သွေး (စစ်ကိုင်း)
ကမ္ဘာပေါ်မှာ နယ်စည်းမခြားပဲ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာနေတာက အစွန်းရောက်ရာသီဥတု ဖြစ်စဉ်တွေပါ။ နှစ်စဉ်နှစ်တိုင်း ပိုပိုပြီးပူပြင်းလာမှု၊ ပင်လယ်ရေ ပိုမိုမြင့်တက်လာမှုကို ကမ္ဘာတဝှမ်းနိုင်ငံအားလုံး ပိုပြီးခံစားလာနေရပါတယ်။ Global Warming လို့ခေါ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုတွေပါ တွေ့ကြုံရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ တချို့နိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေသလို၊ တချို့နိုင်ငံတွေမှာတော့ မိုးခေါင်ရေရှားမှုတွေ ဖြစ်ပေါ်နေပြီး၊ တချို့ နိုင်ငံတွေမှာတော့ တောမီးတွေ အကြီးအကျယ်လောင်နေတာလည်း တွေ့နေရပါတယ်။
ရာသီဥတုပြောင်းလဲမှု (Climate Change) ဟာ ကမ္ဘာကြီးရေရှည်တည်တံ့ဖို့နဲ့ လူသားတို့ ရှင်သန်လုံခြုံမှုအတွက် တကယ့်စိန်ခေါ်မှုကြီး ဖြစ်လာနေသလို မုန်တိုင်းတိုက်ခတ်မှု၊ မီး တောင်ပေါက်ကွဲမှု၊ ကမ္ဘာ့အပူချိန် မြင့်မားလာမှုကြောင့် စီးပွားရေး၊ လူမှုရေးအရ ဆုံးရှုံးမှုတွေ ပိုများလာနေပါတယ်။ ဒါကြောင့် Conference of Parties လို့ခေါ်တဲ့ COP ညီလာခံကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ မှာ ၁၉၉၅ ခုနှစ်ကစပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျှော့ချရေး အပါအဝင် ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြတာပါ။
ရုပ်ကြွင်းလောင်စာတွေကို အသုံးပြုမှု များပြားလာလေလေ အိုဇုန်းလွှာပါးလျားလာမှုနဲ့ ဖန်လုံအိမ်အာနိသင် အကျိုးသက်ရောက်မှု ကျယ်ပြန့်လာပြီး ကမ္ဘာကြီးပူနွေးလာမှုကို အား ပေးလေလေဖြစ်တာကြောင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျှော့ချပြီး Renewable Energy လို့ခေါ်တဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေကို ပိုအသုံးပြုကြဖို့ ပညာရှင်တွေက တိုက်တွန်းနေ တာပဲ ဖြစ်ပါတယ်။ကျောက်မီးသွေး၊ ရေနံတို့လို ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းရာက ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို၊ ရာ သီဥတုပြောင်းလဲမှုကို ဆင့်ကဲသက်ရောက်မှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတစ်ချက်အနေနဲ့လည်း ပါဝင်နေပါတယ်။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုတွေပါ ဖြစ်ပေါ်စေတာ ကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လိုအပ်နေတဲ့ စွမ်းအင်အများစုကို ရုပ်ကြွင်းလောင်စာတွေနဲ့ ဖြည့်ဆည်းနေကြတာဖြစ်ပြီး အမေရိ ကန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ ကနေဒါနိုင်ငံတို့ဟာ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။
တစ်ဖက်ကလည်း အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ စွမ်းအင်လိုအပ်ချက်အတွက် ကျောက်မီးသွေးအသုံးပြုမှု ပိုများလာနေကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ IEA လို့ခေါ်တဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံက ကျောက်မီးသွေးအသုံး ပြုမှု ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး၊ တရုတ်နိုင်ငံက ၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာတော့ ကျောက်မီးသွေးအသုံးပြုမှု ၂၀ ရာခိုင်နှုန်းထိ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ကြည့်ရင် ၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာပြုလုပ်ခဲ့တဲ့ COP 21 သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံက လက်ခံအတည်ပြုခဲ့တာပါ။ ဒါပေမဲ့ လက်တွေ့အ ကောင်အထည်ဖော်နိုင်မှုမှာတော့ အားနည်းနေဆဲဖြစ်ပြီး စွမ်းအင်လိုအပ်ချက်တွေလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ ဆိုလာ စွမ်းအင်၊ လေစွမ်းအင်၊ ရေအားစွမ်းအင်တို့လို ပြန်ပြည့်မြဲစွမ်းအင်တွေနဲ့ ဖြည့်ဆည်းတာက ရေရှည်အတွက် ပိုမိုကောင်းမွန်ပါတယ်။
ရာသီဥတုပြောင်းလဲလာမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ အာတိတ်နဲ့ အန္တာတိကဒေသမှာရှိတဲ့ ရေခဲပြင်တွေ အရည်ပျော်လာတာပဲ ဖြစ်ပါတယ်။ အဲဒီလို အရည်ပျော်လာ နေခြင်းကနေ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု ဖြစ်ပေါ် လာစေပြီး မိုးလေဝသဖြစ်စဉ် အခြေအနေတွေအပေါ် ကြီးကြီးမားမားသက်ရောက်လာနေတာပါ။ ဥပမာအနေနဲ့ပြောရရင် အန္တာတိကတိုက်မှာရှိတဲ့ ရေခဲလွှာတွေ အရည်ပျော်မှုဟာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း မူလရှိရင်းစွဲပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကျော် အရည်ပျော်ကျခဲ့ပါတယ်။
ဒါ့အပြင် သိပ္ပံပညာရှင်တွေပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ အန္တာတိကတိုက်က အကြီးမားဆုံးရေခဲပြင်မှာ ပဲ့ထွက်နိုင်တဲ့ အက်ကြောင်းတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အာ တိတ်ဒေသမှာရှိတဲ့ ရေခဲလွှာတွေ အရည်ပျော်ကျမှုဟာလည်း ခန့်မှန်းထားတာထက် ပိုမိုမြန်ဆန်ပြီး ကျယ်ပြန့်လာနေပါတယ်။ ရေခဲလွှာတွေ အရည်ပျော်ကျလာတာနဲ့အမျှ ပင်လယ် ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကိုပါ ထိခိုက်စေပါတယ်။
ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု၊ သစ်တောပြုန်းတီးမှုတွေဟာ ရေခဲပြင်အ ရည်ပျော်ကျစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်။ မကြာသေးခင် ဆယ်စုနှစ်အတွင်း အာ တိတ်ဒေသက ရေခဲလွှာတွေ အရည်ပျော်ဆုံးရှုံးမှုက ၁၃ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၃၀ အတွင်း ရေခဲလွှာအရည်ပျော်ကျမှုဟာ မူလရှိရင်းစွဲပမာဏရဲ့ ၉၅ ရာခိုင်နှုန်း ကျော်ထိ ရှိခဲ့တယ်လို့ WWF (World Wild Fund for Nature) ရန်ပုံငွေအဖွဲ့ရဲ့ သုတေသနတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ အဲဒီနှုန်းနဲ့သာ ဆက်လက်အရည်ပျော်ကျနေမယ်ဆိုရင် လာမယ့် ၂၀၄၀ မှာ ရေခဲပြင်ပမာဏအားလုံး ဆုံးရှုံးနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ရေခဲပြင်အရည်ပျော်ကျမှုတွေကို အချိန်မီတားဆီးနိုင်ဖို့၊ လျှော့ချနိုင်ဖို့ လုပ်ဆောင်သင့်တာတွေကို အချိန်မဆိုင်းပဲ လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံအပါ အဝင် အာဆီယံနိုင်ငံတွေအနေနဲ့ အာတိတ်ရေခဲပြင် အရည်ပျော်ကျ ပျောက်ကွယ်သွားရမှုရဲ့ နောက်ဆက်တွဲ ရာသီဥတုဖြစ်စဉ်တွေအတွက် ပြင်ဆင်ထားဖို့သင့်ကြောင်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ပညာရှင်တွေက သတိပေးခဲ့တာပါ။
COP 28 လို့ခေါ်တဲ့ (၂၈) ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ဒူဘိုင်းမှာ ကျင်းပခဲ့ပါ တယ်။ အဲဒီညီလာခံမှာ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုလျှော့ချရေးနဲ့ ပတ်သက်ပြီး သမိုင်းဝင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပါတယ်။ ဓာတ်ဆီ၊ ရေနံ၊ ကျောက်မီးသွေးတို့လို ရုပ် ကြွင်းလောင်စာတွေကို မှီခိုနေရမှုကနေ လျှော့ချသွားဖို့ အင်မတန်အရေးကြီးတယ်ဆိုတာ သဘောတူခဲ့ကြတာပါ။ ဒါ့အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကိုလည်း အရှိန်မြှင့်ဖို့ သဘောတူညီခဲ့ကြသလို အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကလည်း ဒီအချက်အပေါ် သဘောတူညီခဲ့ကြပါတယ်။
၂၀၁၅ နှစ်က သဘောတူညီခဲ့တဲ့ COP 21 က သဘောတူညီချက်ကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ၂ ဒီဂရီစင်တီဂရိတ်မှာ ထားထားနိုင်ဖို့ဆိုတဲ့အချက်လည်း ပါဝင် ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ပျမ်းမျှအပူချိန်က ၁ ဒသမ ၂ ဒီဂရီထက် ကျော်လွန်နေပြီမို့ မူလသဘောတူ ရည်မှန်းချက်အတိုင်းရှိနေစေဖို့ လက်တွေ့ကျကျ အချိန်မဆိုင်းပဲ လုပ်ဆောင် ကြဖို့ လိုနေပါပြီ။ ဆိုလာနဲ့ လေစွမ်းအင်တွေကို ၂၀၅၀ ပြည့်လွန်နှစ်တွေမှာ ၃ ဆပိုပြီးထုတ်လုပ်နိုင်ဖို့ COP 28 ညီလာခံမှာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် နိုင်ငံအားလုံးက ဝိုင်းဝန်းကြိုးပမ်းသွားရမှာလည်း ဖြစ်ပါတယ်။
“ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ပိုများလာခဲ့သလို လူ့အသက်ဆုံးရှုံးရမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ ရေကြီးမှုကြောင့် လူနေအဆောက်အဉီတွေ ပျက်စီးခဲ့ရသလို အသက်သေဆုံးမှုတွေပါ ရှိခဲ့ပါတယ်။ အဆိုးရွားဆုံးဖြစ်ရပ်ကတော့ လစ်ဗျားနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ “ဒယ်နီရယ်” မုန်တိုင်းကြောင့် ဆည်နှစ်ခုကျိုးပေါက်ပြီး လူတစ်သောင်းကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ပါ။ အမေရိကန်နိုင်ငံမှာလည်း တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာကြောင့် ဟာဝိုင်အီ ကျွန်းစုမှာ လူရာချီသေဆုံးခဲ့ရပါတယ်”
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေ ပိုများလာခဲ့သလို လူ့အသက်ဆုံးရှုံးရမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ ရေကြီးမှုကြောင့် လူနေအဆောက်အဉီတွေ ပျက်စီးခဲ့ရသလို အသက်သေဆုံးမှုတွေပါ ရှိခဲ့ပါတယ်။ အဆိုးရွားဆုံးဖြစ်ရပ်ကတော့ လစ်ဗျားနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ “ဒယ်နီရယ်” မုန်တိုင်းကြောင့် ဆည်နှစ်ခုကျိုးပေါက်ပြီး လူတစ်သောင်းကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ပါ။ အမေရိကန်နိုင်ငံမှာလည်း တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာကြောင့် ဟာဝိုင်အီ ကျွန်းစုမှာ လူရာချီသေဆုံးခဲ့ရပါတယ်။
နောက်ထပ်သတိပြုရမယ့် အချက်တစ်ခုကတော့ ရာသီဥတုပြောင်းလဲမှုကနေ စားနပ်ရိက္ခာထုတ်လုပ်မှုကိုပါ သက်ရောက်စေပြီး အစာရေစာငတ်မွတ်ခေါင်းပါးမှုနဲ့ တွေ့ကြုံရနိုင်တာ ပါပဲ။ မိုးခေါင်ရေရှားမှု၊ အစာရေစာပြတ်လပ်ရှားပါးမှုကြောင့် လူတွေ အစုလိုက်အပြုံလိုက် နိုင်ငံဒေသတွင်းကနေ ထွက်ပြေးရတာအထိ ဖြစ်လာနိုင်တာမို့ ပေါ့ပေါ့ဆဆသဘော မထားသင့်ပါဘူး။ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ရုပ်ကြွင်းလောင်စာသုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို ဆင်းရဲတဲ့နိုင်ငံတွေက ပိုပြီးခံစားရလေ့ ရှိပါတယ်။
ဒါကြောင့် နောင်လာမယ့် အနာဂတ်နှစ်အနည်းငယ်အတွင်း ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို မဖြစ်မနေလျှော့ချနိုင်မှသာ အာတိတ်နဲ့ အန္တာတိကဒေသက ရေခဲပြင်တွေ ထပ်မံမဆုံးရ ပဲ ထိန်းသိမ်းနိုင်မှာဖြစ်သလို အစွန်းရောက်ရာသီဥတု ဖြစ်စဉ်တွေလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ ရုပ်ကြွင်းလောင်စာ လျှော့ချသုံးစွဲရေး အတွက် ကမ္ဘာ့နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်လို့ခံယူပြီး လက်တွေ့လုပ်ဆောင်သွားဖို့အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
သွေး (စစ်ကိုင်း)
Photo: vox.com
အချိန်မဆိုင်းပဲ လုပ်ဆောင်ရမယ့် ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျှော့ချရေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်