လွမ်းမောဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့များ

#တာရာဇင်

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့။ တန်ဆောင်မုန်းလပြည့် အမှတ်တရတွေက အများကြီး။ ဆယ်စုနှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်က တန်ဆောင်မုန်းလပြည့်နေ့တွေက တော့ အမှတ်တရပေါင်းများစွာနဲ့ပါပဲ။

လွန်ခဲ့တဲ့နှစ်တွေက တန်ဆောင်မုန်းလပြည့်နေ့တွေက အဓိပ္ပါယ်ရှိရှိ ပျော်ခဲ့ရတယ်။ တန်ဆောင်မုန်းလပြည့်နဲ့ စတုဒီသာက တွဲလျက်ပါပဲ။ လွန်ခဲ့တဲ့နှစ်တွေရဲ့ တန်ဆောင်မုန်းလပြည့် နေ့တွေမှာ ကျမတို့မိသားစု လေးယောက်ရဲ့အလှူအဖြစ် ကြာဇံချက် စတုဒီသာကို ဆယ်စုနှစ်တခုနီးပါး လှူခဲ့ဖူးပါတယ်။ လမ်းထဲက ညီမတွေက လပြည့်ကျော် ၁ ရက်နေ့မှ လှူပါ အမရယ်လို့ ပြောကြတယ်။ သူတို့ လည်းလူစုပြီး လပြည့်ကျော် ၁ ရက်နေ့တိုင်း လှူကြတယ်။ ကျမကတော့ လပြည့်နေ့မှ လပြည့်နေ့ပဲ လှူဖြစ်ပါတယ်။

စစဦးဆုံးနှစ်ကတော့ မပြည့်မစုံနဲ့ပေါ့။ နောက်နှစ်တွေကျတော့ အရင်နှစ်တွေထက် ပိုပြီးပြည့်ပြည့်စုံစုံ လှူနိုင်ခဲ့တယ်။ ကျမအိမ်မှာက ကျမပဲ လူကြီး၊ ကျမပဲ ကလေး ။ စတုဒီသာ ကြာဇံချက် သုံးဆောင်ရန်ကြွပါလို့ ရေးထားတဲ့ ဝှိုက်ဘုတ်ကို လမ်းထိပ်ထွက်ပြီး ထားရတာ။ ပြီးရင် ဝေပေးဘို့ အိတ်တွေဝယ်ရတာ။ အားလုံး ကျမတစ်ယောက်ထဲ လုပ်ရတယ်။ ချက်တာလဲ ကျမကိုယ်တိုင်ချက်တယ်။ အိမ်ရှေ့ ကွက်လပ်မှာ ခုံခင်းပြီး လာစားတဲ့လူတွေကိုလည်း ကျွေးတယ်။ အိတ်နဲ့လည်း ဝေပေးတယ်။ အထူးသဖြင့်တော့ အမှိုက်သိမ်းတဲ့ ကလေးတွေနဲ့ စည်ပင်ကလေးတွေ အားရပါးရ စားကြတာကို အရမ်းဝမ်းသာတာ။ အရမ်းလည်း ပီတိဖြစ်ရပါတယ်။ တစ်နှစ်ပြီးသွားရင် နောက်တစ်နှစ်ကို ဒီ့ထက်တိုးပြီး လှူနိုင်ဖို့ ဆုတောင်းမိတယ်။

ကျမတို့ရပ်ကွက်က ဓမ္မာရုံကလည်း နှစ်တိုင်း၊ လပြည့်နေ့ဆို ကထိန်လှူကြတာတွေကို ကျောင်းတွေကို သွားပို့ကြတယ်။ ကားတွေအများကြီးနဲ့ပေါ့။ ကလေးလည်းပျော်၊ လူကြီး လည်းပျော်ပါပဲ။ ဓမ္မာရုံကလည်း နှစ်တိုင်း မုန့်ဟင်းခါးကျွေးပါတယ်။ ကျမအိမ်ရှေ့ရောက်ရင် အမရေ ချန်ထားဦးနော်၊ ပြန်လာရင် ဝင်စားဦးမှာလို့ ဓမ္မာရုံမှာ ဝေယာဝစ္စလုပ်ကြတဲ့ ညီမတွေက ပြောကြတယ်။ အပြန်ကျရင် ကျန်ရင်လဲ စားကြရတယ်။ ကျမက အိမ်မှာလာစားလည်း ကျွေးသလို၊ အိတ်နဲ့လည်းပေးပါတယ်။

၂၀၀၂ ခုနှစ်က ပဲကြာဇံ တစ်ပိသာကိုမှ ၁၆၀၀ ကျပ်ရယ်။ ကြက်သားက ၂၀၀၀ စျေး။ ငါးဖယ်လည်း ၂၀၀၀ စျေး၊ ဘဲဥ ၁၀ လုံး ၃၀၀၊ ကြက်သွန်နီ တစ်ပိသာ ၁၈၀ ကျပ်။ မီးသွေး တစ်ပိသာ ၁၃၀ ကျပ်တဲ့။ အိပ်မက်များလားတောင် ထင်ရပါတယ်။ ကိုယ်ကိုယ်တိုင် စာနဲ့ရေးမှတ်ထားတာမို့သာပါ။ သူများပြောရင် ယုံ နိုင်ဖွယ်ရာတောင် မရှိပါဘူး။ အခုခေတ် ကုန်စျေးနှုန်းနဲ့ဆို အဲ့လိုလှူနိုင်ပါ့မလား လို့လဲ တွေးမိတယ်။ ခုတော့ မလှူဖြစ်ရတာလဲ ကြာခဲ့ပါပြီ။

အရင်က အဖြစ်တွေလည်း အိမ်မက်လိုပါပဲ။ အရင်ကလို မပျော်ရတာလဲ ကြာပါပြီ။ အဲ့လို အပျော်လေးတွေ အဲ့လိုပီတိတွေကို နောက်ဘယ်တော့မှ ကြုံရပါတော့မလဲ။ ပြသနာတစ် ခုမှာ အဖြေတစ်ခုတော့ရှိမှာပါလို့ ထင်ခဲ့ရတာပါပဲ။ အဖြေထွက်လာလည်း ကိုယ်ရချင်တဲ့၊ ကိုယ်လိုချင်တဲ့ အဖြေမဖြစ်နိုင်တော့တာတော့ ကိုယ့်ဘာသာကိုယ် သိနေပါတယ်။

အရင်က အဖြစ်တွေလည်း အိမ်မက်လိုပါပဲ။ အရင်ကလို မပျော်ရတာလဲ ကြာပါပြီ။ အဲ့လို အပျော်လေးတွေ အဲ့လိုပီတိတွေကို နောက်ဘယ်တော့မှ ကြုံရပါတော့မလဲ။ ပြသနာတစ် ခုမှာ အဖြေတစ်ခုတော့ရှိမှာပါလို့ ထင်ခဲ့ရတာပါပဲ။ အဖြေထွက်လာလည်း ကိုယ်ရချင်တဲ့၊ ကိုယ်လိုချင်တဲ့ အဖြေမဖြစ်နိုင်တော့တာတော့ ကိုယ့်ဘာသာကိုယ် သိနေပါတယ်။

ဘာပဲဖြစ်ဖြစ် တန်ဆောင်းလပြည့်နေ့ရောက်တိုင်း ကိုယ်ကြုံခဲ့ရတဲ့၊ ကိုယ်ခံစားခဲ့ရတဲ့၊ ကိုယ်လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ ဘယ်တော့မှမမေ့၊ အမြဲသတိရနေမှာတော့ အသေ အချာပါပဲ။ ဖြစ်ခဲ့တာ သေချာသလို၊ ပျက်သွားခဲ့တာလဲ သေချာနေပြီမို့ လွမ်းနေ၊ သတိရနေရုံကလွဲပြီးမှတပါး အခြားမရှိပါပဲ။

ဒီနေ့စျေးသွားဝယ်ရတာ သိပ်ဖီလင်မလာလှပါဘူး။ လပြည့်နေ့ဆိုတော့လဲ စျေးမှာလူသိပ်မရှိလှပါဘူး။ စျေးကို ရက်ခြားပြီးတော့ပဲ သွားဖြစ်ပါတယ်။ အရင်က မိသားစုများတော့ စျေးဝယ်ရတာလည်းများ၊ စျေးလည်း နေ့တိုင်းနီးပါးသွားရတာပါ။ ခုတော့ မိသားစုတွေလည်း တကွဲတပြား၊ တစ်ယောက် တစ်နယ်စီနဲ့ ထမင်းဝိုင်းမှာ ကိုယ်တယောက်ထဲ ခြောက် ကပ်ကပ်စားနေရတာလည်း နှစ်ချီ ကြာခဲ့ပါပြီ။

လွမ်းစရာလေးတွေပါပဲ။ တွေးမိရင် ဝမ်းနည်းရလို့ ပြန်မတွေးချင်ပါဘူး။ ဒါပေမဲ့လဲ လေးဖြူသီချင်းထဲကလိုပါပဲ။ အတွေးထဲ၊ အာရုံထဲမှာ ရုပ်ရှင်ကြည့်နေရသလို ပြန်ပြန်ပြီးမြင် လာရတာတော့ မတတ်နိုင်တော့ပါဘူး။ အရင်လို ကြည့်မကောင်းပေမဲ့ မြင်ရတယ်ပေါ့။ ဖြစ်ချင်တိုင်းလဲမဖြစ်၊ ဖြစ်ချင်သလိုဖြစ်နေတဲ့ ဘဝမှာ နေသားတကျတော့ နေနေရတာပါပဲ။

ခါတိုင်းနှစ်တွေ တန်ဆောင်မုန်းလပြည့်နေ့အတွက် စျေးဝယ်တဲ့အခါ ပိုက်ဆံကို သိပ်တွက်နေစရာမလိုပဲ စိတ်ထဲမှန်းသလောက် စိတ်ထဲရှိသလောက် ဝယ်နိုင်ခဲ့တာကိုလဲ သတိရ နေမိတယ်။ ခုတော့ အရင်လောက်လဲ မိသားစုမများတော့ဘူး အရင်လိုလဲ စျေးတွေ အင်တိုက်အားတိုက် ဝယ်မနေရတော့ဘူး။ ဒါပေမဲ့ အရင်ထက် ကုန်ကျစရိတ်တွေ ပိုပိုများလာ တာကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်။

တခါတလေတော့လဲ ဒါဟာ ငါတယောက်ထဲဖြစ်နေတာမှ မဟုတ်တာ။ အများ အားလုံးဖြစ်နေကြတာပဲလေဆိုပြီး စိတ်လျော့ထားမိပြန်တယ်။ ဘာပဲဖြစ်ဖြစ်လေ ဒီနေ့လို လပြည့် နေ့လေးမှာ အရင်ကလှူခဲ့တဲ့ စတုဒီသာလေးတွေ၊ အရင်ကပျော်ခဲ့ရတဲ့ ဘဝလေးတွေရဲ့ အမှတ်တရတွေကို ကိုယ့်အာရုံထဲ ကိုယ်မြင်အောင် မျက်စိလေးမှိတ်ပြီး ဖီလင်လေးပြန်ယူ ဖို့လောက် တတ်နိုင်နေသေးတာလဲ မင်္ဂလာတပါးလို့ပဲ မှတ်ပါတယ်။ အားလုံးပဲ မင်္ဂလာရှိကြပါစေ။

#တာရာဇင်

#ယနေ့ခေတ်

လွမ်းမောဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့များ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.