ပလတ်စတစ်ပစ္စည်းတွေ ဘာကြောင့် လျှော့သုံးသင့်တာလဲ

နေ့စဉ်နဲ့အမျှ သုံးစွဲနေကြတဲ့ ပစ္စည်းတွေထဲမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေပါဝင်နေပါတယ်။ ဈေးဝယ်သွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ လက်ဖက်ရည်နဲ့ စားသောက်စရာ ဝယ်တဲ့အခါမှာပဲဖြစ်ဖြစ် ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးတာကလည်း ပြောင်းလဲမရနိုင်တော့တဲ့ အလေ့အကျင့်ကြီး ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ အဲဒီပလတ်စတစ် အခြေခံပစ္စည်းတွေဟာ အလွယ်တကူဆွေးမြည့်ဖို့ ခက်ခဲရုံသာမက သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတာကြောင့် လျှော့သုံးဖို့ လိုအပ်ပါတယ်။

ကျမတို့ဆီမှာ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်လောက်အထိ ပလတ်စတစ်ပစ္စည်းတွေကို အခုလို တွင်တွင်ကျယ်ကျယ် မသုံးကြသေးပါဘူး။ ကျမတို့ငယ်စဉ်က လက်ဖက်ရည် သွားဝယ်မယ် ဆိုရင် အိမ်ကနေ ဒန်ချိုင့်လေးယူသွားရတာ မှတ်မိနေပါတယ်။ အဲဒီလိုပဲ ဈေးသွားမယ်ဆိုရင်လည်း ခြင်းတောင်းတစ်ခုယူသွားပြီး ဝယ်လာတဲ့ပစ္စည်းတွေကို ခြင်းတောင်းထဲထည့်ပြီး ယူလာတာပါ။ ဆနွင်း၊ မဆလာလို ဟင်းခတ်အမွှေးအကြိုင်တွေကို သတင်းစာဟောင်း၊ စက္ကူဟောင်းတွေနဲ့ ထုပ်ပိုးကြပါတယ်။ သားငါးတွေကို ငှက်ပျောဖက် ဒါမှမဟုတ် အင်ဖက်နဲ့ ထုပ်ပိုးပေးကြပါတယ်။ ခေါက်ဆွဲကြော်လို စားစရာဝယ်ရင်လည်း အင်ဖက်နဲ့ ထုပ်ပိုးပေးတာကြောင့် အင်ဖက်နံ့ သင်းနေတတ်ပါတယ်။

အဲဒီလို ထုပ်ပိုးမှုတွေရဲ့ အကျိုးကျေးဇူးက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစေသလို အင်ဖက်၊ ငှက်ပျောဖက်တွေဟာ အလွယ်တကူ ဆွေးမြည့်နိုင်တာပါပဲ။ တစ်ဖက်ကလည်း ခြင်းတောင်းတွေကို ဝါး၊ ထန်းလက်နဲ့ နွယ်ပင်တွေနဲ့ ပြုလုပ်ထားတာဖြစ်လို့ သဘာဝဝန်းကျင်နဲ့ လိုက်လျောညီထွေလည်းရှိပါတယ်။ အညာဒေသကအိမ်တွေမှာ သောက်ရေ၊ သုံးရေ ခပ်ဖို့ ရေမှုတ်ကို အုန်းမှုတ်ခွက်နဲ့ပြုလုပ်ပြီး ဆီခပ်ဖို့အတွက် ထန်းစေ့မှုတ်ကို အသုံးပြုတာ မှတ်မိနေပါတယ်။ ပြီးတော့ ဘူးသီးခြောက်ကို အပေါက်သေးသေးဖောက်၊ အတွင်းသား တွေဖယ်ပြီး ရေထည့်သယ်သွားတာမျိုးလည်း ရှိပါတယ်။ ကြေးနဲ့ပြုလုပ်တဲ့ သောက်ရေခွက်တွေကလည်း ကျန်းမာရေးအတွက်ပါ သင့်တော်ပါတယ်။

ပလတ်စတစ်ပစ္စည်းတွေက နေရာယူလာတဲ့ နောက်ပိုင်းမှာတော့ ပလတ်စတစ်သောက်ရေခွက်၊ သုံးရေခွက်တွေ၊ ပလတ်စတစ်ပန်းကန်ပြားတွေနဲ့ ပလပ်စတစ်ရေပုလင်းတွေ တွင် ကျယ်လာရုံသာမက ဘာပဲဝယ်ဝယ် ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလာပါတယ်။ ကြွပ်ကြွပ်အိတ်အပါအဝင် ပလတ်စတစ်ပစ္စည်းတွေကို ရုပ်ကြွင်းလောင်စာအသုံးပြုပြီး ထုတ်လုပ်ရ တာဖြစ်တဲ့အတွက် ကမ္ဘာကြီးပူနွေးမှုကို တစ်ဖက်က အားပေးရာရောက်ပါတယ်။ တစ်နေ့ကို ပစ္စည်းငါးမျိုးဝယ်တယ်ဆိုရင် ကြွပ်ကြွပ်အိတ် ငါးလုံးရတာနဲ့ အတူတူပါပဲ။ ပိုဆိုးတာက နှစ်ပေါင်းရာချီပြီး ကြာမြင့်တဲ့တိုင် ဒီပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်းတွေက ဆွေးမြေ့မှုမရှိရုံသာမက ရေမြောင်းထဲ စည်းကမ်းမဲ့စွန့်ပစ်မိရင် ရေမြောင်းတွေပိတ်ပြီး ရေစီးရေလာ မ ကောင်းတော့ဘဲ ရေလျှံတာတွေ ဖြစ်လာစေတာပါ။

ontarionature.org မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ခုထဲက ပလတ်စတစ်ရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုကို ကောက်နုတ်ဖော်ပြပေးပါမယ်။ တစ်ခါသုံး ပလတ်စတစ်ပစ္စည်း (Single-use Plastics) မှာ ပါဝင်တာတွေက အချိုရည်သောက်တဲ့ ပလတ်စတစ်ပိုက်၊ ပလတ်စတစ်အိတ် (သို့) ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်ဘူး၊ တစ်ခါသုံး သောက်ရေခွက်၊ တစ်ခါသုံး ပလတ်စတစ်ဇွန်းခက်ရင်းတွေ ဖြစ်ပါတယ်။ တချို့သော ပလတ်စတစ်ဘူးတွေဟာ အလုံးစုံဆွေးမြေ့နိုင်ဖို့ နှစ်ပေါင်း ၄၅၀ ကျော်ထိ အချိန်ယူရမှာဖြစ်ပါ တယ်။ ကနေဒါနိုင်ငံမှာတည်ရှိတဲ့ ရေအိုင်တွေထဲကို နှစ်စဉ် ပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်းများစွာ ရောက်ရှိနေပြီး အွန်တေရီယိုရေအိုင်တစ်ခုတည်းကို ရောက်ရှိတဲ့ ပ လတ်စတစ်စွန့်ပစ်ပစ္စည်းက ပေါင် ၃ သန်း (တန်ချိန်အားဖြင့် ၁၃၄၀ တန်နီးပါး) ထိ ရှိပါတယ်။ ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကို ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေက ခြိမ်းခြောက်နေ သလို တစ်ဖက်ကလည်း ရေထုညစ်ညမ်းမှုကိုပါ ဖြစ်ပေါ် စေတာပါ။

ပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်းတွေဟာ ရုပ်ကြွင်းလောင်စာ အခြေခံထုတ်လုပ်ထားတာ ဖြစ်လို့ ကမ္ဘာတဝှမ်း ပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်မှုဖြစ်စဉ်ကနေ ကာဗွန်ဒိုင်အောက် ဆိုဒ် မက်ထရစ်တန် ၁၂ ဒသမ ၅ သန်းကနေ ၁၃ ဒသမ ၅ သန်းထိ ထွက်ပေါ်လာစေပါတယ်။ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ကမ္ဘာ့ရေနံထုတ်လုပ်မှုပမာဏ ရဲ့ ၆ ရာခိုင်နှုန်းသုံးစွဲရပြီး ၂၀၅၀ ပြည့်နှစ်မှာ ၂၀ ရာခိုင်နှုန်းထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၅၀ ပြည့်နှစ်အရောက်မှာ ဖန်လုံအိမ် အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ ဓာတ်ငွေ့ထုတ်လွှင့်မှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းဟာ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်မှုကနေ ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပလတ်စတစ်အိတ်တွေ ဒါမှမဟုတ် ပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းထဲကို ပူပူနွေးနွေးဟင်းတွေ၊ စားစရာတွေ ထည့်လိုက်တဲ့အခါ ပလတ်စတစ်မှာမှာ ပါဝင်နေတဲ့ ဓာတ်တစ်မျိုးက အစားအသောက်ထဲမှာ ပျော်ဝင်သွားပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ မလွှဲသာလို့ အစားအသောက်တွေကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ယူလာခဲ့ရရင်လည်း ပန်းကန်ထဲကို အမြန်ဆုံးပြောင်းထည့်ပြီးမှ စားသောက်သင့်ပါတယ်။ စားသောက်ရာမှာလည်း ပလတ်စတစ်ဇွန်းတွေ၊ ပလတ်စတစ်ပန်းကန်တွေ အတတ်နိုင်ဆုံးမသုံးဘဲ ကြွေပန်း ကန်၊ ကြွေဇွန်း၊ စတီးဇွန်းတွေသုံးတာ ပိုကောင်းပါတယ်။ နောက်ထပ်သတိပြုရမယ့် အချက်တစ်ချက်ကတော့ မယ်လ်မင်း အခြေခံထုတ်လုပ်ထားတဲ့ ပန်းကန်တွေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မယ်လ်မင်းဟာ ပူနွေးတဲ့အစားအသောက်နဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုပြီး အစားအသောက်ကနေ ကျောက်ကပ်ပျက်စီးမှု၊ အသည်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်စေနိုင်လို့ပါပဲ။

ဖော့ဘူးတွေနဲ့ အစားအစာထည့်ယူတာကလည်း လူတွေရဲ့ကျန်းမာရေးအတွက် မသင့်တော်လို့ ရှောင်ရှားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖော့ဘူးတွေကို Expanded Polystyrene – EPS လို့ခေါ်တဲ့ ပလတ်စတစ်တစ်မျိုးကနေ ထုတ်လုပ်ထားတာ ဖြစ်လို့ပါ။ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေတဲ့ Thant Myanmar လူမှုကွန်ရက်စာမျက် နှာမှာ ဖော့ဘူးတွေရဲ့ဆိုးကျိုးတွေ ဖော်ပြထားတာ ဖတ်ရှုရပါတယ်။

“ပူလောင်တဲ့ အစားအသောက်တွေကို ဖော့ဘူးထဲထည့်လိုက်တဲ့အခါ ၎င်း Styrene တွေဟာ အစားအသောက်ထဲ ပျော်ဝင်သွားပြီး လူသားတွေကို အမြင်အကြားဆိုင်ရာ ရောဂါတွေ၊ အာရုံကြောစနစ်နဲ့ မှတ်ဉာဏ်အားနည်းလာတာတွေ၊ မျိုးပွားမှုစနစ်ဆိုင်ရာ ပြဿနာနဲ့ အာရုံစူးစိုက်မှု ကျဆင်းလာစေတာတွေ ဖြစ်စေနိုင်ပြီး အဆိုးဆုံးအနေနဲ့ ကင်ဆာရောဂါနဲ့ ဆက်စပ်ရောဂါတွေထိ ဖြစ်စေနိုင်ပါတယ်”

ဒါကြောင့် ဖော့ဘူးတွေမသုံးဘဲ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ကွမ်းဖတ်ဘူးတွေသုံးစွဲဖို့ Thant Myanmar က အကြံပြုတိုက်တွန်းထားပါတယ်။ ကွမ်းဖတ်ဘူးတွေကို ကွမ်း ပင်ကကြွေကျတဲ့ ကွမ်းလက်တွေကနေရတဲ့ ကွမ်းဖတ်လေးတွေနဲ့ ပြုလုပ်ထားတာပါ။ သဘာဝအတိုင်း ဆွေးမြည့်လွယ်တာက ကွမ်းဖတ်ဘူးတွေရဲ့ အားသာချက် ဖြစ်ပါတယ်။ အ စားအသောက်တွေကို မတတ်သာလို့ ဖော့ဘူးတွေနဲ့ ထည့်ယူလာရတယ် ဆိုရင်တောင် ပန်းကန်ထဲ ပြောင်းထည့်ပြီးမှ စားသုံးသင့်ပါတယ်။ စွန့်ပစ်ဖော့ဘူးတွေကလည်း ဆွေးမြည့်ဖို့ မလွယ်တဲ့အပြင် သဘာဝဝန်းကျင်အတွက် ပြဿနာတစ်ရပ် ဖြစ်လာနေပြီး ရေမြောင်းတွေထဲ စည်းကမ်းမဲ့စွန့်ပစ်မိရင် ရေမြောင်းပိတ်ဆိုစေကာ ရေကြီးရေလျှံဖြစ်စေတာကို ဆက် စပ်တွေ့မြင်နိုင်ပါတယ်။

ကျမကိုယ်တိုင်လည်း ဈေးဝယ်တဲ့အခါ ပလတ်စတစ်အိတ်အသုံးပြုမှု လျှော့ချနိုင်ဖို့ Recycle Bag ကိုယူသွားပြီး အဲဒီအိတ်ထဲကိုပဲ ဝယ်ထားတာတွေ ထည့်ယူပါတယ်။ တစ်နေ့ကို ကြွပ်ကြွပ်အိတ် ငါးလုံးလျှော့သုံးမယ်ဆိုရင် တစ်လကို အလုံး ၁၅၀ လျှော့သုံးပြီးသား ဖြစ်နေမှာပါ။ ဖန်ဘူးအဟောင်းတွေကို သေသေချာချာ သန့်ရှင်းရေးပြုလုပ်ပြီး အခြောက် လှန်းပါတယ်။ အဲဒီဖန်ဘူးထဲကို ဆနွင်း၊ ဆား၊ မဆလာ၊ ပဲ အစရှိတာတွေထည့်တဲ့အတွက် ပလတ်စတစ်ဘူးတွေထက် ပိုပြီးကောင်းမွန်ပါတယ်။ အခုဆိုရင် ဈေးဝယ်စင်တာတွေမှာ ပြန်လျှော်ဖွပ်အသုံးပြုနိုင်တဲ့ ဈေးဝယ်အိတ်တွေ ရောင်းချပေးနေတာမို့ အလွယ်တကူဝယ်နိုင်ပါတယ်။

ontarionature.org မှာ ပလတ်စတစ်လျှော့သုံးဖို့အတွက် “ချည်သားနဲ့ ပြုလုပ်ထားတဲ့ အဝတ်အိတ်တွေကို ပိုသုံးသင့်တယ်၊ ကုန်စုံဆိုင်ကို တစ်ခုခုသွားဝယ်တဲ့အခါ ထည့်ဖို့အိတ်တစ် အိတ် ယူဆောင်သွားသင့်တယ်၊ မီးဖိုချောင်မှာ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေအစား ဖန်ထည် ဒါမှမဟုတ် ကြွေထည်တွေ သုံးသင့်တယ်” လို့ အကြုံပြုထားပါတယ်။ စား စရာတွေကို ငှက်ပျောဖက်နဲ့ ပြန်လည်ထုပ်ပိုးနိုင်မယ်ဆိုရင် ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခါသုံး ဇွန်း၊ သောက်ရေခွက်၊ ဖော့ဘူးတွေအသုံးပြုတာ လျှော့သုံးလေသင့်ရဲ့ ကျန်းမာရေးအတွက်သာမက သဘာဝပတ်ဝန်းကျင်ကိုပါ ကောင်းကျိုးသက်ရောက်မှု များပြားလေလေပါပဲ။ ပလတ်စတစ်ရေဘူးနဲ့ ရေထည့်မယ့်အစား ဖန်နဲ့ ပြုလုပ်ထားတဲ့ဘူးတွေနဲ့ ရေထည့်တာမျိုးက သင့်ကျန်းမာရေးအတွက် ပိုပြီးသင့်တော်ပါတယ်။

ကျမတို့ လူမှုဝန်းကျင်မှာ ပလတ်စတစ်နဲ့ ပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်းတွေ အသုံးများလာနေတာက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာစေပြီး လေထု၊ ရေထုညစ်ညမ်းမှုတွေ လည်း ပိုများလာမှာပဲ ဖြစ်ပါတယ်။ လေထု။ ရေထုညစ် ညမ်းမှုနဲ့ ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ဖို့အတွက် ပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်းတွေကို မဖြစ်မနေ လျှော့သုံးရမှာပါ။ ပလတ်စတစ်ပစ္စည်းတွေကို လျှော့သုံးလာနိုင်တာနဲ့အမျှ ရုပ်ကြွင်းလောင်စာအသုံးပြုမှု လျှော့ချရေးကိုပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသုံးပြုရာမှာ ပေါ့ပါးလွယ် ကူသလောက် အမှုမဲ့အမှတ်မဲ့ စွန့်ပစ်ဖို့လည်း လွယ်ကူလွန်းတဲ့ ပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်း အသုံးပြုမှု လျှော့ချရေးကို တစ်ဦးတစ်ယောက်ချင်းကနေ အားလုံးက တတ်စွမ်းသမျှ လုပ်ဆောင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်းအပ်ပါတယ်။  

သွေး (စစ်ကိုင်း)

Photp: SMCC

#ယနေ့ခေတ်

ပလတ်စတစ်ပစ္စည်းတွေ ဘာကြောင့် လျှော့သုံးသင့်တာလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.