဆွဲခေါက်ထုတ်တစ်ထုတ် ယခင်က ၂၀၀၊ ၃၀၀၊ ယခု ၅၀၀၊ ၈၀၀ ဖြစ်နေပြီ။ အစာပြေဆိုတာ ယခင်ကဲ့သို့ မပြေနိုင်တော့ အစာပြေရေးထက် အစာဝရေး တစ်နေ့ထမင်းနှစ်နှပ် နှပ်မှန်အောင်စားရရေးသာ ကိုညွန့်ကဲ့သို့ ဘဝတူများ ကြိုးစားနေ ရသည်။

မနက်ဖြန် သမိုင်းကနေ မြောက်ဒဂုံ အလုပ်သွားရန် လမ်းစရိတ်လေးချန်ရင်း ၃၀၀ တန်ကော်ဖီတစ်ထုပ် နောက်ဆုံးအနေနှင့် ကိုညွန့်ဝယ်ဖြစ်အောင်ဝယ်ခဲ့ သည်။ စိတ်ထဲမှာတော့ အတက်ကြမ်းလေ အကြပ်ကြမ်းသည့်ဘဝမျိုး ရောက်လေဦးမလား ကိုညွန့်တွေး‌နေမိသည်။

ကိုပေါက်

ဓာတ်ပုံ- ဂျူဂျူး၊ မြင့်မြတ်​အောင်မြင်

အတက်ကြမ်းလေ အကြပ်ကြမ်းလေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.