ဓနုဖြူ၊ မတ် ၁၁
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြီးခဲ့သည့်တစ်လအတွင်း NUG, PDF စသည့်အဖွဲ့အစည်းများနှင့် ပတ်သက်နေသည်ဆိုသည့် ဒေသခံအရပ်သား ၁၆ ဦးအထိ ဖမ်း ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ တစ်လအတွင်း ဒေသခံအရပ်သား အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား ၁၄ ဦးကို NUG, PDF စသည့်အဖွဲ့အစည်းများနှင့် ပတ်သက်နေ သည်ဟုဆိုကာ သက်ဆိုင်ရာမှ နေအိမ်များတွင် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ရွာထဲကအိမ်တွေမှာ လာဖမ်းသွားတာ။ ဖမ်းဆီးခံရသူတွေက လူငယ်အမျိုးသားတွေများတယ်။ အိမ်ထောင်သည် အမျိုးသားလူငယ်တွေလည်း အဖမ်းခံရတဲ့အထဲပါတယ်။ အဖေရောအမေပါ အဖမ်းခံရသူတွေလည်းပါတယ်။ မိဘနှစ်ဦးစလုံး အဖမ်းခံရတော့ အခုကလေးတွေအတွက်ပါ အခက်အခဲဖြစ်နေတယ်။ ဖမ်းတဲ့တာဝန်ရှိသူတွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပတ်သက်နေတာကြောင့်တဲ့။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီးနှစ်ဦးသည် လယ်ယာလုပ်ငန်း ၊ ဆိုင်ကယ်ကယ်ရီဆွဲသည့်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အွန်လိုင်းရှော့ပင်လုပ်ငန်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။
“ တစ်လအတွင်းအဖမ်းခံရတဲ့ ဒေသခံအရပ်သား ၁၆ ယောက်က အသက် ၁၆ နှစ်ကျော်ကျော် လူငယ် ၆ ယောက်။ အသက် ၂၀ ကျော်အရွယ် လူငယ် ၈ ယောက်။ အသက် ၃၀ ဝန်း ကျင် ၃ ယောက်ပါ။ သူတို့ကို စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာထိန်းသိမ်းထားတယ်လို့သိရတယ်။” ဟု သက်ဆိုင်ရာနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဓနုဖြူမြို့နယ်တွင် မတ်လပထမအပတ်မှစတင်ပြီး သက်ဆိုင်ရာက လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်မှုမရှိစေရေး၊ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်လာခြင်းမရှိစေရေး၊ဒေသတည်ငြိမ်အေးချမ်းစေရေး စသည့်လုပ်ငန်းများအတွက် ပိတ်ဆိုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
NUG, PDF အဖွဲ့ အစည်းများနှင့် ပတ်သက်သည်ဆိုသည့် ဓနုဖြူဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်