ငလျင်လှုပ်ရင် ဘယ်လို အကာအကွယ်ယူရမလဲ

နိုင်စွမ်း

၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်၊ မနက် ၄ နာရီ ၃၃ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရဲ့ အရှေ့ တောင်ဘက် ၆ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အား ၅ ဒသမ ၁ ရစ်ချတာစကေးရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး မအူပင်မြို့၊ စိမ်းမြကန်သာ သတ္တဌာနစေတီရဲ့ မဟာဗောဓိလိုဏ်အတွင်း အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ စေတီတော်ကြီးရဲ့အောက်ခြေပတ် လည်မှာ အက်ကြောင်းများဖြစ်ပေါ်ခြင်းနဲ့ စေတီဝင်းအတွင်း နတ်နန်းတချို့နဲ့ အဆောက်အအုံတချို့ ပြိုကျ၊ ကွဲအက်တာတွေဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အပေါ်ယံမြေလွှာထုကြီး လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာတဲ့ မြေငလျင်လှုပ်တဲ့အချိန်ကာလက စက္ကန့်၊ မိနစ်ပိုင်းမျှသာဖြစ်ပေမယ့် အဲဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးအတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုမရှိရင် အသက်ဆုံးရှုံးစေနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ငလျင်လှုပ်အပြီး နောက်ဆက်တွဲတွေကလည်း ပိုပြီးတော့တောင် အန္တရာယ်ရှိနေတာပါ။ နောက်ပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာလှုပ်မယ်ဆိုတာလည်း ကြိုတင်မသိနိုင်တဲ့အတွက် ငလျင်ဟာ အချိန်တိုင်းသတိပြုနေရမှာဖြစ်ပါတယ်။ ဒါကြောင့် ငလျင်လှုပ်ရင် ဘယ်လိုအကာအကွယ်ယူရမလဲဆိုတာ addspacetoyourlife.com နဲ့ wikihow.com မှာဖော်ပြပေးထားတဲ့ အကြံပြုချက်တွေ မျှဝေလိုက်ပါတယ်။

ငလျင်လှုပ်ပြီလို့ သိပြီဆိုရင် ဟိုပြေးသည်လွှား ပျာယာမခတ်ပါနဲ့။ ကိုယ့်ဝန်းကျင်မှာ ဘာတွေဖြစ်လာရင် ဘာတွေလုပ်ရမယ်ဆိုတာသိဖို့ ပထမဆုံး သင်သတိပြုရမှာက သင်ဘယ်နားမှာရောက်နေသလဲဆိုတာ သေချာသိဖို့ပဲ။ အိမ်ထဲမှာရှိနေတယ်ဆိုရင် အိမ်ထဲမှာပဲနေပြီး အပြင်ကို ကမူးရှူးတိုးပြေးမထွက်ပါနဲ့။ အိမ်ပြင်ဘက်မှာ သင်ရောက်နေရင်လည်း အိမ်ထဲကို အလျင်စလိုပြေးမဝင်ပါနဲ့။

သင်ဟာ အိမ်ထဲမှာရှိနေရင် ပြတင်းပေါက်၊ တံခါးပေါက်တွေနား မသွားပါနဲ့။ သင့်အိမ်တွင်းမှာ တောင့်တင်းတဲ့စားပွဲတွေ၊ ခုံတွေ၊ ကုတင်တွေကို လိုအပ်သလိုအသုံးချနိုင်ဖို့ ကြိုတင်စဉ်းစားပြင်ဆင်ပါ။ အပေါ်ကပြုတ်ကျ ပြတ်ကျလာနိုင်တဲ့အရာတွေကို သတိထားပါ။ ပြီးတော့ သင့်အပေါ်လဲကျလာနိုင်တဲ့ ဘီရို၊ စာအုပ်စင် စတာတွေကိုလည်း သတိထားပါ။

တကယ်လို့ သင်ဟာ အိမ်အပြင်မှာရှိနေရင်တော့ ကိုယ့်ဝန်းကျင်အနီးမှာ ပြိုကျလာနိုင်တဲ့ အဆောက်အဦးတွေ ဒါမှမဟုတ် လဲကျလာနိုင်တဲ့ ဓာတ်မီးတိုင်တွေ၊ မြေပြင်ပြိုအက်လာနိုင်တာတွေကို သတိထားပါ၊ စောင့်ကြည့်ပါ။

ငလျင်လှုပ်နေတဲ့အချိန်မှာ မီးခြစ်ခြစ်တာတွေ၊ ဖရောင်တိုင်ထွန်းတာတွေ၊ မီးမွှေးတာတွေ လုံး၀မလုပ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဝန်းကျင်မှာ ဂက်စ်ပိုက်လိုင်း၊ ဒါမှမဟုတ် လောင်စာဆီသိုလှောင်တဲ့နေရာတွေက လောင်စာတွေထွက်လာတဲ့အခါ ငလျင်လှုပ်နေတဲ့ကြား မီးလောင်တာလည်း ဖြစ်လာနိုင်တာကြောင့်ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ကားထဲမှာရောက်နေတယ်ဆိုရင်တော့ ကားကိုရပ်လိုက်ပါ၊ ကားထဲမှာပဲနေနေပြီး ငလျင်ရပ်သွားတဲ့အထိ စောင့်ပါ။ သင့်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်လှုပ်ရှားဖို့ ပြင်ဆင်ထားပါ။

ငလျင်လှုပ်နေချိန်မှာ ဓာတ်လှေခါးကို အသုံးမပြုပါနဲ့။ ဘာကြောင့်လဲဆိုတော့ ပြတ်ကျတာတွေ, ပြုတ်ကျတာတွေ ဖြစ်တတ်တာကြောင့်ပါ။

ငလျင်လှုပ်တာကြောင့် အဆောက်အအုံပြိုကျတော့မယ်ဆိုရင် လူတွေဟာ တစ်ခုခုအောက်၊ ခုတင်တွေ၊ စာရေးစားပွဲတွေ၊ ကားတွေအောက် အမြန်ပြေးဝင်ပုန်းတတ်ကြတယ်။ အဲဒီလို တစ်ခုခုအောက် ဝင်ပုန်းတာမျိုးက အဖြစ်ဆိုးနဲ့ ကြုံရနိုင်တာကြောင့် တစ်ခုခုအောက်ဝင်မပုန်းဖို့ လေးလေးနက်နက်သတိပေးလိုပါတယ်။ ဘယ်လိုအဖြစ်ဆိုးလဲဆိုတော့ မိမိဝင်ပုန်းနေတဲ့စားပွဲပေါ် ဒါမှမဟုတ် ကုတင်ပေါ်ကို လေးလံတဲ့အရာဝတ္ထုပြုတ်ကျလာမယ်ဆိုရင် ဘယ်လိုမှမရှောင်နိုင်တော့ဘဲ ပြားသွားဖို့ပဲရှိတာကြောင့်ပါ။

ခွေးကလေးတွေ၊ ကြောင်ကလေးတွေနဲ့ ကလေးငယ်တွေဟာ ခွေပြီးအိပ်နေတတ်တာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင် အဲဒီလို ခွေအိပ်တဲ့အနေအထားနဲ့ မြေကြီးပေါ်မှာလှဲနေသင့်ပါတယ်။ ဒါမှမဟုတ် အိမ်ထဲမှာဆိုရင် အလွယ်တကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီးအရာတွေဘေးမှာ ခွေခေါက်လှဲနေရမှာဖြစ်တယ်။ (မြင်သာအောင် ပုံနဲ့ပြထားပါတယ်။) ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေး အသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သာစေပါတယ်။

သင် ခုတင်ပေါ်မှာရှိနေတဲ့ ညအချိန်မျိုးမှာ ငလျင်လှုပ်ရင်တော့ ခုတင်ဘေးကိုသာ လှိမ့်ချလိုက်ပါ။ ငလျင်လှုပ်ရင် ခုတင်ဘေးလိမ့်ဆင်းဖို့ အကြံပြုပါတယ်။ တံခါးတွေ၊ ပြတင်းပေါက်ကနေ ပြေးထွက်တာထက် ဆိုဖာကြီးကြီး ဒါမှမဟုတ် ဗီရိုကြီးကြီး၊ ဒါမှမဟုတ် ခုတင်ကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေလိုက်ပါ။

ငလျင်လှုပ်နေတုန်းမှာ တံခါးကျည်းဘောင်အောက် ဝင်ပုန်းသူတွေဟာ အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်တာကြောင့် တံခါးကျည်းဘောင် ပြုတ်ထွက်သွားပြီး အပေါ်က အုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။

ငလျင်လှုပ်နေချိန်မှာ လှေကားခွင်အောက်ထဲကို ဘယ်တော့မှမဝင်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ လှေကားတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတာကြောင့် အလွယ် တကူပြုတ်ကျလာပြီး လှေခါးခွင်အောက်ကလူတွေကို လှေကားထစ်တွေက ပိလာနိုင်တာကြောင့်ပါ။ အဆောက်အအုံက ပြိုကျမသွားနိုင်ရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေကားဟာပြည့်သွားပြီး ပြုတ်ထွက်ကျသွားနိုင်တဲ့ အန္တရာယ်လည်းရှိနေပါတယ်။

ငလျင်လှုပ်ပြီဆိုရင် ပျာယာခတ်မသွားဘဲ အခိုင်အခံ့ပစ္စည်းတွေရှိတဲ့ နေရာတွေရဲ့ဘေး ကွေးကွေးလေးဝင်ထိုင်နေတတ်ဖို့လိုပါတယ်။ ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ် ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့ရင် အဆင်သင့်ဖြစ်နေစေဖို့ မိမိနေထိုင်ရာအိမ်၊ ပတ်ဝန်းကျင်မှာ အသက်ကယ်ပစ္စည်းတွေ များများစားစားထားရှိဖို့ လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံ ဘယ်နှစ်ခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားကြဖို့ အကြုပြုလိုက်ပါတယ်။

နိုင်စွမ်း

ညွှန်း – Doug Copp ၏ “ The Triangle of life & www.wikihow.com 

ငလျင်လှုပ်ရင် ဘယ်လို အကာအကွယ်ယူရမလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.