YBS ၈၉ ယာဥ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်အုပ်စုက အမျိုးသားတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်

ရန်ကုန်၊ မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် မေ ၁၉ ရက်၊ နံနက် ၈ နာရီ၊ မိနစ် ၃၀ ခန့်က လူငယ်တစ်ဦး ဒဏ်ရာများစွာဖြင့် လမ်းဘေး၌ သတိလစ်မေ့မြောနေကြောင်းသတင်းအရ ကိုပူတူးနှင့်ဘော်ဒါများ ပရဟိတအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းဘေးတွင် သတိလစ်မေ့မြောနေသူ အသက် ၂၀ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် YBS ၈၉ ယာဥ်လိုင်းပေါ်တွင် ဖုန်းနှိုက်ခံရသည့်အတွက် ခါးပိုက်နှိုက်အဖွဲ့နှင့် စကားအခြေအတင်များရင်း ခါးပိုက်နိုက်အုပ်စု၏ ရိုက်နှက်ခြင်းခံရသဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ကိုပူတူးနှင့်ဘော်ဒါများ ပရဟိတအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“နံနက်ရုံးချိန်ဆိုတော့ လူကလဲ တအားကြပ်ပါတယ်။ YBS ယာဥ်လိုင်းပေါ်မှာ ပေါ်တင်ကြီးနှိုက်ခံရပြီး ကိုယ့်ဖုန်းကိုယ်ပြန်ယူတာကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်လုတာသွားကြတာပါ။ အတူလိုက်ပါစီးနင်းတဲ့ ခရီးသည်တွေက ဝိုင်းပြောကြတော့ ဖုန်းအလုခံရတဲ့ကောင်လေးကို ယာဥ်လိုင်းပေါ်ကနေကန်ချပြီး အောက်ရောက်တော့ ခါးပိုက်နှိုက်အဖွဲ့က ဝိုင်းပြီးကန်ကျောက်ထိုးရိုက်ကြပါတယ်” ဟု ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်ရှိ YBS မှတ်တိုင်၌ မျက်မြင်တွေ့ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ခါးပိုက်နှိုက်အုပ်စုအဖွဲ့၏ ဝိုင်းဝန်းရိုက်နှက်ခြင်းခံရသူ အသက် ၂၀ နှစ်(ခန့်မှန်း) ခရီးသည်၏ ခန္ဓာကိုယ်တွင် ညာဘက်ချိုစောင်း ပေါက်ပြဲပြတ်ရှဒဏ်ရာနှင့် မေးစေ့ကွဲရှဒဏ်ရာများဖြင့် သတိလစ်မေ့မြောနေခဲ့ကြောင်း ၎င်းအား ကိုပူတူးနှင့်ဘော်ဒါများ ပရဟိတအဖွဲ့က မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ၅၆၊ YBS ၂၀၊ YBS ၆၁၊ YBS ၄၂၊ YBS ၃၂၊ YBS ၆၅၊ YBS ၇၆ ယာဥ်လိုင်းတို့တွင် နံနက်ရုံးတက်ချိန်နှင့် ညနေရုံးဆင်းချိန်တို့၌ ခါးပိုက်နှိုက်အုပ်စုအဖွဲ့များက ခရီးသည်များထံမှ တယ်လီဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို ခါးပိုက်နှိုက်ခြင်း၊ လုယက်ခြင်းတို့ မကြာခဏပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာမှ ထိရောက်စွာအရေးယူဆောင်ရွက်ပေးမှု အားနည်းနေကြောင်း ရွှေပြည်သာအထည်ချုပ်စက်ရုံမှ အမျိုးသမီးလုပ်သားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

#မြင့်မြတ်အောင်မြင်

ဓာတ်ပုံ – ကိုပူတူးနှင့်ဘော်ဒါများ ပရဟိတအဖွဲ့

#ယနေ့ခေတ်

YBS ၈၉ ယာဥ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်အုပ်စုက အမျိုးသားတစ်ဦးကို ဝိုင်းဝန်းရိုက်နှက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.