သန့်စင်
မုန့်ဟင်းခါးဟင်းရည်အပို သုံးရာဆိုလို စာဖတ်သူလန့်သွားပြီလား။ တကယ်ပါ။ အပြင်မှာ တကယ်ကို ဟင်းရည်အပိုကို ကျပ်သုံးရာပေးရတာပါ။
မုန့်ဟင်းခါးစားရင် ဟင်းရည်အပိုတောင်းတာကို ဘယ်သူစခဲ့တာလဲဆိုတာ အခုချိန်မှာ ရယ်စရာဟာသအဖြစ်မေးတဲ့ မေးခွန်းမဟုတ်ပဲ မုန့်ဟင်းခါးရောင်းသူတွေက တကယ်ပြဿနာ ရှာဖို့မေးတဲ့ မေးခွန်းဖြစ်လာပါပြီ။ စဉ်းစားကြည့်တော့ လွန်ခဲ့တဲ့ ၂၀၂၀ တုန်းက မုန့်ဟင်းခါးတစ်ပွဲကို သုံးရာကျပ်နဲ့ ဝယ်လို့ရခဲ့ရာကနေ အခု အဲဒီတုန်းက အဆစ်တောင်းလို့ရတဲ့ ဟင်း ရည်က အခု မုန့်ဟင်းခါးတစ်ပွဲဖိုးတောင်ဖြစ်သွားတာ ပြန်တွေးကြည့်ရင် ထိတ်လန့်စရာ။ ဂျပန်ခေတ်ကိုမီခဲ့တဲ့အဖွား တစ်ချိန်ကပြောခဲ့သလို ပိုက်ဆံပဲကိုက်စားရမလိုဖြစ်နေပြီဆိုတဲ့ ခေတ်ကို ကျနော်တို့ရောက်မှန်းမသိ ရောက်နေပြီလားဆိုတာ တွေးမိပါတယ်။
ကျနော်က စာရင်းကိုင်ဝန်ထမ်းတစ်ဦးဆိုတော့ ဘာမဆိုအမှတ်အသားကောင်းတာ လုပ်ငန်းကပါလာတဲ့ အကျင့်တစ်ခုပါ။ နောက်တစ်ခုက စိစိစစ်စစ်နေတတ်တာလည်း ဒီအလုပ် ကြောင့်လည်း ပါပါတယ်။ မနက်ဆို မြို့ထဲကို YPS ကတ်ဖွင့်တဲ့ ၂၁ လိုင်းကားကိုစီး။ လသာမှာဆင်း။ အလုပ်ရှိရာ ကုန်သည်လမ်းကို လမ်းလျှောက်။ အလုပ်နားရောက်မှ မနက်အ စောကြီးစာကိုစား။ တစ်ခါတစ်လေ ကားသမားက အမောင်းမြန်ရင် မြို့ထဲ ၁၅ မိနစ်လောက်စောရောက်တဲ့အခါ ဗိုလ်ဆွန်ပက်လမ်းက ပလက်ဖောင်းဆိုင်မှာထိုင်ပြီး ပဲအီကြာ ၇၀၀ တန်နဲ့ ကော်ဖီတစ်ခွက် ၅၀၀ ကိုသောက်။
“ အရင်ကတော့ လမ်းထဲမှာ မနက်စာကိစ္စဖြတ်ပြီးမှ မြို့ထဲကိုလာသည်။ အခုနောက်ပိုင်းတော့ လမ်းထဲကဆိုင်တွေက စျေးတောက်လျှောက်တက်လာသလို၊ ထိုင်လို့လည်းမကောင်း တော့။ အထူးသဖြင့် လူစိမ်းတွေလာထိုင်တာ များနေတဲ့အတွက် လွတ်လွတ်လပ်လပ်စကားပြောလို့မရသလို၊ ကိုယ်၀ိုင်းထဲ အာချောင်သူပါလာရင် ညဘက်အိပ်ရတာမဖြောင့်။ ဒီတော့ လမ်းထဲက လဘက်ရည်ဆိုင်ထိုင်ဖြစ်တာ အတော်ကိုနည်းသွားသည်။“
အရင်ကတော့ လမ်းထဲမှာ မနက်စာကိစ္စဖြတ်ပြီးမှ မြို့ထဲကိုလာသည်။ အခုနောက်ပိုင်းတော့ လမ်းထဲကဆိုင်တွေက စျေးတောက်လျှောက်တက်လာသလို၊ ထိုင်လို့လည်းမကောင်း တော့။ အထူးသဖြင့် လူစိမ်းတွေလာထိုင်တာ များနေတဲ့အတွက် လွတ်လွတ်လပ်လပ်စကားပြောလို့မရသလို၊ ကိုယ်၀ိုင်းထဲ အာချောင်သူပါလာရင် ညဘက်အိပ်ရတာမဖြောင့်။ ဒီ တော့ လမ်းထဲက လဘက်ရည်ဆိုင်ထိုင်ဖြစ်တာ အတော်ကိုနည်းသွားသည်။ လဘက်ရည်ဆိုင်လဲ လူစိမ်းတွေ တစ်နေကုန်လာထိုင်တာကြောင့် မိတ်တွေလျော့ကုန်သလို အရောင်း လည်း ကျပေါ့။
မြို့ထဲမှာက ဘယ်သူမှ ကြာရှည်မထိုင်သလို၊ ထိုင်လို့လည်းမရ။ ကြာလာရင် ဆိုင်ရှင်ကဆောင့်အောင့်သလို၊ စားပွဲထိုးကလည်း ပညာပြတတ်တာမို့ လမ်းဘေးဆိုင်၊ တိုက်ခန်းဆိုင် တွေမှာထိုင်ရတာ ပြဿနာနည်းသည်။ စားချင်တာစား၊ ပြီးရင် ထသွား။ စကားလည်းမရှုပ်။ ရပ်ကွက်ထဲလိုလည်း စကားကျယ်ကျယ်ပြောလို့ရတာမဟုတ်။
ဒီတော့ မနက်ဆို ကျနော်က မြို့ထဲမှာပုံမှန်နီးပါးစား။ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုတ်၊ တစ်ခုမဟုတ် တစ်ခု။ ဒီလိုစားတိုင်း အသုတ်ဆို ဆိုင်ကမြင်းခွာရွက်ဟင်းခါးပေး။ မုန့်ဟင်းခါးဆို ကျနော်က အရည်ရွဲတာမကြိုက်တော့၊ ဟင်းရည်သပ်သပ် ဘယ်လောက်ပေးရတယ်ဆိုတာလည်း မသိ။ ဟင်းရည်လည်း အဆစ်တောင်းလေ့မရှိ။
မုန့်ဟင်းခါးဟင်းရည် အပိုတောင်းရင် သုံးရာထပ်ပေးရတာ မနေ့ကမှကျနော်သိရသည်။ ဒါတောင် လာစားတဲ့သူနဲ့ အသုတ်သည် စကားကတောက်ကဆဖြစ်မှ သိရတာ။
ဖြစ်ပုံက ဒီလို။ အဲဒီနေ့က သောကြာနေ့။ မနက်ပိုင်း ၂၁ ကားက ၁၃၁ ကားနဲ့အပြိုင်မောင်းလာတာ။ အဲဒီကားကို စီးမိတော့ မှတ်တိုင်ကနေ ၇ နာရီတက်တာ၊ ၇ နာရီ ၁၅ ကျော်ကျော် မှာ လသာကိုရောက်နေပြီ။ လသာကနေ ကုန်သည်လမ်းဘက်ရောက်တော့ ၇ နာရီခွဲ။ စောတော့ မုန့်ဟင်းခါးစားပြီးမှ ကော်ဖီဆိုင်ထိုင်မယ်ဆိုပြီး အသုတ်ဆိုင်ကိုဝင်။ အဲဒီမှာ ပြဿ နာကို ကြုံရတာဖြစ်သည်။
ကျနော်က မုန့်ဟင်းခါးတစ်ပွဲ အလွတ်လို့ပြော၊ ထိုင်ခုံမှာဝင်ထိုင်။ ကျနော်မရောက်ခင်ကတည်း ထိုင်နေတဲ့ ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးက ဟင်းရည်တောင်း။ ဒီအထိ ပြဿနာက မရှိသေး။ ကျနော်က မုန့်ဟင်းခါးစားရင်း ငရုပ်သီးမှုန့်ထည့်ချိန်မှာ ထိုအမျိုးသမီးကစားပြီးလို့ ပိုက်ဆံရှင်းပြီ။ သူစားတာက နန်းပြားသုပ်အလွတ်။ စျေးသည်က ထောင့်လေးရာလို့ ပြောတာ့ အမျိုးသမီးက စျေးတက်သွားတာလား၊ ထောင့်တစ်ရာမဟုတ်ဘူးလား ပြန်မေး။
ဒီတော့ စျေးသည်က မုန့်ဟင်းခါးအရည်က သုံးရာဟုပြော။
လာစားသည့်အမျိုးသမီးက မုန့်ဟင်းခါးအရည်သောက်တောင်းတာ သုံးရာပေးရတာ ထုံးစံမရှိဘူး။ မပေးနိုင်ဘူးဟု ပြောလေရာ။ အခြေအတင်ဖြစ်ကုန်ပါတယ်။ ကျနော်က ထို အမျိုးသမီးနှင့် ဘေးကပ်ဆိုတော့ ကျနော့်မှာ ရန်ပွဲအလယ်ကို ရောက်နေပါရော။
အမျိုးသမီးက မလျော့သလို စျေးသည်ကလည်းမလျော့။
စျေးသည်က ဒီလိုရောင်းနေတာ ဒီမောင်လေးတောင်သိတယ်။ စားနေကျ လူတိုင်းသိတယ်ဆိုပြီး ကျနော်ပါဆွဲထည့်။
အမျိုးသမီးဝန်ထမ်းကလည်း ဟင်းရည်တောင်းကတည်းကပြောပါလား။ ပြောရင် ဘယ်ယူမလဲ။ ရိုးရိုးလာချတဲ့ ဟင်းရည်ပဲသောက်မှာပေါ့လို့ ပြောတော့။ စျေးသည်က မုန့်ဟင်းခါး ဟင်းရည်ကို အရည်သောက်ချပေးတာ၊ မြို့ ထဲမှာ ဘယ်ဆိုင်ချပေးတာကြားဖူးလဲ ပြောပြ။
ဘယ်သူမှ ဒီခေတ်မှာ မုန့်ဟင်းခါးအရည်ကို အလကားမပေးနိုင်တော့ဘူး။ ငါးစျေးသိလား၊ တစ်ပိဿာကို တစ်သောင်းခွဲနားကပ်နေပြီ။ ကြက်သွန် လေးထောင့်ငါးရာစျေး။ ကုလားပဲ ရှစ်ထောင် တစ်သောင်း။ စားအုန်းဆီ ခြောက်ထောင်နားကပ်နေပြီ သိလား။ အမတို့လို့ အလကားရနေတာမဟုတ်ဘူးဟု ပြောလေရာ၊ ကျနော်မှာ လေသံတွေပြင်းထန်လာသဖြင့် မုန့်ဟင်းခါးဖိုး ထောင့်တစ်ရာပေးပြီး မြန်မြန်လစ်ရလေသည်။
ဒီပွဲက ဘေးလူတွေက ဝင်ပြီးထိန်းသဖြင့် အေးအေးဆေးဆေးဖြစ်သွားသော်လည်း ဒီလိုအဖြစ်က ကျနော့်အတွေးထဲ ညဘက်ထိဝင်ခိုနေရာ၊ ညဘက် ထိုအကြောင်းကို အိမ်ရှင်မကို ပြောဖြစ်မိသည်။ ကျနော်ပြောသည်က ဘယ်သူမှားသည်၊ ဘယ်သူမှန်သည်ဆိုတာထက် ဟင်းရည်ကို သုံးရာပေးပြီးဝယ်ရတဲ့ ခေတ်အကြောင်းကို။
အိမ်ရှင်မက ကျနော်ကို အခုမှထူးပြီးအဆန်းလုပ်ပြောနေတယ်။ ရှင်ထိုင်နေကျ လဘက်ရည်ဆိုင်မှာ ရေနွေးဖြူကို အရင်ကလိုသွားတောင်းရင် အလကားပေးသေးသလား ဟု။ ဓာတ်ဗူးတစ်ဗူးစာကို အခုသုံးရာပေးနေရပြီဆိုတာကိုရောသိလား ဟု။
သုံးရာ…သုံးရာ..။ ဘတ်စ်ကားခတွေလဲ သုံးရာ…အရင်ကနှစ်ရာ။ မြို့ထဲပတ် ကြားကားလည်း ဘယ်စီးစီး သုံးရာ။ အရင်က နှစ်ရာ။ ထမင်းဆိုင်လည်း လိုက်ပွဲသုံးရာ… အခုငါးရာ။ စျေးတွေအကုန်တက်ကုန်တာ။ ၂၀၂၀ ကထက် ဘယ်လောက်တောင်တက်သွားလဲဆိုတာ လိုက်တွေးနေမိတော့လေသည်။
နောက်တော့ မတက်တာဆိုလို တစ်ခုတည်းရှိနေတာ သိလိုက်သည်။
ဪ……ဒီခေတ်မှာ မတက်တာဆိုလို လစာသာ …။
သန့်စင်
Photo: John Siow
ဟင်းရည်အပို သုံးရာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်