ဝါရှင်တန်၊ မတ် ၁၆
ကမ္ဘာကျော်လူမူကွန်ရက် TikTok ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်လိုက်မည်ဆိုလျှင် TikTok ကုမ္မဏီသည် အမေရိကန်နိုင်ငံနှင့်ပတ်သက်ပြီး ဝင်ငွေအများအပြားထိခိုက်နစ်နာဖွယ်ရှိနေကြောင်း Financial Times က သတင်းထုတ်ပြန်လိုက်သည်။
တရုတ် ByteDance ကုမ္မဏီ၏ လက်အောက်ခံကုမ္မဏီတစ်ခုဖြစ်သော TikTok သည် ပြီးခဲ့သောနှစ်အတွင်း အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံရရှိခဲ့ကြောင်း သိရ သည်။
ByteDance ကုမ္မဏီသည် ပြီးခဲ့သောနှစ်အတွင်း ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၀ ဘီလျံရရှိခဲ့ပြီး၊ ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ဝင်ငွေရရှိမှု မြင့်တက်လာခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ByteDance ကုမ္မဏီ၏ TikTok လူမူကွန်ရက်ကို အသုံးပြုသူအရေအတွက် လူသန်းပေါင်း ၁၇၀ ကျော်ရှိနေပြီး၊ TikTok နှင့်ပတ်သက်ပြီး ရုပ်သံဖိုင်တင်မှုက စံချိန်တင်ခဲ့ကြောင်း သိရသည်။
အမေရိကန် လွှတ်တော်အမတ်များသည် TikTok ကို နိုင်ငံအမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဆိုကာ နိုင်ငံအတွင်းအသုံးပြုခွင့် ပိတ်ပင်တားမြစ်ရန် စီစဉ်လာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် TikTok ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်မည့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ခွင့်ပြုထားပြီး အထက်လွှတ်တော်က ထပ်မံခွင့်ပြုမည်ဆိုလျှင် အမေရိကန်သမ္မတက လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် ပြောင်းလဲမည်ဖြစ်သည်။
တရုတ်အစိုးရသည် အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခွင့် တားမြစ်ချက်များကို စိတ်ဆိုးဒေါသဖြစ်နေပြီး ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။
TikTok ၏ ဝင်ငွေရရှိမှုသည် ကမ္ဘာလူသုံးအများဆုံး မီဒီယာတစ်ခုအဖြစ် သတ်မှတ်ခံထားရသော Facebook ၏ မိခင်ကုမ္မဏီဖြစ်သော Meta ကုမ္မဏီ၏ ဝင်ငွေ နီးပါးရရှိနေကြောင်း သိရသည်။
Meta သည် ပြီးခဲ့သောနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၉၀ ဘီလျံရရှိခဲ့ကြောင်း သိရသည်။
TikTok အမှုဆောင်အရာရှိချုပ်က အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခွင့် ပိတ်ပင်ခြင်းက အမေရိကန်နိုင်ငံသားများကို ထိခိုက်နစ်နာဖွယ်ရှိနေသည်ဟု သတိပေးထားပြီးအမေရိကန်နိုင်ငံအတွင်းရှိ TikTok အသုံးပြုသူများကို အထက်လွှတ်တော်က ပိတ်ပင်တားမြစ်ခြင်းများမလုပ်ဆောင်ရန် ဝိုင်းဝန်းတောင်းဆိုရေးအတွက် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
TikTok ကို အမေရိကန်တွင် ပိတ်ပင်လိုက်မည်ဆိုလျှင် ဝင်ငွေထိခိုက်ဖွယ်ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်