SKY Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများရပ်နား

ရန်ကုန်၊ မတ် ၃၁

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့က ပြိုကျပျက်စီးသွားသည့် SKY Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်ကြောင်း ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်သူများထံမှ သိရသည်။ ‌

မတ် ၂၈ ရက်မှ ၃၁ ရက်အထိ အပျက်အစီးများအောက်၌ ပိတ်မိနေသူများအားလုံးကို ရှာဖွေကယ်ဆယ်ရေးများ လုပ်ခဲ့ပြီးဖြစ်သော်လည်း အချို့မှာ အသက်ရှင်လျက်မရှိတော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားရခြင်းဖြစ်ကြောင်း သိရသည်။

“ အဆောက်အဦအောက်တွေမှာတော့ရှိတယ်။ ဒါပေမယ့် အဆောက်အဦကိုဖြိုမှရမယ်။ ဒီတိုင်းထုတ်လို့မရတော့ဘူး။ မနက်ဖြန်ကစပြီး ဖြိုပါမယ်” ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

SKY Villa ကွန်ဒို တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပိတ်မိနေသူများ အသက်ရှင်လျက်မရှိနိုင်တော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားလိုက်ခြင်းဖြစ်ပြီး၊ မြောက်ဘက်ခြမ်းတွင် ယနေ့နံနက်ပိုင်အထိ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျက်စီးအဆောက်အဦများ၌ သေဆုံးသူရာနှင့်ချီရှိနေပြီး ရုပ်အလောင်းများ ပြန်လည်ဖော်ထုတ်သယ်ယူရန် အခက်အခဲများရှိနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

SKY Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများရပ်နား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.