TikTok သုံးစွဲမှုပိတ်ပင်ခြင်းက အမေရိကန်နိုင်ငံသားများကို အခက်ခဲဖြစ်လာနိုင်ဟု TikTok အမှုဆောင်အရာရှိချုပ် သတိပေး

ဝါရှင်တန်၊ မတ် ၁၅

အမေရိကန်နိုင်ငံအတွင်း TikTok သုံးစွဲမှုပိတ်ပင်ခြင်းသည် အမေရိကန်နိုင်ငံသားအများအပြား၏ ရှင်သန်နေထိုင်မှုများကို အခက်ခဲများစွာဖြစ်လာစေနိုင်ကြောင်း ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော TikTok ၏ အမှုဆောင်အရာရှိချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံအတွင်း TikTok အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်မည့် ဥပဒေမူကြမ်းကို ခွင့်ပြုလိုက်ပြီးနောက် အမေရိကန်နှင့်တရုတ်နိုင်ငံကြား အငြင်းပွားမှုများ ပိုမိုဖြစ်လာစေခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံခွင့်ပြုခဲ့မည်ဆိုလျှင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဥပဒေအဖြစ် အတည်ပြုသတ်မှတ်ရန် လက်မှတ်ရေးထိုးရမည်ဖြစ်သည်။

TikTok ၏ အမှုဆောင်အရာရှိချုပ်က ရှိုချူက အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခွင့် ပိတ်ပင်တားမြစ်ခြင်းကို ပယ်ဖျက်နိုင်ရန် တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း၊ အမေရိကန်လွှတ်တော်၏ ဆုံးဖြတ်ချက်က စိတ်ပျက်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်မျိုးဖြစ်ပြီး ဆိုးရွားသောအလားလာများ ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ပြောသည်။

၎င်းက “ ဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြောင်းလဲဖို့ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင်တော့ အမေရိကန်နိုင်ငံအတွင်းမှာ TikTok အသုံးပြုခွင့် ပိတ်ပင်သွားတော့မှာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းဟာ အခြားမီဒီယာကုမ္မဏီတွေကို အခွင့်ရေးပိုမိုဖြစ်လာစေနိုင်တယ်။ အဲဒီဥပဒေမူကြမ်းဟာ အမေရိကန်နိုင်ငံအတွင်းမှာ TikTok ကို မှီခိုပြီး အလုပ်လုပ်နေတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ TikTok ကိုအသုံးချပြီး ပျော်ရွင်စရာရှာဖွေနေသူတွေအပြင် ပညာရပ်တွေကိုလေ့လာသင်ယူနေတဲ့ ကျောင်းသားတွေ၊ ဆရာမတွေအတွက်တော့ အခက်ခဲများစွာ ဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံသားအနည်းဆုံး ၃ သိန်းရဲ့ အလုပ်ကိုင်တွေလည်း အခက်ခဲဖြစ်လာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

bgr.com/tech

TikTok သုံးစွဲမှုပိတ်ပင်ခြင်းက အမေရိကန်နိုင်ငံသားများကို အခက်ခဲဖြစ်လာနိုင်ဟု TikTok အမှုဆောင်အရာရှိချုပ် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.