ရန်ကုန်၊ ဇန်နဝါရီ ၂
ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း၊ VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းအပါအဝင် အွန်လိုင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ ၁ ရက်တွင် နစကအစိုးရက ပြဋ္ဌာန်းလိုက်သည်။
အဆိုပါဆိုက်ဘာလုံခြုံရေးဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်မည်ဖြစ်ပြီး အဆိုပါဆိုက်ဘာဥပဒေအရ ပြည် တွင်း၌ဖြစ်စေ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ ကျူးလွန်သည့်ပြစ်မှုများ၊ အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း၌ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ်တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည့်ပြစ်မှုများကို ကျူးလွန်လျှင် စီရင်ခွင့်ရှိကြောင်း ဥပဒေတွင်ဖော်ပြထားသည်။
ဆိုက်ဘာဥပဒေအရ ပြစ်မှုနှင့် ပြစ်ဒဏ်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ စီမံထိန်းသိမ်းရန်တာဝန်ရှိသူသည် ဥပ ဒေပုဒ်မ ၁၇ ၊ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက အနည်ဆုံးတစ်လမှ အများဆုံးခြောက်လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်းမှ ကျပ် သိန်းတစ်ရာထက်မပိုသည့် ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
အလားတူ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်မရှိဘဲ ဆောင်ရွက်ပါက ထိုသူကို အနည်ဆုံးတစ်လမှ အများဆုံးခြောက်လထိ ထောင်ဒဏ်၊ ကျပ် ၁၀ သိန်းမှ ကျပ်သိန်းတစ်ရာထက်မပိုသည့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပြီး၊ ပြစ်မှုကျူး လွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်းတစ်ရာအောက်မနည်းသည့် ငွေဒဏ်နှင့် အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်သည်ဟု ဆိုသည်။
ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံများနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များအား လုံခြုံစိတ်ချစွာအသုံးပြုနိုင်ရန်၊ အီလက်ထရောနစ်နည်းပညာများအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာ ဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆိုက်ဘာမှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်၊ ဆိုက်ဘာအရင်းအမြစ်ကိုအခြေခံသော ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်စေရန် ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရသည်။
ဆိုက်ဘာဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်အား ပြည်ပရောက်မြန်မာနိုင်ငံသားက ကျူးလွန်လျှင်လည်း ဆိုက်ဘာဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းကို ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်