ဘေဂျင်း၊ မေ ၉
တရုတ်နိုင်ငံအခြေစိုက် ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော TikTok ၏ မိခင်ကုမ္မဏီသည် အမေရိကန်အစိုးရကို မေလ ၈ ရက်နေ့တွင် တရားဝင်တရားစွဲဆိုလိုက်ကြောင်း သိ ရသည်။
အမေရိကန်အစိုးရနှင့် လွှတ်တော်တို့သည် TikTok လူမူကွန်ရက်ကို အမေရိကန်နိုင်ငံအတွင်းအသုံးပြုရန် တားဆီးပိတ်ပင်ရန် ကြိုးပမ်းလာခဲ့ပြီးနောက် TikTok ၏ မိခင်ကုမ္မဏီဖြစ်သော ByteDance က အမေရိကန်အစိုးရကို တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရက ကုမ္မဏီအနေဖြင့် TikTok လူမူကွန်ရက်ကို ရက်ပေါင်း ၂၇၀ အတွင်း ပြန်လည်ရောင်းချရန် တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်ကို မလိုက်နာလျှင် TikTok လူမူကွန်ရက်ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံတွင် TikTok လူမူကွန်ရက် အသုံးပြုသူအရေအတွက် လူပေါင်းသန်း ၁၇၀ ကျော်ရှိနေကြောင်း သိရသည်။
TikTok လူမူကွန်ရက်ကိုပိုင်ဆိုင်သောကုမ္မဏီက အမေရိကန်သမ္မတ လက်မှတ်ရေးထိုးသည့် ဥပဒေမူကြမ်းသည် လွတ်လပ်စွာပြောရေးဆိုခွင့်ရှိသည်ဆိုသောအချက်ကို ကာကွယ်ပေးရမည့်ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြောဆိုထားသည်။
၎င်းက “ သမိုင်းမှာတော့ ပထမဆုံးဖြစ်လာခဲ့တယ်။ TikTok လူမူကွန်ရက်ကို ကမ္ဘာတဝှမ်းမှာ လူပေါင်း ၁ ဘီလျံကျော် အသုံးပြုနေချိန်မှာ အမေရိကန်တစ်နိုင်ငံတည်းက TikTok လူမူကွန်ရက်ကို နိုင်ငံအတွင်းအသုံးပြုမှု ပိတ်ပင်တာတွေကို ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့တာပါ။” ဟု ဝေဖန်ခဲ့သည်။
TikTok လူမူကွန်ရက်သည် နိုင်ငံအမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း စိုးရိမ်ရသည်ဆိုသော အမေရိကန်အစိုးရ၏ စွပ်စွဲချက်များက လွတ်လပ်စွာပြောရေးဆိုခွင့်ရှိမှုကိုကန့်သတ်ရန် လုံလောက်သောအကြောင်းပြချက်မဟုတ်ကြောင်း တရုတ်ကုမ္မဏီက ဝေဖန်ထားသည်။
ကောင်းထက်ငွေ
channelnewsasia.com
TikTok လူမူကွန်ရက်၏မိခင်ကုမ္မဏီ ByteDance က အမေရိကန်အစိုးရကို တရားစွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်