တူရာနာ၊ ဒီဇင်ဘာ ၂၂
အယ်ဘေးနီးယားဝန်ကြီးချုပ် ရာမက ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော TikTok ကို အနည်းဆုံး ၂၀၂၅ ခုနှစ်အထိ ပိတ်ပင်သွားဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက် သည်။
အယ်ဘေးနီးယားအစိုးရသည် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ စိတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် TikTok ကို အနည်းဆုံးတစ်နှစ်ခန့် ပိတ်ပင်မည့်အကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အယ်ဘေးနီးယားအစိုးရသည် ကျောင်းသားများဘေးကင်းလုံခြုံမှုရှိစေရန် လုပ်ဆောင်မည့် အစိတ်အပိုင်းအဖြစ် TikTok ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
အယ်ဘေးနီးယားအစိုးရက ၎င်းတို့သည် ကျောင်းသားမိဘများကို ကူညီပေးနိုင်ရန်နှင့် ကျောင်းသားများ၏ပညာရေးကို ပိုမိုစိတ်ဝင်စားလာစေရန်ရည်ရွယ်ပြီး TikTok ကိုပိတ်ပင်သည့်အစီစဉ် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
အယ်ဘေးနီးယားနိုင်ငံတွင် ပြီးခဲ့သောနှစ်က အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး အသတ်ခံရခြင်းနှင့်ပတ်သက်ပြီး လူမူကွန်ရက်အသုံးပြုခြင်းကို အယ်ဘေးနီးယားနိုင်ငံတွင် အငြင်းပွားခဲ့ကြောင်း သိရသည်။
လက်ရှီအချိန်တွင် ကျောင်းတက်နေသော ကလေးငယ်များနှင့်ပတ်သက်ပြီး လူမူကွန်ရက်သုံးစွဲမှုဆိုင်ရာ ဆွေးနွေးမှုများလုပ်ဆောင်နေပြီး TikTok အသုံးမပြုရန် နိုင်ငံအများစုက ဆွေးနွေးနေကြောင်း သိရသည်။
အယ်ဘေးနီးယားဝန်ကြီးချုပ်က “ ဒီပြသာနာဟာ ကျွန်တော်တို့နိုင်ငံက ကလေးငယ်တွေရဲ့ ပြဏနာတွေတင်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ပြဿနာ၊ ကျွန်တော်တို့လူမူအဖွဲ့စည်းရဲ့ ပြဿ နာဖြစ်တယ်။ ဒီပြဿနာဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့လူအဖွဲ့စည်းအတွင်း TikTok လူမူကွန်ရက်က အငြင်းပွားစရာတွေဖြစ်လာနေတယ်။” ဟု ပြောသည်။
သြစတြေးလျအစိုးရသည် ပြီးခဲ့သော နိုဝင်ဘာလအတွင်း နိုင်ငံအတွင်းရှိ အသက် ၁၆ နှစ်အောက် ကလေးငယ်များကို လူမူကွန်ရက်သုံးစွဲခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
TikTok လူမူကွန်ရက်သည် တရုတ်နိုင်ငံအခြေစိုက်ကုမ္မဏီမှ ဖန်တီးထားသော လူမူကွန်ရက်တစ်ခုဖြစ်ပြီး အမေရိကန်က တရုတ်အစိုးရသည် TikTok လူမူကွန်ရက်ကိုအသုံးချပြီး အမေရိကန်နိုင်ငံသားများ၊ အစိုးရအဖွဲ့စည်းများ၏ လျိုဝှက်ချက်များကို ရယူနိုင်ရန်ကြိုးပမ်းနေကြောင်း စွပ်စွဲပြောဆိုထားပြီး၊ နိုင်ငံအတွင်းပိတ်ပင်ရန် ကြိုးပမ်းနေသည်။
ကောင်းထက်ငွေ
straitstimes.com
TikTok ကို ၂၀၂၅ ခုနှစ်အထိ ပိတ်ပင်ရန် အယ်ဘေးနီးယားအစိုးရ ဆုံးဖြတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်