SSPP နှင့် RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်အခြေစိုက် အင်အားကြီးလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား ပစ်ခတ် တိုက်ခိုက်မှုရပ်စဲကြောင်း ယမန်နေ့က တရားဝင်ကြေညာခဲ့ကြောင်း သိရသည်။

ကြေညာချက်တွင် SSPP နှင့် RCSS တို့၏ စည်းလုံးညီညွတ်ရေးကို နှစ်ပေါင်းများစွာမျှော်လင့်နေကြသည့် မိဘပြည်သူအပေါင်းတို့၏ လိုလားတောင့်တမှုနှင့်အညီ ယခုနှစ် ဩဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင်ထုတ်ပြန်သည့် နှစ်ဖက်ဥက္ကဋ္ဌ ကြီးတို့၏ အမိန့်ပြန်တမ်းအတိုင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း၊ နှစ်ဖက် အမျိုးသားညီညွှတ်ရေး ထိခိုက်စေသည့် မီဒီ ယာအသုံးပြုခြင်းအား ပိတ်ပင်တားဆီးခြင်းတို့ကို ယနေ့အထိ နှစ်ဦးနှစ်ဖက်က လိုက်နာဆောင်ရွက်ခဲ့သည်ဟု ကြေညာချက်အရ သိရသည်။

ထို့ပြင် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်တွင် SSPP ဗဟိုဌာနချုပ် ကိုယ်စားလှယ်သုံးဦး၊ RCSS ဗဟိုဌာနချုပ် ကိုယ်စားလှယ်လေးဦးတို့ တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း ကို တရားဝင်သဘောတူညီခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အပစ်အခတ်ရပ်စဲမှုနှင့်ပတ်သတ်၍ SSPP ဘက်မှ ဗိုလ်မှူးကြီးစိုင်းဆုက နှစ်ဖက်ထိတွေ့မှုမရှိစေရန် လုပ်ငန်းအသေးစိတ်အား ဆက်လက်ဆွေးနွေးသွားရမည်ဟု ပြောကြားပြီး၊ RCSS ဘက်မှ ဗိုလ်မှူးခမ်းစံက ရှမ်းလူထု၏တောင်းဆို မှုကြောင့် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယခင်ကဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရခဲ့ပဲ၊ ယခုအကြိမ်တွင်မှ သဘောတူ ညီမှုရရှိခဲ့ခြင်းဟု ပြောကြားကြောင်း သတင်းဌာနအချို့တွင် သတင်းဖော်ပြထားသည်။

အဆိုပါနှစ်ဖွဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာမှုအပေါ် နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားရာတွင် ထိုအဖွဲ့ နှစ်ဖွဲ့အကြား အမြဲတမ်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိရန်နှင့် ပဋိပက္ခများရပ်တန့်ရန် မိမိတို့အနေဖြင့် အမြဲတမ်းကြားဝင် ညှိနှိုင်းစေ့စပ်ပေးခြင်းနှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြားတွင် သတင်းစကားပါးခြင်းများကို အမြဲတမ်းလုပ်ဆောင်လျက်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အပစ်အခတ်ရပ်စဲကြောင်းကြေညာသည့် အဖွဲ့နှစ်ဖွဲ့အနက် RCSS မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေး ထိုးထားသည့်အဖွဲ့ ဖြစ်ပြီး SSPP မှာ NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း အခြေစိုက်သည့် အဆိုပါ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့မှာ နစကမှပြုလုပ်သည့် ငြိမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့လည်းဖြစ်ကြောင်း သိရသည်။

#မောင်ဇော်

Photo – SSPP info , Tai Freedom

ပုံစာ – SSPP နှင့် RCSS တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

#ယနေ့ခေတ်

SSPP နှင့် RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.