သဘာဝဘေးအန္တရာယ်‌ကြောင့် ထိခိုက်မှုတွေ လျော့ကျဖို့ ဆိုရင်…

သွေး(စစ်ကိုင်း)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှာ သဘာဝဘေးအန္တရာယ်တွေ တွေ့ကြုံနေရသလို ထိခိုက်မှုတွေလည်း မြင့်တက်နေဆဲပါ။ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် မုန်တိုင်းဖြစ်ပေါ်မှုတွေ ပိုများလာနေသလို တစ်ဖက်ကလည်း အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေနဲ့ ပိုရင်ဆိုင်လာနေရပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်နဲ့ ဆက်နွယ်နေတဲ့ ထိ ခိုက်မှုတွေနည်းပါးအောင် အစီအမံတွေချမှတ်လုပ်ဆောင်ဖို့ အင်မတန်အရေးကြီးနေပါပြီ။

ကမ္ဘာကြီးပူနွေးလာနေမှုဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ရှင်သန်ရပ်တည်နိုင်မှုကို တစ်နေ့တခြား ခြိမ်းခြောက်နေတာ မေ့မထားသင့်ပါဘူး။ အလွန်သိသာတဲ့ ပြောင်းလဲမှုတစ်ခုကတော့ ရေခဲမြစ်တွေ အရည်ပျော်ကျမှုဟာ လျင်လျင်မြန်မြန် ဆက်လက်ဖြစ်ပေါ်နေတဲ့အချက်ပါပဲ။ ၂၀၀၀ ပြည့်နှစ်ကစပြီး ရေခဲမြစ်တွေရဲ့ ရေခဲပြင်ထုထည်ဟာ မက်ထရစ်တန် ၆ ဒသမ ၅ ထရီလီလံအထိ ဆုံးရှုံးခဲ့တယ်လို့ AP သတင်းဌာနရဲ့ ရေးသားတင်ပြမှုအရ သိရပါတယ်။ ဒီပမာဏဟာ အင်မတန်များပြားတဲ့ ပမာဏဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွေမှာ ရေခဲပြင်ထုထည်ပမာဏ ၂၃၁ ဘီလီယံထိ အရည်ပျော်ကျခဲ့ပြီး၊ ၂၀၂၃ ခု နှစ်မှာ ၅၄၈ ဘီလီယံထိ အရည်ပျော်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို အချိန်မီမဟန့်တားနိုင်ခဲ့ရင် ၂၁၀၀ ပြည့်နှစ်အရောက်မှာ ဟိမဝန္တာတောင်တန်းက ရေခဲမြစ် သုံးပုံနှစ်ပုံထိ အရည်ပျော်သွားနိုင်တယ်လို့ ၂၀၁၉ ခုနှစ်ကတည်းက ပညာရှင်တွေသတိပေးခဲ့တာပါ။

ဟိန္ဒူကွရှ်-ဟိမဝန္တာ ဒေသမှာရှိတဲ့ ရေခဲမြစ်တွေဟာ ဂင်္ဂါမြစ်၊ မဲခေါင်မြစ်၊ ဧရာဝတီမြစ်တို့အပါအဝင် အရေးပါတဲ့ မြစ်ရေစီးဆင်းမှုစနစ်တွေကို လုပ်ဆောင်ပေးနေတာပါ။ အဲဒီရေခဲမြစ်တွေသာ အရည်ပျော်သွားခဲ့မယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ တွေ့ကြုံရနိုင်တာ အသေအချာပါပဲ။ မုတ်သုန်မိုးရွာသွန်းမှုအပေါ် သက်ရောက်စေသလို မုန်တိုင်းဖြစ်ပေါ်မှု တွေပါ ပိုတိုးလာစေမှာပါ။ ဒါ့အပြင် ရေခဲမြစ်တွေအရည်ပျော်ကျမှုက ရေကြီးရေလျှံမှု၊ မြေပြိုမှုလို ဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပေါ်လာစေနိုင်တာကြောင့် ပေါ့ပေါ့ဆဆ သဘောမ ထားသင့်ပါဘူး။

ရေကြီးရေလျှုံမှုလို သဘာဝဘေးအန္တရာယ်တွေဟာ လူသားတွေရဲ့ ရေနံအပါအဝင် ရုပ်ကြွင်းလောင်စာတွေနဲ့ စွမ်းအင်တွေ အလွန်အကျွံထုတ်လုပ်သုံးစွဲမှု ပယောဂကြောင့် ပိုမိုဆိုးရွာလာစေပါတယ်။ အိန္ဒိယ၊ တရုတ်နိုင်ငံတွေအပါအဝင် အာရှနိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆိုးရွားတဲ့ရေကြီးရေလျှံမှုနဲ့ တွေ့ကြုံခဲ့ရပြီး လူပေါင်းရာချီ သေဆုံးခဲ့ရပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့နယ်မှာ ရေကြီးမှုဖြစ်ခဲ့တာကို ပြန်လည်ဆန်းစစ်ကြည့်ရင် သစ်တောနဲ့ သစ်ပင်တွေကို အလွန်အကျွံခုတ်လှဲမှုတွေနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။

အလားတူ ကျောက်စိမ်းတူးဖော်မှုကနေ စည်းကမ်းမဲ့ မြေစာစွန့်ပစ်မှုတွေကြောင့်လည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေရတာပါ။ အဲဒါရဲ့ ထပ်ဆင့်အကျိုးဆက်က မြေစာပုံပြိုကျမှု၊ နွံကန်ပေါက်ထွက်မှုတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေပါ အသက်ဆုံးရှုံးမှုတွေ မကြာခဏဖြစ်ခဲ့ရပါတယ်။

ကျောက်စိမ်းတူးဖော်မှုအတွက် မိုင်းခွဲရာကနေ ပတ်ဝန်းကျင်ရှိရွာတွေက အိမ်တွေရဲ့ကြံ့ခိုင်မှုကို ထိခိုက်လာသလို မြေပြိုနိုင်တဲ့အန္တရာယ်ပါ ရှိလာနေတာပါ။ သယံဇာတတွေကို အ လွန်အကျွံထုတ်ယူသုံးစွဲတာနဲ့အမျှ ရေအရင်းမြစ်တွေဆုံးရှုံးတာ၊ ဂေဟစနစ်ပျက်စီးတာတွေ ပိုမိုမြင့်တက်လာမှာပါပဲ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာလည်း မြေစာပုံပြိုကျမှုမှာ ရေမဆေးကျောက်ရှာဖွေသူ ရာချီသေဆုံးခဲ့ရပါတယ်။

ကျောက်စိမ်းတူးဖော်မှုတွေကို စနစ်တကျကြပ်မတ်နိုင်မှသာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ရေကြီးရေလျှံမှုတွေ လျော့ပါးလာမှာဖြစ်ပါတယ်။ စည်းကမ်းမဲ့ ရွှေတူးဖော်မှုတွေကြောင့်လည်း ရေထုညစ်ညမ်းမှုဖြစ်ပေါ်နေရသလို ၂၀၂၄ ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုအတွင်း မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အရှေ့ဘက်ပိုင်းရှိ ကျေးရွာတွေအများကြီး ထိခိုက်ပျက်စီးခဲ့ရတာက ရွှေတူးဖော်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ “မိုးထိမိုးမိ” ရွှေတွင်းလုပ်ကွက်တွေ ပြိုကျမှုကြောင့် အသက်ဆုံးရှုံးရသူတွေရှိခဲ့သလို ရွှေတွင်းလုပ်ကွက်တွေနဲ့နီးတဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုဒဏ် ပိုခံစားခဲ့ရပါတယ်။ ချင်းတွင်းမြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်းတွေမှာဆိုရင်လည်း တရားမဝင်ရွှေမျောတွေရှိနေတာကြောင့် မြစ်ရေရဲ့အရည်အသွေးကျဆင်းနိုင်တဲ့ အန္တရာယ်ပါရှိနေတာပါ။ ဧရာဝတီမြစ်ကြီးစတင်ဖြစ်ပေါ်စေတဲ့ မေခနဲ့ မလိခမြစ်နှစ်သွယ်ပေါင်းဆုံရာ “မြစ်ဆုံ”ဒေသမှာ ရွှေတူးဖော်မှုတွေက ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုကိုပါ ခြိမ်းခြောက်နေပါတယ်။ ရွှေတူးဖော်ရာမှာအသုံးပြုတဲ့ ပြဒါးကြောင့် ရေနေသတ္တဝါတွေ ပြဒါးဆိပ်သင့်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံဟာ သစ်တောသစ်ပင်ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့လည်း တရားမဝင်သစ်ခုတ်လှဲမှုတွေကြောင့် သစ်တောပြုန်းတီးမှု ကြီးမားကျယ်ပြန့်နေတဲ့ နိုင်ငံစာရင်းဝင်ဖြစ်နေပါပြီ။ သစ်တောတွေကို စနစ်တကျထိန်းသိမ်းနိုင်မှသာ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကို ကာကွယ်နိုင်မှာဖြစ်သလို ရာသီဥတုပြောင်းလဲမှုကိုပါ လျော့ပါးစေမှာဖြစ်ပါတယ်။ ဒီရေတောတွေ ထူထူထပ်ထပ်ရှိနေရင် မုန်တိုင်းတိုက်ခတ်လာတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းဒီရေတိုက်စားမှုကို ကုန်းတွင်းပိုင်းထိ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီရေတောတွေ ပြုစုပျိုးထောင်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားဖို့ လိုအပ်နေသလို၊ မုန်တိုင်းတိုက်ခတ်လာရင် ခိုလှုံရမယ့် ကြံ့ခိုင်တဲ့အဆောက်အဦတွေကို တည်ဆောက်ရမှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း တောမီးလောင်ကျွမ်းမှုတွေ ပိုမိုမြင့်တက်လာနေတာကလည်း လူသားတို့အတွက် ခြိမ်းခြောက်မှုကြီး တစ်ရပ်အဖြစ်ရှိနေဆဲပါ။ တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာသာမက တောင်ကိုရီးယားနိုင်ငံမှာပါ တောမီးတွေ အကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ တောမီးလောင်ကျွမ်းမှု ဆက်စပ်နေတာပါ။ မိုးခေါင်ရေရှားမှုတွေကြောင့်လည်း တောမီးလောင်ကျွမ်းမှုကို ပိုဆိုးရွားစေပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးမှုတွေလျော့ပါးစေဖို့ အထူးသဖြင့် တောမီးလောင်ကျွမ်းမှုကို ဖြစ်စေနိုင်တဲ့ သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်တွေကို ဖယ်ရှားရှင်းလင်းသင့်ပါတယ်။ သစ်ပင်တွေထူထပ်တဲ့နေရာတွေရဲ့ အနီးဝန်းကျင်မှာ ဆေးလိပ်သောက်တာ၊ သောက်ပြီးသားဆေးလိပ်တိုကို မီးမငြှိမ်းဘဲ လွှင့်ပစ်တာတွေကိုလည်း ရှောင်ရှားရမှာပါ။ အ ရေးအကြီးဆုံးအချက်ကတော့ အန္တရာယ်သက်ရောက်နိုင်တဲ့ဒေသက ပြည်သူတွေကို ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းနေရာချထားပေးဖိုပါပဲ။

အခုလို ပူပြင်းတဲ့နွေရာသီကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ရေရှားပါးမှုတွေနဲ့ တွေကြုံလာနိုင်သလို တစ်ဖက်ကလည်း အပူလှိုင်းကျရောက်မှုတွေရှိနေတာ သတိပြုကြရမှာပါ။ ၂၀၂၄ ခုနှစ်အတွင်း အာရှနိုင်ငံတွေမှာ အပူလှိုင်းဖြတ်မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တာပါ။ အပူလှိုင်းတွေကြောင့် လူသားတွေရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှုတွေကို လေ့လာကြည့် ရင် လေသင်တုန်းဖြတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ မူးမော်ပြီး သတိလစ်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့အပြင် အပူလှိုင်းဖြတ်မှုကြောင့် စောစောကပြောခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကိုအားပေးသလို သောက်သုံးရေရှားပါးမှုဖြစ်စေတာ၊ စိုက်ပျိုးရေးအတွက် ရေပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုအပေါ် သက်ရောက်စေတာတွေ ဖြစ်လာနိုင်ပါတယ်။

တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာတာဟာ ရုပ်ကြွင်းလောင်စာ အလွန်အကျွံသုံးစွဲမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာ မမေ့သင့်ပါဘူး။ ရာသီဥတုပူပြင်းခြောက်သွေ့လာတာနဲ့အမျှ မိုးရွာသွန်းတဲ့ကာလလည်း ပိုမိုတိုတောင်းလာပြီး မုန်တိုင်းအန္တရာယ်တွေပါ ပိုမိုကျရောက်နိုင်ပါတယ်။ ဒါကြောင့် ရေနံ၊ ကျောက်မီးသွေးတို့လို ရုပ်ကြွင်းလောင်စာတွေကို အတတ်နိုင်ဆုံး လျှော့ချသုံးစွဲရမှာပါ။ စွမ်းအင်ထုတ်လုပ်ရာမှာလည်း နေစွမ်းအင်၊ ရေစွမ်းအင်၊ လေစွမ်းအင်တို့လို ပြန်လည်ပြည့် ဖြိုးမြဲရင်းမြစ်တွေကနေ ထုတ်ယူသုံးစွဲတာ ပိုကောင်းမွန်ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံးရှိနိုင်တဲ့ နိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်တွေကျရောက်လာရင် အချိန်မီပြောင်းရွှေ့ပေးနိုင်ဖို့ စီမံပေးရမှာဖြစ်သလို အသိပညာပေးမှုတွေပါ လုပ်ဆောင်ရမှာပါ။ လက်ရှိနိုင်ငံအတွင်း သယံဇာတတူးဖော်မှုတွေကို စနစ်တကျ ဖြစ်အောင် ကြပ်မတ်ပေးနိုင်မှ ပြုန်းတီးသွားတဲ့သစ်တောတွေကို အမြန်ဆုံးနဲ့အထိရောက်ဆုံး ပြန်လည်ပြုစုပျိုးထောင်ပေးနိုင်မှသာ အထွေထွေသော သဘာဝဘေးအန္တရာယ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုတွေလျော့နည်းအောင် ကြိုတင်စီမံလုပ်ဆောင်နိုင်မှသာ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေကို ကယ်တင်နိုင်မှာဖြစ်သလို လူသား၊ သက်ရှိနဲ့ သဘာဝပတ်ဝန်းကျင်တို့ရဲ့ “ဂေဟစနစ်” ကိုပါ ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်မှာလည်းဖြစ်ပါတယ်။   ။

သွေး(စစ်ကိုင်း)

ဓာတ်ပုံ- sify.com / ယနေ့ခေတ်

#ယနေ့ခေတ်

သဘာဝဘေးအန္တရာယ်‌ကြောင့် ထိခိုက်မှုတွေ လျော့ကျဖို့ ဆိုရင်… အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.