သန့်စင်
မိုးစရွာပြီ။ မိုးရွာပြီဆိုသည်နှင့် ပထမဆုံးကြုံရသည်မှာ စျေးဝယ်ရတာ စျေးသည်လည်း အဆင်မပြေသလို စျေးဝယ်လည်းအဆင်မပြေခြင်းဖြစ်သည်။ ထိုသည်မှာ ပျံကျစျေးဘဲ ဖြစ်ဖြစ်၊ အတည်တကျစျေးဘဲဖြစ်ဖြစ် အတူတူဖြစ်သည်။
ဒီနေ့မနက် အိပ်ယာထတော့ မိုးကကောင်းနေပြီ။ သို့သော် ဆက်အိပ်နေလို့မရ။ ရုံးပြန်တက်ရမည့်ရက်နှင့် စျေးဝယ်ရမည့်ရက်ဖြစ်သဖြင့် လူးလဲထရသည်။ အိပ်ယာကနေထချိန်တွင် မိုးသံကသွပ်မိုးပေါ် ၀ုန်းဒိုင်းကြဲနေသဖြင့် စျေးသည်တွေ ရှိတောင်ရှိပါ့မလားဟု တွေးမိသည်။ ကျနော်ဝယ်နေကျစျေးက လမ်းထဲမှာလာဖွင့်သည့် ရပ်ကွက်စျေးဖြစ်သည်။ ထို့ကြောင့် မိုးနည်းနည်းစဲမှ ထီးဆောင်းပြီးသွားဖို့ ကျနော်စဉ်းစားလိုက်သည်။ ဒီထက်မိုးသည်းလာရင် မသွားဘဲအိမ်ကနေ ဖုန်းဖြင့်လှမ်းမှာလိုက်ဖို့ စဉ်းစားသည်။
ယခုနောက်ပိုင်းတွင် လူတွေအမြင်ကျယ်လာသည်။ ဆက်သွယ်ရေးလည်း ကောင်းလာခြင်းကြောင့် အိမ်ကနေ ထိုင်ရာမထ စျေးလှမ်းဝယ်နိုင်လာသည်။ တစ်ခါတစ်လေ မအားပါက ဖုန်းဆက်ကာ စျေးသည်ကို ငါးမြစ်ခြင်း ငါးဆယ်သား၊ ခုတ်ပြီးသားလာပို့ပေးပါဆို စျေးသည်က တစ်ယောက်ယောက်ကိုလာပို့ခိုင်းပြီး ကျသင့်ငွေကို Kpay ကနေ လှမ်းပို့လို့ရသည်။ ဒီစနစ်က အရင်ကတော့သိပ်မသုံးကြ။ သို့သော် ကိုဗစ်ဖြစ်တော့ ထိုနှစ်ကာလများအတွင်း အရောင်းအဝယ် အထူးသဖြင့် ပစ္စည်းပို့သူများကြောင့် အတော်လေးအသုံးတွင်ကျယ်သွား သည်။ ယခုချိန်တွင် Kpay တို့ wave တို့မှာ အားလုံးနီးပါး သုံးတတ်နေကြပြီ။ ထို့ကြောင့် အိမ်ကနေ စျေးသွားစရာမလိုဘဲ ငွေအနည်းငယ်ပိုပေးလိုက်ရခြင်းဖြင့် ဝယ်ခြင်းပြီးမြောက် သွားသည်က ပျင်းလှသည့် ကျနော်တို့စရိုက်နှင့် အကိုက်ပင်။ ထို့ ကြောင့် ထိုအီလက်ထရွန်နစ်ငွေပေးစနစ်တွေ အလုပ်ဖြစ်ကုန်သလားတော့မသိ။
ဒီစနစ်က ဒီဘက်နှစ်မှာ အတော်လေးအလုပ်ဖြစ်သည်။ အထူးသဖြင့် ပျံကျစျေးသည်တွေ။ သူတို့မှာ မကြာခဏဆိုသလို အဖမ်းအဆီးတွေ၊ ရောင်းခွင့်မရှိတာတွေကြောင့် သူဆီပုံမှန် ဝယ်နေကြဖောက်သည်တွေနှင့် အရောင်းအဝယ် မပျက်ဖို့ ဒီစနစ်ကိုအားကိုးရသည်။ ကျနော်တောင် ကိုဗစ်ကာလတုန်းက ထိုစနစ်သုံးကာ စျေးအတော်ကြာကြာမှာခဲ့ရဖူးသည်။ သို့ သော် ဒီလိုမှာတာက စရိတ်ပိုကုန်သလို ကြာလျှင် ဝယ်ရတာက မလတ်တာတွေ ပါလာတတ်သည်။
ဒီတော့ စျေးသို့ကိုယ်တိုင်သွားဝယ်ရခြင်းကို ကျနော်ကပိုကြိုက်သည်။ သွားတိုက်နေရင်း မိုးစဲလာသဖြင့် ထီးကိုယူကာ စျေးဘက်ကျနော်ထွက်လာခဲ့သည်။ စျေးထိပ်လဘက်ရည် ဆိုင်တွင် မနက်စောစော မိုးရွာထားသဖြင့် လူနည်းနေသည်။ အချိန်လည်းစောသဖြင့် ကော်ဖီလေးသောက် မုန့်ဟင်းခါးလေးတစ်ပွဲလောက်စားဖို့ လဘက်ရည်ဆိုင်ထဲဝင်လိုက်သည်။ စျေးဘက်ကြည့်တော့ စျေးထဲမှာစျေးသည်တွေ မိုးရွာလို့ ထီးတွေဖွင့်ထားသဖြင့် ထီးရောင်စုံတွေ့ရသည်။ ဒီလိုဆို စျေးထဲဒီနေ့အဖမ်းအဆီးရှိဟန်မတူ။ အချိန်ကလည်း ၇ နာရီမထိုး သေးတော့ မုန့်ဟင်းခါးလေးစားရင်း ကော်ဖီတစ်ခွက်သောက်လိုက်သည်။ မနက်စောစော ငွေ ၁၄၀၀ တော့ထွက်သွားပြီ။ သို့သော် ပြဿနာမရှိ။ အလုပ်က ဒီရက်ပိုင်း အချိန်ပိုလေး ဆင်းရသဖြင့် ငွေပိုငွေလျံလေးရှိသဖြင့် ငွေထောင့်လေးရာကို ထောင့်လေးရာကြီးလို့ မမြင်တော့။ သို့သော် အခုနထီးဆောင်းလာရင်း ထီးကိုင်းက ပြင်လိုမဖြစ်အောင်ကောက်နေ သည်မို့ ငွေလေးရှိတုန်း ထီးကောင်းကောင်းတစ်လက်လောက်ဝယ်ဖို့ စဉ်းစားမိသည်။ ဒီရပ်ကွက်စျေးမှာ ထီးရောင်းသည့် ဆိုင်တစ်ဆိုင်ရှိသည်။ ယခင်ကတော့ ထိုဆိုင်က ကုန်စုံဆိုင်။ ယခု သူဆိုင်ရှေ့မှာ ပျံကျတွေစျေးလာရောင်းတော့ ဆိုင်မကွယ်အောင် ထီးတွေ၊ ဖိနပ်တွေအရှေ့ထုတ်ရောင်းရာကနေ သူလည်း ထီးသည်၊ ဖိနပ်သည်ဖြစ်နေပြီ။
ကော်ဖီလေးသောက် မုန့်ဟင်းခါးလေးတစ်ပွဲလောက်စားပြီးတော့ မိုးကတိတ်သွားပြီ။ စျေးဘက်သို့လျှောက်ရင်း လိုတာတွေဝယ်ရသည်။ ဒီအချိန်က ငါးပြေမတွေ ဆူဖြိုးသည့်အချိန်။ ညတုန်းက အိမ်သူနှင့်စကားပြောရင်း ဒီလိုမိုးဦးအချိန် ငယ်ငယ်က ရေတက်တာနှင့်ပါလာသည့် ငါးပြေမတွေ ထွက်ခုတ်ကြတာကိုပြောတော့ မနက်ချက်စားရ အောင်ဖြစ်လာသည်။ မနက်စျေးသွားရင် ငါးပြေမတွေပေါရင် ဝယ်လာခဲ့ဖို့နဲ့ အချဉ်ဆီပြန် နံနံပင်အုပ်ချက်ပြီး စားမလို့ဆိုသဖြင့် ငါးပြေမတစ်ဆယ်သား ထောင့်ခုနှစ်ရာစျေးဖြင့် သုံးဆယ်သားကျော်ဝယ် ခဲ့သည်။ နံနံပင်ကတော့ တစ်ဆယ်သား ထောင့်ငါးရာ။ ဒီတော့ ငါးရာဖိုး တောင်းတောင်းပန်ပန်ဝယ်ရသည်။
စားဖို့ဝယ်ပြီးတော့ ထီးဆိုင်ဘက်ရောက်သည်။ ထီးက တစ်လက်ကိုငါးထောင်ကနေ နှစ်သောင်းအထိ။ ကျနော်လိုချင်သည့်ခိုထီးက လက်ဟောင်း။ ယခုမရှိ။ နေ့လယ်စျေးသွားပြီး ညနေအိမ်လာပေးမည်ဟုပြောသည်။ ကျနော်က ခိုထီးအစစ်ကိုလိုချင်သဖြင့် တစ်သောင်းကျော်မည်ဟုဆိုသည်။ တစ်သောင်းကျော်လည်းပေးမည်။ ခိုထီးအစစ်သာဟုပြောပြီး ထီး လာပေးတော့မှ Kpay ဖြင့်လွှဲမည်ဟု ပြောဖြစ်သည်။ ထိုအခါ ဆိုင်က ငွေလွှဲရာတွင် ယခင်လို Note နေရာတွင်ဘာမှမရေးဘဲ မလွှဲရန်နှင့် ထီးဝယ်ခြင်းအတွက်ဟု ရေးပေးရန်ပြော သည်။ ဒီလိုသတ်မှတ်ချက်က အထူးအဆန်း။ နေ့တိုင်းအလုပ်ထဲမှာ ငွေသိန်းချီလွှဲနေကြတာ ဒီလိုရေးတာ၊ ပြောတာမကြား။ ဒီစျေးထဲရောက်မှ ငွေတစ်သောင်းကျော်လွှဲတာ ဘာ ကြောင့်ဆိုပြီးရေးပေးရမည်ဆိုသည်။ တကယ်ကို အဆန်းကြီး။
“ ငွေလွှဲရာတွင် ယခင်လို Note နေရာတွင်ဘာမှမရေးဘဲ မလွှဲရန်နှင့် ထီးဝယ်ခြင်းအတွက်ဟု ရေးပေးရန်ပြောသည်။ ဒီလိုသတ်မှတ်ချက်က အထူးအဆန်း။ နေ့တိုင်းအလုပ်ထဲမှာ ငွေသိန်းချီလွှဲနေကြတာ ဒီလိုရေးတာ၊ ပြောတာမကြား။ ဒီစျေးထဲရောက်မှ ငွေတစ်သောင်းကျော်လွှဲတာ ဘာကြောင့်ဆိုပြီးရေးပေးရမည်ဆိုသည်။ တကယ်ကို အဆန်းကြီး“
အိမ်ပြန်ရောက်သည်အထိ ထိုအကြောင်းက ခေါင်းထဲကဖျောက်မရ။ ဒါနှင့် အိမ်သူကိုမေးကြည့်တော့ အိမ်သူလည်း မသိ။ အလုပ်သွားဖို့ ဘတ်စကားဂိတ်သွားရင်းလမ်းမှာ အသိ စျေးရောင်းသူနှင့်တွေ့သည်။ ကားလာတာစောင့်ရင်း ဒီအကြောင်းမေးမိသည်။ ဒီတော့မှ အကြောင်းစုံကိုသိရသည်။ ဘယ်သူက စလှန့်လိုက်သလဲမသိ။ သက်ဆိုင်ရာ ကုမ္ပဏီ၏ facebook မှာလည်း ဒီလိုမသတ်မှတ်ထား။ သို့သော် အောက်ခြေလူတန်းစားမှာတော့ ဒီသတ်မှတ်ချက်က အတည်ဖြစ်နေပြီ။
“မပြေးသော် ကန်ရာရှိ” ဆိုသလို မရေးမိလို့ အသိမ်းခံရရင်ဆိုသည့်အတွေးကြောင့် စျေးသည်ကအစ ကလေးအဆုံး ငွေဘယ်လောက်လွှဲလွှဲ ဘာကြောင့်ဆိုသည်ကို ရေးနေကြသည် မှာ အတော်ကြာနေပြီဟုဆိုသည်။
ဒီလိုတွေကြားပြီးနောက် ဒီလိုလွှဲရသည့်အတွက် ဖြစ်လာသည့် မထော်မနန်းဖြစ်ရပ်တွေကို အသုံးများသည့် လူမှုကွန်ရက်မှာရေးထားတာဖတ်ဖြစ်သည်။ ခုတ်ရာတလွှဲ ရှရာတခြားဆို သလို နှစ်လုံး၊ သုံးလုံးလောင်းကြသည့် လောင်းကြေးငွေကို ငွေလွှဲရာတွင် ၅၆ -အာ နှစ်ရာဖိုး၊ မန်ယူ တစ်ရာ၊ ၁၂ ဒဲ့- တစ်ရာဖိုး စသဖြင့်ရေးလွှဲလို့ ဒိုင်ကလှမ်းတားနေရတာတွေ။ နောက်တစ်ခုတွေ့ရတာက အိမ်ထောင်ရေးဖောက်ပြန်မှုတွေမှာ “သဲလေးအတွက် မုန့်ဖိုး” “ ကြယ်စင်အတွက် အိမ်စရိတ်ဆိုတာတွေ”။ နောက်တစ်ခုက အတွင်းခံဝယ်ရာမှာ နံပါတ် ၂၉ အတွက်ဆိုတာမျိုးတွေ။ နောက်တစ်ခုက အရက်ကြွေးအတွက် ငွေလွှဲပေးခြင်းဆိုတာတွေ။ ဒီလိုတွေဖတ်မိတော့ လမ်းမှာစျေးသည်ပြောသည့် ငပိရည်ကျို တစ်ဆယ်သားအတွက်။ ခွေးကျွေးမည့် အမဲရိုးအတွက်။ နောက်တစ်ခုက ငါးမြွေထိုး နှစ်ဆယ်သားအတွက်။ ငါးဖယ်ခြစ် အရိုးများအတွက်။
လွှဲသည့်ငွေတွေက တစ်သောင်းတောင်မပြည့်။ သို့သော် ဆင်းရဲသူ၊ တစ်နေ့လုပ်တစ်နေ့စားတွေအတွက်ကတော့ ဒီငွေက ဆုံးရှုံးလို့မရ။ တန်ဖိုးရှိသည်။ ချမှတ်ထားသလား မချမှတ် ထားသလားမသိသည့် ကန့်သတ်မှုကို မသိလိုက်သဖြင့် ဆုံးရှုံးရခြင်း၊ အဟောသိကံဖြစ်ရခြင်းကို ရှောင်ရှားဖို့ရာ ဘာပဲသတ်မှတ်သတ်မှတ် လိုက်နာရလေသည်။ ထိုသည်မှာ သေချာ တွေးတော့ ဆုံးရှုံးမှုကိုမခံနိုင်ခြင်းကြောင့်ဖြစ်သည်။
တကယ်တော့ မရှိသည်အထဲ ထပ်ဆုံးရှုံးဖို့မဖြစ်နိုင်သည့်ဘ၀ကို ရောက်နေသည်ကို ထိုအဖြစ်ကပြနေခဲ့သည်။ ကျနော်လည်း သူတို့နှင့်ဘာထူးသေးသလဲ။ မဟုတ်ကြောင်းသိသော် လည်း မရေးဘဲမနေရဲ။ မပြေးသော် ကန်ရာရှိ ကိုယ့်ငွေမဆုံးရှုံးစေဖို့ ဆိုင်ကနေ ကိုယ်မှာထားသည့်ထီး လာပေးသည့်အခါ “ခိုထီးတစ်လက်အတွက် ငွေပေးချေ ခြင်း” ဟု Note တွင် ပြည့်ပြည့်စုံစုံတောင် ရေးပေးလိုက်သေးသည်။
ဒီလိုကျနော်ရေးတာမြင်တော့ ကျနော်အိမ်သူကတော့ ကျနော်ကို မဲ့ပြုံး.. ပြုံးကာဖြင့်။
သန့်စင်
ထီးတစ်ချောင်းနှင့် မှတ်ချက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်