သွေး(စစ်ကိုင်း)
လူသားတွေရဲ့ အသက်ရှင်သန်မှုအတွက် သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရဖို့က အထူးပဲအရေးကြီးပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့လေကို မရှူရှိုက်ရရင် ကျန်းမာရေးနဲ့မညီညွတ်ရုံသာမက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေပါ ခံစားရစေနိုင်ပါတယ်။ Air Pollution လို့ခေါ်တဲ့ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ရောဂါတွေကြောင့် ကမ္ဘာ ပေါ်မှာ လူပေါင်းသန်းနဲ့ချီပြီး နှစ်စဉ်သေဆုံးနေရတာကို သတိပြုသင့်ပါတယ်။
လေထုညစ်ညမ်းမှုကို တချို့က ပေါ့ပေါ့ဆဆသဘောထားပြီး ဘာရောဂါဝေဒနာမှ မဖြစ်နိုင်ဘူးလို့ ယူဆနေကြပါတယ်။ စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့ကမ္ဘာကြီးမှာ စက်ရုံအလုပ်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ မသန့်ရှင်းတဲ့ဓာတ်ငွေ့တွေကြောင့် လေထုညစ်ညမ်းမှု ပိုများလာနေတာပါ။ နေ့စဉ်နဲ့အမျှလည်ပတ်နေတဲ့ စက်ရုံတွေ၊ မောင်းနှင်သွားလာနေတဲ့ ယာဉ်ရထားတွေကနေ ထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေက လေထုထဲပျံ့နှံ့သွားပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေမှာ လေထုညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်နေရသလို အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ဆိုးရွားတဲ့လေထုညစ်ညမ်းမှုနဲ့ တွေ့ကြုံနေရပါတယ်။
လေထုထဲမှာပျံ့လွင့်နေတဲ့ အမှုန်အမွှားတွေကို Particulate Matter (PM) လို့ခေါ်ပါတယ်။ PM10 နဲ့ PM2.5 ဆိုပြီး သတ်မှတ်ထားကြသလို ဒီအမှုန်အမွှားနှစ်မျိုးစလုံးက လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ရှေ့မှာပြောခဲ့သလို စက်ရုံအလုပ်ရုံတွေ၊ ယာဉ်ရထားတွေကနေ ထွက်ရှိလာတဲ့ ဓာတ်ငွေ့တွေက အမှုန်အဖြစ်ကူးပြောင်းသွားရာကနေ PM2.5 ဖြစ်လာရပါတယ်။ ဒီ PM2.5 အမှုန်အမွှားတွေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်သာမက တခြားသော ဇီဝဒြပ်ပေါင်းတွေပါဝင်နေပြီး အသက်ရှူသွင်းမိတဲ့အခါ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲထိ ရောက်ရှိသွားနိုင်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ လည်ပတ်မှုကနေ PM10 အမှုန်အမွှားတွေ ဖြစ်ပေါ်လာတယ်။ ဒီ PM10 အမှုန်အမွှားတွေကလည်း လူသားတွေရဲ့ နှာခေါင်း၊ လည်ချောင်းတို့ဆီ ဝင်ရောက်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုတွေနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကတော့ အဆုတ်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ခေါင်းကိုက်ဝေဒနာ၊ ပန်း နာရင်ကျပ်ရောဂါတို့ဖြစ်ပါတယ်။ ဒါ့အပြင် နဂိုက ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်ရောဂါရှိသူတွေအတွက်လည်း လေထုမသန့်ရှင်းမှုကြောင့် ရောဂါကို ပိုဆိုးသွားစေနိုင်တာကို သတိပြုရမှာပါ။ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ မောပန်းနွမ်းနယ်မှုတွေပါ ဖြစ်စေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အမှုန်အမွှားပျံ့နှံ့မှု အမြင့်ဆုံးနိုင်ငံထဲမှာ ပါဝင်နေပါတယ်။ လက်ရှိကာလမှာ လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်နေလို့ မီးစက်နှိုးပြီး အလုပ်လုပ်ရတာတွေ၊ ထင်းမီးသွေးကိုသုံးပြီး ချက်ပြုတ်ရာတွေကလည်း လေထုညစ်ညမ်းမှုဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေပါတယ်။ ပြင်ပလေထုညစ်ညမ်းမှု (Outdoor Air Pollution) နဲ့ဆက်နွယ်နေတဲ့ ရောဂါတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးရမှုတွေ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတိ ပေးထားပါတယ်။ စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ လောင်ကျွမ်းမှု၊ လေနဲ့အတူလွင့်ပါလာတဲ့ ဖုန်မှုန့်တွေကြောင့် ပြင်ပလေထုညစ်ညမ်းမှု ဖြစ်စေတာပါ။
လေထုအရည်အသွေး ရည်ညွှန်းကိန်းကို Air Quality Index (AQI) လိုခေါ်ပြီး လေထုထဲမှာ အမှုန်အမွှားတွေ၊ နိုက်ထရို ဂျင်အောက်ဆိုဒ်နဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုအပေါ်မူတည်ပြီး AQI ကိုတိုင်းတာကြတာပါ။ AQI ၁၀၁ ကနေ ၁၅၀ ကြားထိရှိရင် လိမ္မော်ရောင်၊ အဝါရောင်အဆင့်လို့သတ်မှတ်ပြီး AQI ၁၅၁ ကနေ ၂၀၀ ကြားထိ ရှိရင် အနီရောင်အဆင့်၊ AQI ၂၀၁ ကနေ ၃၀၀ ကြားဆိုရင် ခရမ်းရောင်အဆင့်လို့ သတ်မှတ်ပါတယ်။
မီးပျက်တဲ့အတွက် မီးသွေးသုံးပြီး ထမင်းဟင်းချက်ပြုတ်ကြရတာတွေကလည်း အိမ်တွင်းလေထုညစ်ညမ်းမှု (Indoor Air Pollution) ကို ဖြစ်ပေါ်စေပါတယ်။ မီးခိုးငွေ့တွေကို ကြာ ရှည်ရှူရှိုက်နေရမယ်ဆိုရင် အဆုတ်ရောင်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခြင်ဆေးခွေထွန်းရာကနေ ထွက်ပေါ်လာတဲ့ ဓာတုပစ္စည်းတွေ လောင် ကျွမ်းနံ့ကလည်း ခြင်ကိုသာမက လူသားတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တာကြောင့် ရေရှည်သုံးစွဲဖို့ လုံးဝမသင့်လျော်ပါဘူး။ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့အိမ်နဲ့ အခန်းတွေမှာ စီးကရက်၊ ဆေးလိပ်သောက်သုံးတာမျိုးကို လုံးဝရှောင်ရှားသင့်ပါတယ်။
“ လေထုအတွင်း အမှုန်အမွှားတွေ လျော့နည်းလာပြီး လေထုအရည်အသွေးကောင်းမွန်လာအောင် နိုင်ငံတိုင်းက ကြိုးစားအားထုတ်သင့်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။ တကယ်လို့ လေထုညစ်ညမ်းမှုကို ထိရောက်စွာ လျှော့ချနိုင်မယ်ဆိုရင် နှစ်စဉ် အနည်းဆုံး လူတစ်သန်းရဲ့အသက်ကို ကယ်ဆယ်နိုင်မယ်လို့ ဆိုပါတယ်။“
လေထုအတွင်း အမှုန်အမွှားတွေ လျော့နည်းလာပြီး လေထုအရည်အသွေးကောင်းမွန်လာအောင် နိုင်ငံတိုင်းက ကြိုးစားအားထုတ်သင့်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။ တကယ်လို့ လေထုညစ်ညမ်းမှုကို ထိရောက်စွာ လျှော့ချနိုင်မယ်ဆိုရင် နှစ်စဉ် အနည်းဆုံး လူတစ်သန်းရဲ့အသက်ကို ကယ်ဆယ်နိုင်မယ်လို့ ဆိုပါတယ်။ နိုင်ငံနယ်နိမိတ်တွေကို ဖြတ်ကျော်ရောက်ရှိလာတဲ့ “မီးခိုးမြူ” ပြဿနာကလည်း ဒေသတွင်းပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးတွေသက်ရောက်စေပါတယ်။ ဥပမာအနေနဲ့ ၁၉၉၄ နဲ့ ၁၉၉၇ ခုနှစ်တွေမှာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေကြောင့်ဖြစ်လာတဲ့ “မီးခိုးမြူ” တွေဟာ စင်ကာပူနိုင်ငံထိ ရောက်ရှိသက်ရောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ်လိုလို ဆီအုန်းစိုက်ပျိုးရေး တောင်ယာမီးရှို့မှုတွေကြောင့် “မီးခိုးမြူ” အများအပြား ထွက်ပေါ်လေ့ရှိပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်ထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လေထုအရည်အသွေးညွှန်းကိန်း AQI ဟာ ၁၀၀ ကနေ ၁၅၀ အထိ ရှိနေတဲ့အတွက် ပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ တိုးလာစေပါတယ်။ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုဆိုးရွားနေလို့ ဘန်ကောက်မှာစာသင်ကျောင်းတွေပိတ်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးရေးနေတဲ့အချိန်ထိ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးညွှန်းကိန်းဟာ ၁၅၇ ထိ ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ အနည်းငယ်လျော့ကျခဲ့ပေမဲ့ လေထုထဲက အမှုန်အမွှားတွေဖြစ်တဲ့ PM2.5 ပမာဏကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့စံထက် ပိုမိုမြင့်မားနေပါတယ်။ ဇန်နဝါ ရီ ၃၀ ရက်၊ နံနက်ပိုင်းမှာ ရန်ကုန်ရဲ့လေထုအရည်အသွေးညွှန်းကိန်းဟာ ၁၅၅ ထိ ပြန်လည်ရောက်ခဲ့ပါတယ်။
အထူးသဖြင့် နံနက်ခင်းပိုင်းအချိန်တွေမှာ ရန်ကုန်မြို့ရဲ့ကောင်းကင်ဟာ မှုန်မှိုင်းနေတာတွေ့ရပါတယ်။ နေ့အပူအချိန်ကလည်း ဆက်လက်မြင့်တက်နိုင်တဲ့အတွက် လေထုညစ်ညမ်းမှု ဆက်လက်ပေါ်ပေါက်နိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ရန်ကုန်ဟာ လူဦးရေထူထပ်တဲ့မြို့ဖြစ်သလို အထပ်မြင့်တိုက်ခန်းတွေများပြားတဲ့ မြို့ ဖြစ်တာကြောင့် တိုက်ခန်းတွေမှာ လေဝင်လေထွက်ကောင်းမွန်မှု အားနည်းနေပါတယ်။ တခြားမြို့တွေနဲ့ နှိုင်းယှဉ်ရင် မော်တော်ယာဉ်အသုံးမှုများပြားခြင်းနဲ့ မီးစက်အသုံးပြုမှုတွေကလည်း လေထုညစ်ညမ်းမှုကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် အမှိုက်စွန့်ပစ်မှုမှာ အားနည်းချက်တွေရှိနေပြီး အမှိုက်မီးရှို့မှုကလည်း လေထုညစ်ညမ်းစေတဲ့အကြောင်းရင်းထဲပါဝင်နေတာ သတိပြုသင့်ပါတယ်။ ကြွပ်ကြွပ်အိတ်လို ပလပ်စတစ်တွေကိုမီးရှို့ရင် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေက ကျန်းမာရေးအတွက် ဘယ်လိုမှမသင့်တော်ပါဘူး။
လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေဆဲကာလဖြစ်တာကြောင့် အမှိုက်မီးရှို့မှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်သလို မလိုအပ်ဘဲ အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ စွမ်းအင်ချွေတာသုံးစွဲဖို့၊ အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့၊ ကိုယ်ပိုင်ကားအသုံးပြုမှု လျှော့ချဖို့၊ သစ်ပင်တွေပိုစိုက်ပျိုးဖို့၊ အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေ ရှောင်ကြဉ်ဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ရောဂါတွေကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေး၊ လူမှုရေးသာမက စီးပွားရေးထိခိုက်မှုပါ တွေ့ကြုံခံစားနေရတာ မမေ့သင့်ပါဘူး။
အပြင်ထွက်ရင် နှာခေါင်းစည်းတပ်တဲ့ အလေ့အကျင့် ပြန်လည်လုပ်ဆောင်သင့်သလို ကလေးငယ်တွေနဲ့ သက်ကြီးရွယ် အိုတွေကို လေထုထဲက အမှုန်အမွှားတွေနဲ့ မထိတွေ့စေဖို့ အထူးဂရုစိုက်သင့်ပါတယ်။ နေအိမ်တွင်းမှာ လေဝင်လေထွက်ကောင်းမွန်အောင် လုပ်ဆောင်သင့်သလို ကျန်းမာရေးအသိ/သတိနဲ့ နေထိုင်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
#သွေး(စစ်ကိုင်း)
ဓာတ်ပုံ- WHO
#ယနေ့ခေတ်
လေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်