လင်းထင်
ဆရာဗန်းမော်တင်အောင်၏စာများကို ဖတ်ရသည်မှာ ကျနော်အထက်တန်းကျောင်းသားအရွယ်မှာဖြစ်သည်။ ၁၉၇၃-၇၄-စာသင်နှစ်က (၉)တန်း-သိပ္ပံတွဲ၊ ထိုစဉ်က (၉)တန်းမှစ၍ ဝိဇ္ဇာ/သိပ္ပံခွဲသည်။ (၈)တန်းအထိ “ အထွေ ထွေသိပ္ပံ” အမည်ဖြင့်သင်ရ၍ (၉)တန်းသိပ္ပံတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ အမည်ဖြင့် အထွေထွေသိပ္ပံကို သုံးဘာသာအဖြစ်ချဲ့ထွင်သွားသည်။
(၈)တန်းနှင့် (၉)တန်းမှာ စာအတော်ကွာသည်။ ရူပဗေဒကိုတော့ ဆရာဗန်းမော်တင်အောင်ရေးသော သိပ္ပံအတွေးအခေါ်ပါသည့် သဘာဝတ္တ၊ ရုပ်ကမ္ဘာ၊ အိုင်စတိုင်း၏ ဓမ္မတရား စ သည်တို့ကို ဖတ်ဖူးလေ့လာထား၍ အဆင်ပြေသည်။ ဓာတုဗေဒနှင့် ဇီဝဗေဒက ကျက်စာဖြစ်၍ အလွတ်ကျက်တတ်လျှင်ရသည်။ ရူပဗေဒကတော့ အလွတ်ကျက်ဘာသာမဟုတ်။ သဘောတရားကိုငုံမိမှ နားလည်သည်။ ဆရာဗန်းမော်၏ သိပ္ပံအတွေးအခေါ်စာအုပ်များက ကျနော့်အတွက် အတော်အထောက်အကူဖြစ်ပါသည်။ ကျနော်က ရူပဗေဒဘာသာရပ်ကိုလည်း အထင်ကြီးသည်။ ယခုအချိန်ထိလည်း အရေးအရာအတော်များများကို သိပ္ပံပညာဖြင့် အရင်ဆုံးစဉ်းစားတတ်သော အလေ့အကျင့်လည်းဖြစ်သွားသည်၊ ဤသည်မှာ ဆရာဗန်းမော်၏ စာများမှရသော ကျေးဇူးဖြစ်သည်။
ဆရာဗန်းမော်တင်အောင်ကွယ်လွန်သော ၁၉၇၈ တွင် ကျနော် ဆရာ့စာတွေဖတ်ဖူးနေပေပြီ။ ဆရာ့ဝတ္ထုများကိုတော့ အဖတ်နည်းသည်။ မှတ်တန်းအခြေပြု ပညာရပ်စာအုပ်များကိုသာ အလေ့အလာပိုများသည်။ အနုစကြဠာနှင့် မဟာစကြဝဠာ၊ သဘာဝသိပ္ပံ၊ သဘာဝတ္တ၊ ရုပ်ကမ္ဘာ၊ ဆိုရှယ်လစ်ဋီကာ၊ ဆိုရှယ်လစ်အဘိဓာန်၊ ဂျက်လန်ဒန် သူ့ဘဝနှင့် သူ့စာပေ၊ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း။
ဆရာကွယ်လွန်သောနှစ်ကို တွက်ကြည့်လိုက်တော့ (၁၉၇၈-၁၉၂၀) ၅၈ နှစ်၊ ခပ်ငယ်ငယ်ပဲရှိသေးသည်။ ဆရာက ထောင်သာမက ကျွန်းသို့ပင်ကျဖူးသည်။ ထောင်ကျကျ၊ ကျွန်းကျကျ၊ တသက်တကျွန်းဟူသော စကားများကြားဖူးကြလိမ့်မည်။ သဘောမသိသူတွေက ကျွန်းကျသူဆိုလျှင် ဓားပြလားဟဲ့၊ လူသတ်လားဟဲ့ဟူ၍ တွေးတတ်သည်။ စင်စစ် ကျွန်းအပို့ခံရသူများမှာ ထိပ်သီးနိုင်ငံရေးသမားများဖြစ်ကြသည်။ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ သခင်ခင်အောင်၊ သခင်ဖေဌေး၊ ဦးခင်မောင်မြင့်(ပီသုံးလုံး)၊ ဦးမြစိန်(ပီသုံးလုံး)၊ မြင့်ဦးသစ်(ပီသုံးလုံး)၊ လူထုစိန်ဝင်း၊ လေထီးဦးအုန်းမောင်၊ ဗန်းမော်တင်အောင်၊ ကောင်းဟိတ်(ဝါ) အုန်းမြင့်လှိုင်(မန္တလေး)၊ ခင်မောင်ဇော်(ဝါ) ဇော်ဝင်းကို (ပျဉ်းမနား) စသည်—၊ ဆရာဗန်းမော် ဤသို့အသေစောရသည်မှာ နိုင်ငံရေးအရ ထောင်ကျ၊ ကျွန်းကျသောဒဏ်တွေ ဖိစီးခြင်းကြောင့်ဖြစ်သည်၊
“ နရသိန်ထောင်မှာ သူ့ဝတ္ထုထဲက မြေရှင်ပဒေသရာဇ်၏ အကျဉ်းထောင်ဖြစ်သည်။ ဗန်းမော်တင်အောင် သို့မဟုတ် နရသိန်ထောင်မှ သူပုန်အကျဉ်းသား” ဟူ၍ ဆရာဒဂုန်တာရာက သူ၏ စာပေဆောင်းပါး သို့မဟုတ် ရုပ်ပုံလွှာအဖွဲ့၏ခေါင်းစဉ်ကို ရေးလိုက်သည်။ ဗန်းမော်တင်အောင်၏ စိတ်ကူးဝတ္ထုထဲက ဇာတ်လိုက်တယောက်သာဖြစ်ပေ၏၊ ချောမောလှပသော လှကလျာ ‘ပြည်တော်သာခင်ခင်ဦး’ တို့သည် ဗန်းမော်တင်အောင်၏ ဇာတ်ကောင်များဖြစ်ကြသလို “ သူပုန်ကြီး” သည်လည်း ၎င်း၏ဇာတ်ကောင်ပင်ဖြစ်သည်၊ ယခု သူပုန်ကြီးကိုဖန်တီးသူ ဗန်းမော်တင်အောင်သည် အကျဉ်းကျခြင်းခံထားရပြီး ပုလိပ်ရုံးကြီး၏ အချုပ်ခန်းသံတိုင်ကိုမှီ၍ ရပ်နေသည်။ ဗန်းမော်တင်အောင်အားတွေ့ရသည့်အခါ ပုလိပ်ရုံးကြီး၏ အောက်ဆုံးထပ်ထောင့်ချိုးရှိ ကျဉ်းမြောင်းသောအခန်းငယ်အဝ သံတိုင်ကိုဆုပ်ကိုင်ကာ လင်းယုန်အယ်ဒီတာသည် သူ့ကိုပြုံးပြရှာ၏၊ အခန်းသည်လေမဝင်သဖြင့် လှိုက်နေ၏၊
“ နေကောင်းရဲ့လား”
အခန်းသည်လုံနေသဖြင့် ဘေးဘီရှိ ပုလိပ်သားများ၏ စကားသံများ ဖုံးလွှမ်းနေကာ သံတိုင်နားကပ်၍ နားထောင်ရ သည်။ သူက နေရတာဘယ့်နှယ့်လဲဟုမေးလိုက်ရာ-
“ အခန်းကျဉ်းလေးထဲ တယောက်တည်း နေရတာပေါ့ cell လေးပေါ့ဗျာ”
“ ဒါဖြင့် ခုမှ တကယ့် Literally cell ထဲရောက်နေတာပေါ့”
ဟုသူကနောက်လိုက်ရာ ၎င်းကရယ်မောနေသည်၊ တော်လှန်းရေးအဖွဲ့ အောက်ခြေအစုများကို cell (ကလပ်စည်း) ဟုခေါ်ကြသည်။ ယခုနေရာမှာ ၎င်း၏ဝတ္ထုထဲရှိ “ နရသိန်ထောင်” မဟုတ် ရန်ကုန်ထောင်ဖြစ်၏။ နေရာမှာလည်း သူပုန်တယောက်၏ တောတွင်းတနေရာမဟုတ်၊ ဘားလမ်းပုလိပ်ရုံးကြီးထဲက အချုပ်ထောင်သာဖြစ်ပြီး တရားစွဲဆိုသောအဖွဲ့အစည်းမှာ ‘ဖဆပလ’ အစိုးရဖြစ်သည်။
သူ(ဒဂုန်တာရာ)နှင့် ကိုတင်အောင် စတင်သိကြရာမှာ.. ၁၉၄၆၊ ပြည်မြို့၊ နဂါးလိမ်တန်းရှိ တစ်ခါမျှမသိဘူးသော သူစိမ်းတဦးထံမှ စာတစ်စောင်ရောက်လာမှုက အစပြုသည်။ တာရာမဂ္ဂဇင်းထုတ်ဝေကြောင်းသိရ၍ ဝမ်းသာကြောင်း ၎င်းကလည်း “ လင်းယုန်” ဂျာနယ်ထုတ်ဝေရန် ပြင်ဆင်နေကြောင်းပြော၊ မည်သူမှန်းမသိ၊ နောက်မှ “ နော်မူဂေး ” ဝတ္ထုတိုတစ်ပုဒ်ကိုဖတ်ဖူးကြောင်း သတိရသည်။ စာရေးကောင်း၊ စာကနွဲ့နှောင်း။ ၎င်းက ရင်းနှီးဟန်ဖြင့်ရေးတတ်သည်။ နိုင်ငံရေးထင်မြင်ချက်များကိုလည်း ထည့်ရေးလာသဖြင့် နိုင်ငံရေးလည်းစိတ် ဝင်စားသည်ကို မှတ်ထားလိုက်သည်။ ‘ဖဆပလ’ လှုပ်ရှားနေဆဲဖြစ်ရာ ဘုရင်ခံ၏စက္ကူဖြူစီမံကိန်းကို ပြတ်ပြတ်သပ်သပ်တိုက်မည့်ဘက်နှင့် ခြေလှမ်းခပ်ဆုတ်ဆုတ်ဖြင့် ကျေအေးမည့်ဘက် လွန်ဆွဲနေကြဆဲ။
တာရာမဂ္ဂဇင်းထွက်လာသောအခါ ကျောင်းသားသမဂ္ဂခေတ်က လူဟောင်းများ၊ သမဂ္ဂလူငယ်များက အားပေးကြသည်။ သူမဂ္ဂဇင်းအလုပ်များ ရှုပ်နေစဉ်တွင် ကိုတင်အောင်ရောက်လာသည်၊ အရပ်မြင့်မြင့်၊ အသားညိုညို၊ လူဟန်က တောင့်တင်းတည့်မတ်သည်။ ဆံပင်ကိုသပ်ရပ်စွာဖြီးသင်ထား၍ သက္ကလပ်အပေါ်ဖုံး၊ ခပ်မှိုင်းမှိုင်း ပိုးလုံခြည်နှင့် ဆေးတံကိုကိုင်ထားသည်။ ကောလိပ်ကျောင်းသားထဲကလားဟုပင် ထင်မိသေးတော့သည်။ အမူအရာက ရိုသေလေဟန် ခပ်ကိုင်းကိုင်း ခပ်ရို့ရို့။ ဥရောပအဘိဓမ္မာအကြောင်းပြော၍ ဘယ်ကော လိပ်ကလည်းဟု မေးယူရသည်။ ဝတ္ထုတပုဒ်ရေးနေကြောင်းပြောသည်၊ “ ဘုန်းမောင့် တယောက်ထဲရယ်” ဖြစ်သည်။ အတော်ကြာကြာ စကားကောင်းနေကြပြီး စန္ဒယားသံကြားချင်တယ်ဆို၍ “ ပန်းဟေဝန်” ယိုးဒယားဖိန်းချားကလေးကိုတီးသည်။ တယောပြားလေးရှိရင်ကောင်းမယ်ဗျာ လိုက်ထိုးရတာပေါ့ ဟုပြောသည်။ တယောထိုးတတ်သည့်ပုံ။ သူ့ဝတ္ထု “ တရံရော အခါ” ကို တာရာတွင်ထည့်သည်။ “ စိတ်ကူးနှင့် လူ့ဘဝကို” ပြန်ပေးသည်” ။ လေလွင့်နေသော သတို့သား” ကို ပန်းချီအပ်လိုက်သည်။ ထပ်ပို့တာလည်းရှိသည်။ တစ်ခေါက်မှာတော့
“ ကျနော့မှာ ငွေတွေပါလာတယ်ဗျို့။ သစ်အလုပ်လည်း ဖြုတ်လိုက်တော့မယ်။ ငွေတွေ ခဗျားယူထားပါ။ တာရာမှာ သုံးချင်တာသုံးပါ”
ကိုတင်အောင်က သူ့ကိုအားတက်သရောပြောသည်။ ရင်းနှီစွာပင် သူနှင့်တွဲဖက်လုပ်လိုသည်။ ငွေမလိုသေး၍ သူ့ကိုပြန်ပေးရသည်။ သူ၏” ဘုန်းမောင်တယောက်တည်းရယ်” ဝတ္ထုဝေဖန်ချက်များကိုပြောသည်။ ဂျာနယ်ကျော်မမလေးက ကိုတင်အောင်၏ဝတ္ထုတွင် “ ဂျာနယ်ကျော်ဦးချစ်မောင်၏ဇနီး” အမည်ဖြင့် အမှာစာရေးပေးသည်။ ကိုတင်အောင် တစ်ခေါက်ဆင်းလာသည်။ ထိုအခိုက် စားပွဲသို့ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ မဟာဆွေ၊ မင်းရှင်၊ သော်တာဆွေ စသောသူတို့ “ ရှုမဝ” မှ ရောက်လာကြသည်၊ ကိုတင်အောင်မှာ ဝိုင်းအလယ်ထဲရောက်နေသည်၊
တခါတော့ ကိုတင်အောင်ရောက်လာသည်တွင် နှစ်ယောက်သား “ ငွေလရောင်” လက်ဘက်ရည်ဆိုင်ပြေးကြသည်။ သစ်လုပ်ငန်းအဆုံးသတ်ခဲ့ပြီဖြစ်ကြောင်းပြောသည်။ ‘တာရာ’ ဘယ့်နှယ့်လဲ လာထိုင်ပေးမည်ဟုပြောသည်။ ပရုဖတ်မှစ၍ ကူညီသည်။
“ ခဗျားပြန်တော့ ပရုတွေ ကျနော်ကြည့်ပေးလိုက်မယ်”
အပြာရင့်ရောင် ကုတ်အင်္ကျီဝတ်၍ အိပ်ထဲလက်နှိုက်ကာ ဆေးတံခဲထားသည်။ ထိုအင်္ကျီကို မချွတ်တမ်းဝတ်တော့သည်။ လက်ဘက်ရည် တွင်တွင်သောက်နိုင်သည်ကို အံ့ဩရသည်။ ညဘက် ထမင်းမစားရသည်များ ရှိမည်ထင်သည်။ သို့သော် ခံနိုင်ရည်ရှိပုံရသည်။ ‘တာရာ’အတွက်လည်း “ မုတ်သုန်ဦး” “ ယမုံတွင်းဆီက” စသည်များရေးပေးသည်။
ကိုတင်အောင်မှာ ဟိုသည်ပြောင်းရွှေ့နေတတ်ရာ ညအိပ်နေရာများသည်။ မနက်စောစောရောက်၍ တနေကုန်မြို့ ထဲမှာနေတတ်သည်။ ပုံနှိပ်လောကကိုလည်း ထဲထဲဝင်ဝင်လေ့လာ သည်။ ဘောက်ထော် “ မမပု” အိမ်၌ လူငယ်စာရေးဆရာများ စုကြသည်။ ဂျာနယ်ကျော်မမလေးက ကိုတင်အောင်နှင့်ပတ်သက်သောလူငယ်များကို ထမင်းဖိတ်ကျွေးသည်။ ဘုန်းမြင့်၊ ကြပ်ကလေး၊ ရဲဘော်နေအောင်တို့ပါသည်။ ကိုတင်အောင်နေသည့်အိမ်မှာ ခြေတံရှည်ဖြစ်သည်။ အိမ်ဘေးမြက်ခင်းတွင် စကားဝိုင်းဖွဲ့ကြသည်။ မောင်ရေအေး(ကွယ်လွန်)က မယ်ဒလင်တီးကာ သီချင်းဆိုသည်။ “ ပြည်” မှရောက်လာသော ကိုအုံးကျော်နှင့်အဘိဓမ္မာငြင်းကြသည်မှာ ဆူညံနေသည်။ အုံးကျော်ကို “ ပါမောက္ခ ဒေါက်တာအုံးကျော်” ဟု၎င်း၊ “ လွတ်နေသော ပါမောက္ခ” ဟု၎င်း စာထဲမှာနောက်ဖူးသည်၊ ကိုအုံးကျော်မှာ အဘိဓမ္မာဂုဏ်ထူးဖြင့် အောင်သူဖြစ်သည်။ အဘိဓမ္မာအဟောင်းကို မာ့က်စ်ဝါဒအဘိဓမ္မာအသစ်ဖြင့် တိုက်ခိုက် ကြသည်။ ကိုအုံးကျော်မှာ စိတ်ကသိပ်မမှန်သူဖြစ်ရာ “ ကြက်ဥနဲ့ ကြက် ဘယ်ကစလာ” “ ကြက်နဲ့ ကြက်ဥ” ဟု အရက်မာန်ပါပါ တေးသီ၍ ပျော်နေတတ်သည်။ ဘဲသားတောချက်ကို တပျော်တပါးစားကြပြန်သည်။
ဆက်ပါဦးမယ်
Photo; credit
ထာဝရလင်းယုန်(သို့မဟုတ်) ဗန်းမော်တင်အောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်