#သွေး(စစ်ကိုင်း)
ကျွန်မတို့ မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ပိုသိသာလာတာက အပူဒဏ်ပိုခံစားလာရတာပါပဲ။ “နွေတောင် မရောက်သေးဘူး … ပူလိုက်တာ” ဆိုတဲ့ ညည်းညူသံကို လူတော် တော်များများဆီက ကြားနေရပါတယ်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ တွေ့ကြုံရနိုင်တယ်လို့လည်း ပညာရှင်တွေက သတိပေးထားကြပါတယ်။
ရာသီဥတုပြောင်းလဲမှု(climate change)ကို မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ တွေ့ကြုံနေရတာ ဖြစ်ပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေကြောင့် ရေကြီးမှု၊ မိုး ခေါင်ရေရှားမှု၊ တောမီးလောင်မှု၊ မုန်တိုင်းတိုက်ခတ်မှုတွေ ပိုဖြစ်လာပြီး အသက်ဆုံးရှုံးမှု၊ အိုးအိမ်ပျက်စီးမှုတွေ ပိုများလာပါတယ်။ ဒါတွေကနေ ကျွန်မတို့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လုပ်ဆောင်နိုင်သမျှအရောတွေကို လုပ်ဆောင်ကြဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာ ပြသနေပါတယ်။
ပထမဦးဆုံး လွယ်လွယ်နဲ့ ဥပမာပေးလို့ရတဲ့ အရာတစ်ခုကတော့ အမှိုက်စွန့်ပစ်မှုပါပဲ။ အမှိုက်တွေကို အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သင့်သလို စနစ်တကျစွန့်ပစ်ရမှာပါ။ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့တော်တော်များများရဲ့ ရေမြောင်းတွေမှာ အမှိုက်တွေနဲ့ ပြည့်နေပါတယ်။ ရေမြောင်းတွေဟာ အမှိုက်စွန့်ပစ်တဲ့ နေရာတွေမဟုတ်ပဲ ရေစီးရေလာ ကောင်းမွန်နေမှသာ မိုးရာသီမှာ ရေကြီးရေလျှံမှုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
ရေမြောင်းထဲ ပစ်ချထားတဲ့ ပစ္စည်းတွေထဲမှာ အများဆုံးတွေ့ရတဲ့ ပစ္စည်းတွေက ကြွပ်ကြွပ်အိတ်၊ ဖော့ဘူးနဲ့ ပုလင်းခွံတွေပဲဖြစ်ပါတယ်။ ကြွပ်ကြွပ်အိတ်သုံးစွဲမှုများပြားလာတာက သဘာဝပတ်ဝန်းကျင်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနေပါတယ်။ ကျွန်မတို့ ငယ်စဉ်တုန်းက ဈေးဝယ်ရင် အိမ်ကနေ ဈေးခြင်းတောင်း ဒါမှမဟုတ် လက်ဖက်ရည်/ကော်ဖီဝယ်ရင် ချိုင့်ယူသွားရပါတယ်။ သား၊ ငါး၊ အသီးအရွက်တွေကို ထုပ်ပိုးရာမှာလည်း ငှက်ပျောဖက်ကိုအသုံးပြုတာများပါတယ်။ ငှက်ပျော်ဖက်က အလွယ်တကူ ဆွေးမြည့်စေနိုင်ပါတယ်။
ကြွပ်ကြွပ်အိတ်တွေဟာ အလွယ်တကူ မဆွေးမြည့်စေရုံသာမက နှစ်ရာချီတဲ့အထိ မဆွေးမြည့်နိုင်လို့ ရေမြောင်းတွေထဲ ရောက်သွားရင် ရေစီးရေလာကို အဟန့်အတားဖြစ်စေပါ တယ်။ ဘာပစ္စည်းပဲဝယ်ဝယ် ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးနေကြတဲ့အတွက် များချင်တိုင်းများလာနေတာပါ။ အဲဒီတော့ ရေမြောင်းထဲကို ကြွပ်ကြွပ်အိတ်သုံးပြီးသားတွေ လုံးဝလွှင် မပစ်ဖို့လိုသလို တစ်ဖက်ကလည်း လျှော့သုံးရမှာပါ။ ကျွန်မကတော့ အိတ်ခပ်ကြီးကြီးတစ်လုံးယူသွားပြီး ဝယ်ထားတဲ့ပစ္စည်းတွေကို အိတ်ထဲထည့်ပါတယ်။ တစ်နေ့ကို ကြွပ်ကြွပ် အိတ် ၅ လုံးလျှော့သုံးဖြစ်ရင် တစ်လမှာအိတ် ၁၅၀ လျှော့သုံးမှာဖြစ်ပါတယ်။ အခုဆို ရင် အဝတ်နဲ့ပြုလုပ်ထားတဲ့အိတ်တွေ၊ Recycle Bag တွေ (ပြန်သုံးနိုင်တဲ့ အိတ်တွေ) အလွယ် တကူဝယ်လို့ရနေပါပြီ။
မြစ်တွေ၊ ချောင်းတွေထဲကို ကြွပ်ကြွပ်အိတ်တွေ ရောက်ရှိသွားတာက ရေနေသတ္တဝါရဲ့ ရှင်သန်မှုကို အများကြီးထိခိုက်စေပါတယ်။ စားစရာအမှတ်နဲ့ မျိုချမိရင် ရေနေသတ္တဝါတွေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ရုံသာမက “ရေထု ညစ်ညမ်းမှု” ကိုပါ ဖြစ်စေနိုင်ပါတယ်။ တချို့သော ဥရောပနိုင်ငံတွေမှာ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေ အသုံးပြုမှုကို ကန့်သတ်လာနေပါပြီ။ တစ်ခါသုံး သောက်ရေခွက်၊ တစ်ခါသုံး အအေးပိုက် …စတာတွေကို ပလတ်စတစ်အခြေခံ ထုတ်လုပ်ထားတာပါ။
တောင်ပေါမြို့တွေမှာပါ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရသလို လူအသက်ဆုံးရှုံးမှုတွေပါ ရှိခဲ့ပါတယ်။ အမှိုက်စွန့်ပစ်မှုအရေးကြီးသလိုပဲ ကျောက်စိမ်းတူးဖော်ရာက ထွက်ပေါ်လာတဲ့ မြေစာတွေကို စနစ်တကျစွန့်ပစ်ရမှာပါ။ ဖားကန့်မှာ ရေကြီးရေလျှံမှုတွေ နှစ်စဉ်နီးပါးဖြစ်ပေါ်နေသလို မြေစာပုံပြိုကျမှုတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ ပျောက်ဆုံးတာ၊ သေဆုံးရတာတွေ ရှိနေပါတယ်။ တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်နေရတာပါ။
“ သစ်တောပြုန်းတီးမှု အဆုံးသတ်ရေးအတွက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ကုလသမဂ္ဂ ရာသီဥတုထိပ်သီးညီလာခံမှာ ကတိကဝတ်ပြုထားကြပေမဲ့ လက်တွေ့မှာ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးပါဘူး”
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ သစ်တောပြုန်းတီးမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရာသီဥတုဖောက်ပြန်မှု၊ ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်လာ စေပါတယ်။ သစ်တောပြုန်းတီးမှု အဆုံးသတ်ရေးအတွက် ကြိုးပမ်းအားထုတ်သွားမယ်လို့ ကုလသမဂ္ဂ ရာသီဥတုထိပ်သီးညီလာခံမှာ ကတိကဝတ်ပြုထားကြပေမဲ့ လက်တွေ့မှာ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးပါဘူး။ မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှုပမာဏ များပြားတဲ့နိုင်ငံထဲ ပါဝင်နေတာကြောင့် သစ်တောပြန်လည်ပြုစုပျိုး ထောင်ရေးတွေ လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။
ကျွန်မတို့ တစ်ဦးချင်းတစ်ယောက်ချင်းအနေနဲ့ လုပ်ဆောင်နိုင်တာကတော့ သစ်ပင်တွေစိုက်ပျိုးဖို့ပါပဲ။ သစ်ပင်တွေ စိုက်ပျိုးရာမှာ ရှင်သန်အောင် စိုက်ပျိုးဖို့လိုသလို သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေးမှာ ဒီရေတောပြန်လည်ပျိုးထောင်ရေးပါ ထည့်သွင်းရပါမယ်။ ဒီရေတောတွေဟာ မုန်တိုင်းဒီရေကို ကုန်းတွင်းမရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တချို့သူတွေက ဒီရေတောရဲ့ တန်ဖိုးကိုနားမလည်ဘဲ ဒီရေတောကအပင်တွေကို ခုတ်လှဲပြီး မီးသွေးဖုတ်ရာမှာ အသုံးပြုကြတာမျိုးကို တားမြစ်သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ သတ္တမမြောက် ဒီရေတောအများဆုံးရှိတဲ့နိုင်ငံလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ သစ်တော၊ သယံဇာတ အကဲဖြတ်ချက် အစီရင်ခံစာအရ သိရတာမို့ ဒီရေတောများများ ပြုစုပျိုး ထောင်နိုင်လေ အကျိုးရှိလေပါပဲ။
သစ်တောပြန်လည်ပြုစုပျိုးထောင်ရေးကနေ ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်လဲ လေ့လာကြည့်ရအောင်ပါ။ မြေဆီကို သန်စွမ်းစေရုံသာမက မြေသားအစိုဓာတ်ကို ထိန်းသိမ်း ပေးပါတယ်။ မိုးရွာချတဲ့အခါ ရေကြီးရေလျှံမှု မဖြစ်ပွားအောင် ရေတိုက်စားမှုမဖြစ်အောင် သစ်ပင်တွေရဲ့အမြစ်တွေက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ် လွှတ်မှုကို လျှော့ချပေးတဲ့အတွက် အပူချိန်လျှော့ချပေးရာရောက်ပါတယ်။ မြို့ပြတွေမှာလည်း Green Area လို့ ခေါ်တဲ့ စိမ်းလန်းတဲ့ဧရိယာတွေ ဖော်ဆောင်ပေးနိုင်ရင် ပိုကောင်း ပါတယ်။
ကမ္ဘာပေါ်မှာ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှုတွေ များပြားလာနေတာ တွေ့ရပါတယ်. ရေအားလျှပ်စစ်၊ လေစွမ်းအင်၊ ဆိုလာစွမ်းအင်တွေက ပြန်ပြည့်မြဲစွမ်း အင်တွေဖြစ်ကြပါတယ်။ ဥရောပနိုင်ငံတွေထဲမှာဆိုရင် အိုက်စလန်း၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နဲ့ လက်ဗီးယားနိုင်ငံတွေက ပြန်ပြည့်မြဲစွမ်းအင် အများဆုံးအသုံးပြုကြောင်း သိရပါတယ်။ ဒီလိုပြန်ပြည့်မြဲစွမ်း အင်တွေ အသုံးပြုလာနိုင်တာနဲ့အမျှ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေတဲ့ ရုပ်ကြွင်းလောင်စာသုံးတာတွေကို လျှော့ချလာနိုင်မှာဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံမှာဆိုရင် ၂၀၁၃ ခုနှစ်က တည်းကစပြီး လေစွမ်းအင် စတင်ထုတ်လုပ်ခဲ့တယ်လို့ The Hill, Government of Iceland က ဖော်ပြထားပါတယ်။ ရုပ်ကြွင်းလောင်စာ သုံးလေလေ “လေထု ညစ်ညမ်းမှု” များ လေလေဆိုတာ သတိပြုရပါမယ်။
မြန်မာနိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင်အတွက် ရင်းမြစ်တွေအများကြီးရှိတာမို့ စနစ်တကျထုတ်လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ရေအရင်းမြစ် တွေကို ချွေတာသုံးစွဲဖို့လိုအပ်ပါတယ်။ ကမ္ဘာပေါ် မှာ တစ်နှစ်ထက်တစ်နှစ် ပူပြင်းလာမှုနဲ့အတူ ရေချိုရင်းမြစ်တွေ ရှားပါးစပြုလာနေပါပြီ။ အဲဒီလို ရေအရင်းအမြစ်တွေ ရှားပါးလာ တာနဲ့အမျှ သန့်ရှင်းတဲ့ သောက်သုံးရေရှိဖို့အတွက်လည်း စိန်ခေါ်မှုတစ်ဖြစ်လာမှာပါ။
မသန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အဲဒီကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကြောင့် ကမ္ဘာပေါ်မှာနှစ်စဉ် လူသိန်းချီ သေဆုံးနေရပါတယ်။ ဒါကြောင့် ရေထုညစ်ညမ်းမှုဖြစ်စေနိုင်တဲ့ အပြု အမူတွေကို ရှောင်ရှားသင့်သလို တစ်ဖက်ကလည်း မလိုအပ်ပဲ ရေပိုက်ခေါင်းကို တောက်လျှောက်ဖွင့်ထားတာ၊ ရေကိုအလွန်အကျွံသုံးတာတွေ မလုပ်သင့်ပါဘူး။ လေဝင်လေထွက် ကောင်းမွန်တဲ့ အခန်းတွေ၊ အိမ်တွေမှာ လေအေးပေးစက်မလိုဘဲ မဖွင့်တာက စွမ်းအင်ချွေတာရာရောက်ပါတယ်။
လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုတွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်မှသာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးစေမှာပါ။ တွေ့ရာနေရာမှာ အမှိုက်စွန့်ပစ်တဲ့ အလေ့အကျင့် ဆိုးကို ဖယ်ရှားပြီး စနစ်တကျ အမှိုက်စွန့်ပစ်မယ်၊ ကြွပ်ကြွပ်အိတ်နဲ့ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ လျှော့သုံးမယ်၊ တတ်နိုင်သရွေ သစ်ပင်တွေစိုက်ပျိုးမယ်၊ ရေအရင်းအမြစ် တွေကို စနစ်တကျသုံးစွဲမယ်၊ စွမ်းအင်ရင်းမြစ်၊ သစ်တောသယံဇာတတွေကို စနစ်တကျ ထိန်းသိမ်းမယ်ဆိုရင် ကျွန်မတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင် ပိုပြီးမပျက်စီးအောင် ပါဝင်ထိန်းသိမ်းရာ ရောက်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
သွေး(စစ်ကိုင်း)
Photo: Voice of Youth
ကျွန်မတို့ကိုယ်တိုင် ပါဝင်ရမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်