သွေး (စစ်ကိုင်း)
နွေရာသီရောက်လာရင် မြန်မာနိုင်ငံရဲ့ဒေသအတော်များများမှာ ရေရှားပါးမှုနဲ့တွေ့ကြုံလာရပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာပါ။ ရေရရှိနိုင်မယ့်အရင်းအမြစ်တွေ နည်းပါးသွားတာကြောင့် ရေတစ်ပုံးရဖို့အတွက် မိုးမလင်းခင်ကတည်းက ရေသွားခပ်ရသူတွေလည်းရှိပါတယ်။ ၂၀၂၄ ခုနှစ်ဟာ အယ်လ်နီညို အပူလှိုင်းသက်ရောက်မှု ခံစားရတဲ့နှစ်ဖြစ်တဲ့အတွက် ရေရှားပါးမှုတွေ ပိုများလာဖွယ်ရှိပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ၂ ဒသမ ၄ ဘီလီယံခန့်ဟာ သန့်ရှင်းတဲ့ရေ မရရှိတဲ့အခြေအနေမှာ နေထိုင်နေရပါတယ်။ ရေလုံလုံလောက်လောက်မရှိဘူးဆိုရင် သောက်သုံးဖို့အတွက်သာမက ချက်ပြုတ်ရေးနဲ့ ဆေးကြော လျှော်ဖွပ်ရေးတွေမှာပါ အခက်တွေ့ရမှာပါ။ အဲဒါရဲ့အကျိုးဆက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါအပြင် စိုက်ပျိုးရေးအတွက် ရေလုံလုံလောက်လောက်မရရင် စိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်လာပြီး ကောက်ပဲသီးနှံထုတ်လုပ်မှုလည်း လျော့ကျလာနိုင်ပါတယ်။ အကျိုးဆက်က ကောက်ပဲသီးနှံဈေးကြီးတာ၊ စား နပ်ရိက္ခာမလုံလောက်တာတွေ ဖြစ်လာနိုင်တာပါပဲ။
ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (WWF) ရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ သတိပြုရမယ့်အချက်တချို့ကို ကောက်နုတ်ဖော်ပြရရင် “ကမ္ဘာပေါ်မှာရှိတဲ့ ရေထုပမာဏရဲ့ ၃ ရာခိုင်နှုန်းသာ ရေချိုတွေဖြစ်ပြီး၊ ကျန်တာတွေက ရေငန်နဲ့ သုံးစွဲမရတဲ့ပမာဏဖြစ်ပါတယ်။ နောင်အနာဂတ်မှာ ရေချိုရရှိမှုက ပိုမိုပြီးရှားပါးခက်ခဲလာနိုင်တယ်လို့ ခန့်မှန်းရတယ်။ မြစ်တွေ၊ ချောင်းတွေ ခန်းခြောက်လာတာ ဒါမှမဟုတ် အသုံးပြုဖို့ စိတ်မချရတဲ့အဆင့်ထိ ဖြစ်ပေါ်လာနိုင်တယ်။ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း တစ်ဖက်က ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး၊ တစ်ဖက်ကတော့ မိုးခေါင်ရေရှားတာတွေနဲ့ ကြုံရနိုင်တယ်” လို့ ဆိုပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများပြားလာတာနဲ့အမျှ ဖန်လုံအိမ်အာနိသင် အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးပူနွေးရာက နေ ပူပြင်းလာတဲ့အထိ ရာသီဥတုဖြစ်စဉ်အပေါ် သက်ရောက်မှုကြီးမားစေပါတယ်။ ဒီလိုသက်ရောက်မှုကြောင့် ကမ္ဘာ့ဒေသတွေမှာ မုန်တိုင်းတွေပိုမိုဖြစ်ပေါ်စေနိုင်သလို တစ်ဖက်ကလည်း ရေခဲမြစ်တွေအရည်ပျော်ကျပြီး ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာစေပါတယ်။ အကျိုးဆက်က ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူတွေအတွက် အန္တရာယ်ဖြစ်လာနိုင်တာပါပဲ။ နောက်ထပ် အကျိုးဆက်တစ်ခုက စွမ်းအင်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်တွေလည်း နည်းပါးလာစေနိုင်ပါတယ်။
“ရေထုညစ်ညမ်းမှု” ပြဿနာကလည်း ကမ္ဘာ့မြစ်ချောင်းအင်းအိုင်နဲ့ ပင်လယ်သမုဒ္ဒရာတွေရဲ့ ရှင်သန်မှုကို အချိန်တိုင်း ခြိမ်းခြောက်နေပါတယ်။ မြစ်ချောင်းတွေထဲကို ရေဆိုးစွန့်ပစ်မှု၊ စက်မှုလုပ်ငန်းတွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းနဲ့ အညစ်အကြေးတွေ စွန့်ပစ်မှု၊ ရွှေအပါအဝင် သတ္တုတူးဖော်ရာကနေထွက်လာတဲ့ မြေစာတွေစွန့်ပစ်မှုတွေက မြစ်ချောင်း တွေကို တိမ်ကောစေတဲ့အပြင် ရေထုညစ်ညမ်းမှုကိုလည်းဖြစ်စေပြီး၊ ရေအရင်းအမြစ်ပါ ဆုံးရှုံးစေပါတယ်။ နေ့စဉ်နဲ့အမျှ လူတွေစွန့်ပစ်နေတဲ့အမှိုက်တွေ၊ ပလပ်စတစ်တွေက ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေရုံသာမက ရေနေသတ္တဝါတွေရဲ့ရှင်သန်မှုကိုလည်း ထိခိုက်စေပါတယ်။ ဥပမာ အရင်ကတွေ့ရတဲ့ ငါးမျိုးစိတ်တွေ ဆုံးရှုံးသွားတာမျိုး၊ သန္တာကျောက် တန်းပမာဏ နည်းပါးသွားတာမျိုးနဲ့ ပလပ်စတစ်ကို ရေနေသတ္တဝါတွေက အစာထင်မှတ်ပြီး မျိုချတာမျိုးတွေပါ။
လွန်ခဲ့တဲ့နှစ် ၅၀ အတွင်း ကမ္ဘာ့လူဦးရေက နှစ်ဆကျော်တိုးလာတာကြောင့် အလျင်အမြန်တိုးလာတဲ့ လူဦးရေကြောင့် စားသောက်နေထိုင်ရေးနဲ့ စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက်ကလည်း မြင့်မားလာပါတယ်။ ရေချိုရရှိနိုင်တဲ့ အရင်းအမြစ်တွေ နည်းပါးလာနေတာက အနာဂတ်အတွက် စိန်ခေါ်မှုကြီးအဖြစ် ရှိနေပါတယ်။ မြစ်ချောင်းတွေ ခန်းခြောက်လာတာ၊ ရေဝေရေလဲဒေသတွေမှာ သစ်တောတွေပြုန်းတီးတာ၊ ရေတိမ်ဒေသတွေ ပျောက်ကွယ်သွားတာတွေကို လက်ရှိ ကြုံတွေ့နေရပါပြီ။ ရေအရင်းအမြစ် နည်းပါးလာတာနဲ့အမျှ သဘာဝရှုမျှော်ခင်းတွေလည်း ပျောက်ကွယ်လာနေပါတယ်။
ကမ္ဘာကြီးမှာ သန့်ရှင်းတဲ့သောက်သုံးရေမရှိဘဲ နေထိုင်နေရသူတွေ အများအပြားရှိလာနေသလို ရေချိုအရင်းအမြစ် ရှားပါးလာမှုနဲ့ပါ ရင်ဆိုင်နေရတာပါ။ ရေချိုနဲ့ ရေငန်မှာဆိုရင် ရေ ငန်ပမာဏက ပိုများနေတဲ့အတွက် ရေသယံဇာတတွေကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေပါတယ်။ တစ်ချိန်တုန်းက အာရှတိုက်အလယ်ပိုင်းမှာတည်ရှိတဲ့ အေရယ်ပင်လယ် (Aral Sea)ဟာ ကမ္ဘာပေါ်မှာ စတုတ္ထအကြီးဆုံး ရေကန်ကြီးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးတဲ့ ဆယ်စုနှစ်သုံးခုအတွင်းမှာပဲ တဖြည်းဖြည်းခန်းခြောက်လာပြီး မစ်ချီဂန်ရေကန် အရွယ်အစားဖြစ်တဲ့ ၅၈,၀၃၀ စတုရန်းကီလိုမီတာ လောက်ပဲကျန်ပါတော့တယ်။ WWF ရဲ့ဖော်ပြချက်အရ ကမ္ဘာပေါ်က မြစ်ဝှမ်းဒေသတွေမှာ နေထိုင်ကြသူတွေရဲ့ ၄၁ ရာခိုင်နှုန်းဟာ ရေချိုရရှိရေးအတွက် ပူပင်နေကြရတယ်လို့ ဆိုပါတယ်။
“ မြန်မာနိုင်ငံမှာလည်း ရေချိုရရှိမှုအတွက် စိန်ခေါ်မှုဟာ ကျေးလက်မှာသာမက မြိုပြတွေမှာလည်းရှိနေတာပါ။ ဧရာဝတီအပါအဝင် မြစ်ချောင်းတွေထဲကို အမှိုက်တွေ၊ ရေဆိုးတွေ စည်းကမ်းမဲ့စွန့်ပစ်တာ၊ တရားမဝင်ရွှေနဲ့ သတ္တုတူးဖော်ကြတာတွေက ရေအရင်းအမြစ်ဆုံးရှုံးစေတဲ့ အကြောင်းအရာတွေပါ။ ဒါတွေကို ထိထိရောက်ရောက် အရေးယူကြပ်မတ်သွားဖို့ လိုပါတယ်။“
မြန်မာနိုင်ငံမှာလည်း ရေချိုရရှိမှုအတွက် စိန်ခေါ်မှုဟာ ကျေးလက်မှာသာမက မြို့ပြတွေမှာလည်းရှိနေတာပါ။ ဧရာဝတီအပါအဝင် မြစ်ချောင်းတွေထဲကို အမှိုက်တွေ၊ ရေဆိုးတွေ စည်းကမ်းမဲ့စွန့်ပစ်တာ၊ တရားမဝင်ရွှေနဲ့ သတ္တုတူးဖော်ကြတာတွေက ရေအရင်းအမြစ်ဆုံးရှုံးစေတဲ့ အကြောင်းအရာတွေပါ။ ဒါတွေကို ထိထိရောက်ရောက် အရေးယူကြပ်မတ် သွားဖို့ လိုပါတယ်။
မသန့်ရှင်းတဲ့ရေကို သောက်သုံးမိလို့ ရေကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း သတိပြုရမှာပါ။ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အူယောင်ငန်းဖျားရောဂါ၊ ဝမ်းကိုက်ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။ VOA သတင်းတစ်ပုဒ်မှာ ဖော်ပြထားချက်အရ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြား ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့သဘာဝဘေးအန္တရာယ်တွေရဲ့ ၇၄ ရာခိုင်နှုန်းဟာ ရေကြီးမှု၊ မိုးခေါင်မှုလို ရေနဲ့ဆက်စပ်တဲ့ သဘာဝဘေးတွေဖြစ်ပြီး အဲဒါတွေရဲ့ နောက်ဆက်တွဲပြဿနာက သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးအတွက် အဟန့်အတားဖြစ်လာရတယ်လို့ ဆိုပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာတွေကြောင့် ရေငန်တွေက ရေချိုရင်းမြစ်တွေဆီ ဝင်ရောက်သွားပြီး သုံးစွဲမရဖြစ်စေတာပါ။ မသန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ဆက်စပ်တဲ့ရောဂါတွေကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ်လူ ၁ ဒသမ ၂ သန်းထိ သေဆုံးနေရတယ်လို့လည်း ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာတော့ စည်ပင်ကပေးဝေတဲ့ရေကိုသုံးကြသလို မြေအောက်ရေကို ထုတ်ယူအသုံးပြုကြပါတယ်။ ဘယ်ရေကိုပဲသုံးသုံး ရေကိုစနစ်တကျသုံးဖို့နဲ့ အလာဟဿမဖြစ်အောင် သတိပြုရပါမယ်။ အထူးသဖြင့် မျက်နှာသစ် သွားတိုက်လုပ်တဲ့အချိန်မှာ ဒါမှမဟုတ် လက်ဆေးပန်းကန်ဆေးတဲ့အခါ ရေပိုက်ခေါင်းကို တောက်လျှောက်ဖွင့်ထားတာက ရေကို အလေအလွင့်ဖြစ်စေပါတယ်။ တစ်ပေါက်ပေါက်စိမ့်ကျနေတဲ့ ရေတိုင်ကီတွေကို အမြန်ဆုံးပြုပြင်ဖို့လိုပါတယ်။ ရုတ်တရက်အားဖြင့် ရေစိမ့်ကျတာက မသိသာပေမဲ့ အချိန်ကြာလာတဲ့အခါ အလွန်များပြားတဲ့ ရေပမာဏကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ရေကိုချွေတာခြင်းဟာ မီးကိုချွေတာခြင်းလည်း ဖြစ်ပါတယ်။
“ရေအသက် တစ်မနက်” ဆိုတဲ့ စကားအတိုင်း လူသားတွေရဲ့ အသက်ရှင်သန်ရေးအတွက် သန့်ရှင်းတဲ့ရေဟာ မရှိမဖြစ်အရေးကြီးပါတယ်။ ဒီလို အရေးကြီးတဲ့ရေကို အလေအလွင့်မရှိအောင် ထိန်းသိမ်းဖို့၊ စနစ်တကျသုံးစွဲဖို့ ကျွန်မတို့တစ်ဦးချင်းစီအနေနဲ့ သတိပြုလုပ်ဆောင်ဖို့ လိုပါတယ်။ ရေချိုအရင်းအမြစ်တွေနဲ့ အဖိုးတန်လှတဲ့ ရေသယံဇာတတွေ ထိန်း သိမ်းရေးအတွက် တာဝန်ရှိသူအသီးသီးကလည်း လုပ်ဆောင်ကြပ်မတ်သွားဖို့ လိုအပ်သလို၊ ရေထုညစ်ညမ်းမှု လျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးမှုတွေလည်း လုပ်ဆောင်ပေးသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
သွေး(စစ်ကိုင်း)
Photo: adobe.com
ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်